Wednesday, September 26, 2012

၂၁ရာစု ပင်လုံဆိုတာ ဘာလဲ?? by ခွန် ဒီးယမ် on Wednesday, September 26, 2012 at 1:32am ·


"၂၁ရာစု ပင်လုံလို့ ကျမတို့ပြောတာ ဘာရည်ရွယ်ချက် နဲ့ ပြောတာလဲ သိပ်ပြီးတော့ သဘောပေါက်ပုံမရဘူး။ အဓိက ရည်ရွယ်ချက်ကတော့ စစ်မှန်တဲ့ ပြည်ထောင်စု စိတ်ဓာတ်တစ်ခုကို မွေးမြူဖို့ဖြစ်ပါတယ်။ စစ်မှန်တဲ့ ပြည်ထောင်စု စိတ်ဓာတ်ဆိုတာ အခြေခံအားဖြင့် ဘာလဲဆိုတော့ ကျမတို့ ကြားထဲမှာ မတူညီတဲ့ဟာတွေ ဘာပဲရှိရှိ ဒီ မတူညီမှုတွေ အပေါ်မှာ အခြေခံပြီး ညီညွတ်မှုရအောင် လုပ်နိုင်တယ်ဆိုတဲ့ စိတ်ဓာတ်ကိုတော့ ပင်လုံ စိတ်ဓာတ်လို့ ကျမပြောချင်တယ်" (Aung San Suu Kyi) (ဖို့ဝိန်း၊ အမေရိကန်ပြည်ထောင်စု) (25-9-2012)





အမေဒေါ်စုပြောသွားတာကို အရပ်စကားနဲ့ ပြောရရင် "မတူတူအောင် အတင်းလိုက်လုပ်ဖို့ ကျိုးစားမနေနဲ့၊ မတူတဲ့ဟာတွေရှိတဲ့ကြားထဲက ညီညွှတ်အောင်ပဲ လုပ်ကြ" လို့ ဘာသာပြန်လို့ရလိမ့်မယ်။ အမေရိကန်မှာ ကားတစ်စီးရဲ့ အမြင့်ဆုံးအရှိန် သတ်မှတ်ချက်တောင် တစ်ပြည်နယ်နဲ့ တစ်ပြည်နယ် မတူဘူး။ သေနတ်ကိုင်ခွင့်ပေးတဲ့ ပြည်နယ်လဲရှိသလို မပေးတဲ့ပြည်နယ်လဲ ရှိတယ်။ လိင်တူ လက်ထပ်ထိမ်းမြားခွင့်ရှိတဲ့ ပြည်နယ်လဲရှိသလို လူမှုကြင်ဖော်ဆိုတဲ့ အဆင့်လောက်ထိပဲ ခွင့်ပြုထားတာလဲ ရှိတယ်။ သေဒဏ်ကို ကျင့်သုံးတဲ့ပြည်နယ်တစ်ချို့လဲ ခုထက်ထိအောင် ကျန်သေးတယ်။ ကိုယ်ဝန်ဖျက်ချခွင့် တရားဝင်ပေးထားတဲ့ ပြည်နယ်ရှိသလို တရားမဝင်တဲ့ ပြည်နယ်လဲရှိတယ်။ တရားဝင် ခွင့်ပြုထားတဲ့ ပြည်နယ်အချင်းချင်းမှာတောင်မှ သန္ဓေသား ဘယ်နှစ်လသားအထိ တရားဝင် ဖျက်ချနိုင်တယ်ဆိုတဲ့နေရာမှာ တစ်ပြည်နယ်နဲ့ တစ်ပြည်နယ် ခွင့်ပြုထားတာခြင်း မတူဘူး။ အသက်ဘယ်လောက်ကစပြီး အရက်စရောင်းခွင့်၊ ဆေးလိပ်စရောင်းခွင့် ရှိတယ်ဆိုတာလဲ တစ်ပြည်နယ်နဲ့ တစ်ပြည်နယ် မတူဘူး။ အမေစု အခုရောက်နေတဲ့ နယူးယောက်လိုမြို့ဆို အဆောက်အဦးအတွင်း ဆေးလိပ်သောက်ခွင့်မရှိပေမယ့် တခြားပြည်နယ်တွေမှာဆို ဓာတ်လှေကားထဲမှာတောင် သောက်ချင်ရင်သောက်ခွင့်ရှိတယ်။ ဘယ်သူမှ တားလို့ မရဘူး။ အမေရိကန်မှာ ပြည်နယ်အစိုးရဆိုတာ မြန်မာပြည်ထောင်စုအစိုးရလောက်နီးနီး အာဏာနဲ့ လုပ်ပိုင်ခွင့်ရှိတယ်။ သူ့ပြည်နယ်ကို ဖြတ်ပြီး ရေနံပိုက်လိုင်းသွယ်မှာကိုတောင် ပြည်နယ်အစိုးရမကြိုက်ရင် ပြည်ထောင်စုအစိုးရက သွားလုပ်လို့မရဘူး။ ခု မြန်မာကို စလွယ်သိုင်းဖြတ်ပြီး တရုတ်က ဓာတ်ငွေ့ပိုက်လိုင်းဖောက်တော့ လက်ရှိအစိုးရ တားနိုင်စွမ်းရှိလို့လား??




