Tuesday, September 25, 2012

ပြည်ထောင်စုမှ ခွဲထွက်ခွင့် . . .ဆိုတာနဲ့ပါတ်သက်လို့. . ./Posted by ချိုတူးဇော်။



အဲဒီမြေပုံကို ကြည့်ပါ။
တကယ်တမ်းခွဲထွက်ကြမယ် ဆိုရင် အဲဒီလောက်တောင် ကပါ့မလား လို့ တွေးမိတယ်။
အဲဒီမြေပုံမျိုးကို ခင်ဗျားတို့ တကယ်မလိုချင်ဘူး ဆိုရင်ဖြင့်. .
ဒီလို အစိတ်စိတ်အမွှာမွှာ မကွဲဖို့ဆိုရင်ဖြင့်၊
တိုင်းရင်းသားတွေကို တန်းတူညီမျှ အခွင့်အရေးတွေနဲ့
သူတို့ကျေနပ်စေမယ့် အဆင့်အတန်းတွေနဲ့ တွေ့ဆုံးဆွေးနွေးမှုတွေနဲ့
နိုင်ငံရေးဆွေးနွေးမှုတွေ လုပ်ဖို့လိုတယ် ဆိုတာကို သိဖို့ပဲ မျှော်လင့်ပါတယ်။

မွေးရာပါ အခွင့်အရေး ဆိုတာ
လူတဦးချင်းအနေနဲ့ပဲ ဖြစ်ဖြစ်၊
လူမျိုးစု တစုချင်းအနေနဲ့ပဲ ဖြစ်ဖြစ်. . .ရှိပါတယ်။ ဒါကို အရင်ဆုံး အသိအမှတ်ပြု လေးစားဆက်ဆံမှ စကားပြောလို့ရမှာပါ။

နိုင်ငံသားတယောက်ကို အာဏာပိုင်တယောက်က ဘာပြစ်မှုတစုံတရာမှ မရှိဘဲ ချုပ်ချယ်
ဖိနှိပ်ဆက်ဆံလို့မရသလိုဘဲ၊
ပြည်ထောင်စု ဆိုတာလည်း လူမျိုးစုတစုစီကို ဖိနှိပ်ချုပ်ချယ်ထားရာ မဖြစ်စေရပါဘူး။
လူမျိုးစုတိုင်းကို အခွင့်အလန်းတွေ တန်းတူညီမျှ ဆောင်ကြဉ်းပေးရာ ပဲ ဖြစ်ရပါစေမယ်။

အမွေဆိုင်အိမ်လို့ သဘောထားရင် သူတို့ရဲ့ အမွေရပိုင်ခွင့်ကို တရားဝင်အသိအမှတ်ပြု
ရမှာက သပ်သပ်၊ ဥမကွဲသိုက်မပျက်အဲဒီအိမ်ကြီးထဲ တမိုးအောက်ဆက်နေကြဖို့ ဆုံးဖြတ်တာကသပ်သပ်၊ သပ်သပ်စီပါ။

ပို့စ်အဟောင်းမှာတုန်းက အဓိကထောက်ပြခဲ့တာလေးတွေကို သိသာမြင်သာအောင် ပြန်
ကောက်နှုတ်တင်ပြပါတယ်။