အကြောင်းကြောင်းကြောင့် ခေါင်းဆောင်တွေ ပွင့်ပွင့်လင်းလင်း မပြောသေးပေမယ့် ဒီးယမ်ကတော့ ပြောလို့ ဖြစ်တယ်။ ချင်းစာနဲ့ ကချင်စာ အက္ခရာတွေက အင်္ဂလိပ်စာလုံးတွေနဲ့ မို့လို့ ဆိုပြီး ကိုယ့်စာကိုယ် တရားဝင် သင်ယူခွင့်မပေးတာတွေ၊ ဝစာတွေက တရုတ်စာလုံးတွေမို့လို့ သင်ခွင့်မရှိတာတွေ၊ မြန်မာ့သမိုင်းတစ်လျှောက် မင်းနေပြည်တော်ပေါင်း ၂၀နီးပါးလောက်ရှိခဲ့ရက်သားနဲ့ ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကျငမ်းဆိုတဲ့ စာလုံးကို မန္တလေးနန်းတော်ရဲ့ ဓာတ်ပုံနဲ့ တွဲတွဲပြီး ပြတာတွေ၊ တခြားတိုင်းရင်းသား ဘုရင်တွေရဲ့ နန်းတော်တွေ၊ ဓလေ့ထုံးတမ်းစဉ်လာတွေကိုတော့ တော်ရာ ချောင်ထိုး ဘေးချိတ်ထားပြီး သီဟာသနပုလ္လင်ကြီးကျတော့မှ သမ္မတ ဧည့်ခန်းမအလယ်တည့်တည့်မှာ မျက်နှာပြောင်တိုက် ထည့်ထားတာတွေ၊ အနော်ရထာ မွန်ပြည်ကို ကျူးကျော်သိမ်းပိုက်တော့ ဘုန်းလက်ရုံး ဆန့်တန်းတယ်၊ နိုင်ငံတော် တည်ထောင်တယ်လို့ သုံးပြီး အင်းဝကို ရှမ်းသိမ်းပိုက်တော့ အင်းဝပြည်အားနဲနေတုန်း အခွင့်ကောင်းယူတယ်လို့ သမိုင်းစာအုပ်ထဲ ရေးထားတာတွေ၊ လက်ရှိအစိုးရအဖွဲ့ရဲ့ အရေးပါတဲ့ ရာထူးတွေမှာ တိုင်းရင်းလူမျိုးတွေ တစ်ယောက်တောင် မပါတာတွေ၊ လူနဲစု တိုင်းရင်းသားတွေဟာ အများစု ဗမာတွေလောက် အခွင့်အရေးမရကြပါဘူးဆိုတာကို အမေဒေါ်စုလိုလူကိုယ်တိုင်က ရှင်းရှင်းလင်းလင်း ထုတ်ဖော် ဝန်ခံထားတာကိုတောင် (မနေ့က ဖို့ဝိန်းပွဲ ရုပ်သံ ကြည့်ပြီးတဲ့လူတွေဆို သိပြီးလောက်ရောပေါ့) ဘူးခံငြင်းချင်သေးတာတွေ၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု တည်ဆောက်ဖို့ဆိုတဲ့ ခေါင်းစဉ်အောက်မှာ တစ်တိုင်းပြည်လုံးက လူမျိုးပေါင်းစုံကို မတူတူအောင် အတင်း ညှိယူနေတာတွေ (ဥပမာ နွေမှာတောင် အရမ်းချမ်းတဲ့ ရှမ်းတောင်၊ ကချင်တောင်ပေါ်နဲ့၊ ချင်းတောင်တန်းတွေပေါ်က မြို့တွေမှာ မြန်မာ့ရိုးရာဆိုတဲ့ ခေါင်းစဉ်ကြီး အတင်းတပ် မြန်မာ့ရိုးရာမဟာသင်္ကြန် ဆိုပြီး အစိုးရဦးဆောင် အတင်းလုပ်နေတာတွေ၊ (အဲ့လိုကြေးဆို ကရင် ဝါးညှက်ပွဲတို့ ချင်း ကောက်သစ်စားပွဲတို့ကျတော့ အစိုးရဦးစီးပြီး နိုင်ငံနဲ့ အဝှမ်း ဘာကြောင့် လုပ်မပေးသလဲဆိုတာ မေးစရာ ဖြစ်လာပြီ)၊ ပြည်ထောင်စုတစ်ခုလုံးနဲ့ ဆိုင်ပါတယ်လို့ ကြွေးကြော်ထားတဲ့ လွှတ်တော်ကို ဆောက်တော့ မြန်မာဘုရင်တွေရဲ့ ရိုးရာ ကနုတ်တွေနဲ့ ပဲ တန်ဆာဆင်ပြီး ဆောက်တာတွေ (အတွင်းမှာလဲ မြန်မာ့ရိုးရာဆွမ်းအုပ်ပုံ ရုပ်ထုအကြီးစားတစ်ခု ဆောက်ထားသေးတယ်၊ ဆွမ်းအုပ်ကို မြင်တောင် မမြင်ဖူးတဲ့ ပြည်တောင်စုသားတွေ ပုံလို့)၊ လွှတ်တော်ရဲ့ ရှေ့တည့်တည့်မှာ ကုန်းဘောင်ဘုရင် လွှတ်တော်မှာသုံးတဲ့ ရွှေကျိုင်းကြီး ထမ်းထမ်းလာတာတွေ.... ဆက်ပြောရင် C60 ၂ခွေစာလောက် ပြောလို့ရသေးတယ်။