စစ်အင်အားကြီးနဲ့ ချုပ်ထိန်းထားလို့ နေနေကြတာ ကောင်းတယ် လို့ ခင်ဗျားတို့ ထင်သလား လို့ပဲ မေးချင်ပါတယ်။ နောက်ထပ် ဘယ်နှနှစ်ဆက်သွားကြမလဲ အဲဒီလို ပုံစံနဲ့။ အဲဒါထက်ဆိုးတာဘာလဲသိလား။ တိုင်းရင်းသားတိုင်းရဲ့ အငုံ့စိတ်တွေမှာ ဗမာ ဆို မုန်းတဲ့ စိတ်ဝင်နေကြတယ်။ ခင်ဗျားတို့ ကစစ်တပ်ကို ခွဲပြောပါ၊ ဘာပဲပြောပြော၊ အစိုးရကို ခွဲပြောပါ ဘာပဲပြောပြော တိုင်းရင်းသားတိုင်းဟာ ဗမာကို တူညီစွာမုန်းကြတယ်။ အဲဒါဟာကောင်းတဲ့ လက္ခဏာလို့ ခင်ဗျားတို့ထင်ပါသလား။
လူမျိုးတမျိုးရဲ့ စိတ်ထဲမှာ လူမျိုးတမျိုးကို မုန်းတီးနေတယ်ဆိုတာ မုန်းတဲ့လူမျိုးရော၊ အမုန်းခံရတဲ့လူမျိုးကော အကျိုးမဲ့စေတယ်။ ဒီမြေ ဒီရေပေါ်မှာ အမုန်းတရားတွေနဲ့ နှစ်ပေါင်းရာချီတော့မယ်။ ဒါကို ခင်ဗျားတို့ မသိလိုက်ဖါသာနဲ့ မနေကြပါနဲ့။ မွေးလာတဲ့ ကလေးတွေက ကြီးလာရင် လက်နက်ကိုင်မယ် ဗမာတွေကို သတ်မယ် လို့ပြောတာကို ခင်ဗျားတို့ပြန်ဖြေရှင်းကြဖို့ ကြိုးစားကြ
ဖို့ပဲ မျှော်လင့်ပါတယ်။
သူတို့ကိုယ်တိုင်ကြည်ကြည်ဖြူဖြူ ယုံယုံကြည်ကြည် လက်ခံ ဖို့အတွက်နိုင်ငံရေးဆွေးနွေးမှု လိုပါတယ်။ ကျနော့် တည်ဆောက်စေချင်တာက တိုင်းရင်းသားတွေကိုယ်တိုင်က အကျိုးအမြတ်ရှိတယ်လို့ ယုံယုံကြည်ကြည်နဲ့ ကိုယ့်ကိုယ်ကိုယ် ပြည်ထောင်စုအနေနဲ့ ဆက်ပေါင်းမှ ဆက်ပါ မှ ပိုအကျိုးများမယ်လို့ ယုံကြည်စိတ်နဲ့ကိုပေါင်းထားတဲ့ ပြည်ထောင်စု ဖြစ်စေချင်တာပါ။နိုင်ငံရေး နည်းအရ ဖြေရှင်းဖို့ဆိုတာ ဒါပါပဲ။ဒီလိုဖြေရှင်းတဲ့တိုင်အောင် သူတို့က
ဆက်မနေချင်တော့ဘူးဆိုရင်ကော လို့လည်း စဉ်းစားပါဦးလေ။ စဉ်းစားဖို့ပြောတာပါ။
သူတို့တွေ ဆက်နေဖို့အတွက် ကချင်ကလေးတယောက်မွေးလာတိုင်း သူဟာ သူ့တိုင်းနယ်နမိတ်ကို ဗမာတွေ သိမ်းပိုက်ခံထားရတယ် ပြန်ပြီးလွတ်လပ်ရေးရအောင် လုပ်ရမယ် လို့ အသိစိတ်မျိုးနဲ့ ကြီးပြင်းလာတဲ့ဘ၀ ကနေ၊သူ့တိုင်းနယ်နမိတ်ဟာ မြောက်ဘက် နောင်မွန်းကနေ၊
တောင်ဘက် ကော့သောင်းထိ ပိုင်ဆိုင်တယ်၊ အရှေ့ဘက် တာချီလိတ်ကနေ အနောက်ဘက် မောင်တော ထိ ပိုင်ဆိုင်တယ် ဆိုတဲ့ အသိစိတ်နဲ့ လုံခြုံမှုအပြည့်နဲ့၊ နေထိုင် နိုင်မှုကို ပဲ တည်ဆောက်ရမှာပါ။)

အချုပ်အားဖြင့်တော့ ခွဲထွက်ရေးဆိုတာ လူမျိုးစုများရဲ့ ပြည်ထောင်စုမွေးရာပါအခွင့်အရေးပါ။
ဒါကို အသိအမှတ်ပြုဖို့လိုသလို၊ အသိအမှတ်ပြုရင် လက်ရှိတိုင်းရင်းသားအဖွဲ့အစည်း
အသီးသီး တောင်းဆိုနေတဲ့ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုအတွက် ခင်ဗျားတို့
လက်မခံလို့မရ၊ လက်ခံမှ ရတော့မယ် ဆိုတာကို ထောက်ပြလိုပါတယ်။

တိုင်းရင်းသားတွေအပေါ်မှာစစ်ရေးနဲ့ ဆက်လက် ဖြေရှင်းနေတာဟာ ပဒေသရာဇ်လက်ထက်က သမိုင်းကြောင်းအတိုင်းပဲ၊ ဘာမှ ထူးခြားပြောင်းလဲမှုကို မဖေါ်
ဆောင်နိုင်သေးကြောင်းပြနေတာပါ။

ဒီ့အတွက် နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းဖို့လိုတဲ့ "ဒုတိယ ပင်လုံညီလာခံ" ကို အမြန်
ဆုံး ခေါ်ဖို့လိုအပ်ပါတယ်။
တိုင်းရင်းသားအဖွဲ့အစည်းပေါင်းစုံနဲ့ နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ပေးဖို့လိုပါ
တယ်။
ဒီ့အတွက် အနှောင်အဖွဲ့ဖြစ်စေမယ့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကိုလည်း ပြင်ဆင်
ဖို့လိုပါတယ် ဆိုတာကိုသာ ထောက်ပြပြောဆိုလိုက်ပါတယ်။

ချိုတူးဇော်

(ဆက်လက်ဆွေးနွေးတင်ပြပါဦးမယ်)
ဘင်္ဂါလီကိစ္စနဲ့မသက်ဆိုင်ပေမဲ့ စိတ်ဝင်စားစရာကောင်းပြီး တိုင်းပြည်အတွက် အရေးကြီးတယ်ထင်တဲ့ ပြည်ထောင်စုကခွဲထွက်ရေး နဲ့ပတ်သတ်တဲ့ စိတ်ဝင်စားစရာ အမြင်နှစ်ခုကို ဘကတအဖွဲ့မ...

No comments:

Post a Comment

mr.kyaingtun@gmail.com