ပြောချင်တာက တန်းတူညီမျှအောင်လို့ဆိုပြီး ရှိသမျှ ၁၃၅ မျိုးလုံးရဲ့ ရိုးရာတွေအားလုံး အကုန်လိုက်ပြီး လေးစားပေးဖို့ ထည့်သွင်းပေးဖို့ မတောင်းဆိုပါဘူး၊ အဲ့လိုသာဆို လွှတ်တော်အမိုးပေါ်မှာ ငှက်အတောင်မွှေးတွေရော၊ ကျားအစွယ်ပုံတွေ၊ ဝက်အစွယ်ပုံတွေ၊ ဖားစည်ပုံတွေ၊ ကနုတ်တွေ အကွက်တွေနဲ့ ကြည့်လို့ ကောင်းမယ်မထင်ဘူး။ ငွေစက္ကူတွေမှာလဲ မနောကွက်တွေ၊ ရှမ်းအိုးစည်တွေ၊ ဟင်္သာတွေနဲ့ ပွစာကြဲသွားမယ်။ ဖြစ်သင့်တာက ဘယ်သူ့ ရိုးရာ ထုံးစံကိုမှ ပြည်ထောင်စုတစ်ခုလုံးနဲ့ သက်ဆိုင်သရောင်ရောင် ညစ်ကွက်ဖမ်းပြီး နိုင်ငံရေး အမြတ်မထုတ်ကြဖို့ပဲ (ဘုန်းတော်ကြီးကျောင်းတွေမှာ ကနုတ်တွေနဲ့၊ ဗုဒ္ဓဝင်ရုပ်လုံးရုပ်ကြွတွေနဲ့ တန်ဆာဆင်တာမျိုးကိုတော့ ဘယ်တိုင်းရင်းသားကမှ မလိုလားနိုင်ပဲ မရှိလောက်ပါဘူး၊ ပြည်ထောင်စုတစ်ခုလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေကိုသာ အဓိကထား ပြောနေရတာ)ရခိုင်ပြည်နယ်မှာ ဓာတ်ငွေ့တွေ သေလောက်အောင်ထွက်ပြီး ရခိုင်သားတွေ လျှပ်စစ်မီတာ ၁ယူနစ် ၅၀၀ ပေးသုံးရတယ်ဆိုတာ လူကြားလို့တောင် မကောင်းဘူး။ တစ်ကယ်လို့ ရခိုင်ပြည်နယ်ကို ရခိုင်လူမျိုးကပဲ ထိရောက်ကျယ်ပြန့်တဲ့ လုပ်ပိုင်ခွင့်နဲ့ စီမံခန့်ခွဲနိုင်မယ်ဆိုရင် ဒီလို ရုပ်ပျက်ဆင်းပျက်တွေလဲ ဖြစ်နေစရာ အကြောင်းမရှိတော့ဘူး။ သူစိမ်းကကိုယ့်ကို ချစ်တယ်ဆိုတာ အမျိုးချင်းချင်း မုန်းသလောက်ပဲရှိပါသေးတယ်။



ကိုယ်ပိုင်အုပ်ချုပ်ခွင့် တန်းတူညီမျှရေးလို့ စကားလေး နဲနဲဟလိုက်မိတာနဲ့ "ခွဲထွက်ချင်လို့လား၊ ခွဲထွက်တော့မှာလား၊ ခွဲမထွက်ကြပါနဲ့၊ မြေပုံလေး ပိန်ချိုင့်သွားပါဦးမယ်" ဆိုတဲ့ စကားလုံးတွေနဲ့ ပဲ ကလေးအငိုတိတ်အောင် ဒေဝေါကြီးနဲ့ ချောက်သလို အပေါက်မျိုးတွေ လုပ်တာ ရပ်တန့်သင့်နေပြီ။ ကိုယ်ပိုင်အုပ်ချုပ်တာနဲ့ ခွဲထွက်တာနဲ့ ဘာမှ မပက်သက် မသက်ဆိုင်မှန်း မသိတာလဲ မဟုတ် သိသိရက်ကြီးတွေနဲ့ ခုလိုဆက်ပြောနေကြတာ နားမလည်နိုင်တော့ဘူး။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ တန်းတူညီ မျှရေးဆိုတာတွေ တကယ်အပြင်မှာ အလုပ်ဖြစ်ပါ့မလားဆိုရင် အမေစု အခုရောက်နေတဲ့ အမေရိကန်ပြည်ထောင်စုက အကောင်းဆုံး ဥပမာပဲပေါ့။



(စကားစပ်လို့ ပြောရရင် ဘဘဦးဝင်းတင်လို ဝါရင့် သမ္ဘာရင့် နိုင်ငံရေးသမားကြီးအပါအဝင် မြန်မာ့နိုင်ငံရေးလောကအပေါ်မှာရော အဖွဲ့ချုပ်အပေါ်မှာပါ အထူးဩဇာညောင်းတဲ့ CRPP အဖွဲ့ဝင်တွေကိုယ်တိုင် ရွေးချယ် နာမည်ပေးထားတဲ့ "ဒုတိယပင်လုံ"ဆိုတဲ့ နာမည်ကို "၂၁ရာစု ပင်လုံညီလာခံ" လို့ ပြောင်းခေါ်ဖို့ အကျယ်ချုပ်က လွတ်လာလာချင်း မဆိုင်းမတွ အမေဒေါ်စု တိုက်တွန်းလိုက်ကထဲက ဒါ သက်သက် တိုက်ဆိုင်သွားတာပါလို့ ဘယ်တုန်းကမှ ဒီးယမ် မတွေးခဲ့ဖူးဘူး။ ဒါပေမယ့် ဘာ့ကြောင့်ခုလို ပြောင်းခေါ်စေချင်ရသလဲဆိုတာ အမေစုကိုယ်တိုင်က ခုလောက်ရှင်းရှင်းကြီး တစ်ခါမှ မပြောဖူးသေးလို့ ဒီးယမ်လဲ ငြိမ်နေခဲ့ရတာ။ နောက်ဆုံးတော့ ဒီးယမ်ထင်တာ မလွဲပါဘူး။ အမေစုရဲ့ နက်ရှိုင်း ကျယ်ပြန့်တဲ့ အမျှော်အမြင်ရှိမှုအပေါ် ဘယ်တုန်းကမှ သံသယ မဖြစ်ခဲ့ဖူးသလို ဒီတစ်ခါလဲ လက်ဖျားခါလောက်အောင် လေးစားစိတ်တွေသာ တိုးတိုးပြီး လာတော့တယ်)





"၂၁ရာစု ပင်လုံလို့ ကျမတို့ပြောတာ ဘာရည်ရွယ်ချက် နဲ့ ပြောတာလဲ သိပ်ပြီးတော့ သဘောပေါက်ပုံမရဘူး။ အဓိက ရည်ရွယ်ချက်ကတော့ စစ်မှန်တဲ့ ပြည်ထောင်စု စိတ်ဓာတ်တစ်ခုကို မွေးမြူဖို့ဖြစ်ပါတယ်။ စစ်မှန်တဲ့ ပြည်ထောင်စု စိတ်ဓာတ်ဆိုတာ အခြေခံအားဖြင့် ဘာလဲဆိုတော့ ကျမတို့ ကြားထဲမှာ မတူညီတဲ့ဟာတေ...

No comments:

Post a Comment

mr.kyaingtun@gmail.com