Friday, June 19, 2020

ဂျပန်ခေတ် ကရင့်အခြေအနေအပိုင်း၂


ဂျပန်ခေတ် ကရင့်အခြေအနေအပိုင်း၂

- ၁၉၃၆ မေလ ၄ရက်နေ့တွင် အင်းဒီးယားနိုင်ငံအဂ္ဂရာမြို့ (Agra) ရှိ King's Own Yorkshire Light Infantary (KOYLI) တပ်ရင်း (၂) တွင်တာဝန်ထမ်းဆောင်နေသောကရင်အမျိုးသား ဒုဗိုလ်စမစ်ဒွန်းကို
အမှတ်၁ ပန်ဂျပ်တပ်မဟာတွင် ဗိုလ်အဆင့်ရာထူးတာဝန်အပ်နှင်းသည်။
- စမစ်ဒွန်းပန်ဂျပ်တပ်မဟာသည် ၁၉၃၆မှ၃၇အတွင်း အင်းဒီးယားအရှေ့မြောက်ပိုင်းအား ထိုးစစ်စဆင်လာသည့်ဂျပန်တပ်များကိုခြေမှုန်းတိုက်ခိုက်ရာတွင်အဓိကအခန်းကပါဝင်ခဲ့သည်။ 
-၁၉၄၂တွင် ဂျပန်တပ်မ ၁၈,၃၃,၅၅နှင့် ၅၆တို့ကစစ်အင်အား ၈၅၀၀၀ဖြင့်ဗမာပြည်စစ်မျက်နှာကိုအဓိကထားသည့်ထိုးစစ်အသစ်စတင်သောကာလတွင်ဗိုလ်မှူးစမစ်ဒွန်းကိုဗြိတိသျှအင်းဒီးယားတပ်မှဗမာပြည်သို့ ပြောင်းရွှေ့တာဝန်ပေးအပ်သည်။ 
- ထိုကာလသည်ဗြိတိသျှခေတ်စစ်အေးငြိမ်းချမ်းကာလပေါ်လစီအရစစ်အင်အားလျှော့ချထားသောအချိန်ဖြစ်သဖြင့် ဗမာပြည်တွင် စမစ်ဒွန်းပါဝင်သောကရင်အမျိုးသားစစ်သည်အများစုဖြင့်ဖွဲ့စည်းသည့် Burma Rifle တပ်ရင်း ၄ ရင်းအပါအဝင်စစ်ရဲတပ်ဖွဲ့တာဝန်ပေးအပ်ထားသည့် ဂေါ်ရခါးနှင့်အင်းဒီးယားတပ်ရင်း၆ရင်းသာရှိသဖြင့် စုစုပေါင်းအင်အား၅၀၀၀ မျှသာရှိသည်။ 
-ဗမာပြည်ရှိထိုတပ်များကို အင်းဒီးယားရှိ ဗြိတိသျှအင်ဒီးယား တပ်မတော်( British Indian Army လက်အောက်ခံ ဗမာပြည် အမှတ်(၁) တပ်မ (1st Burma Division)၏ ကွပ်ကဲမှုအောက်တွင်ထားရှိသည်။ အရှေ့တောင်တိုင်းတွင်လည်းယင်း(British Indian Army လက်အောက်ခံ အမှတ်(၁၇) အင်းဒီးယားတပ်မ၏ ကွပ်ကဲမှုအောက်တွင်ထားသည်။ တပ်မဖြစ်သော်လည်း တိုက်ခိုက်ရေးထက် ရုံးလုပ်ငန်းအင်အားမျှကိုသာထားရှိခြင်းဖြစ်သည်။

ဂျပန်ခေတ် ကရင့်အခြေအနေ

ဂျပန်ခေတ် ကရင့်အခြေအနေ

- ၁၉၄၀ ဇွန်လ ၂၂ရက်၌ ပြင်သစ်က ဂျာမန်အား Armistice စစ်ရပ်စဲရေးစာချုပ်လက်မှတ်ထိုးခါ အရှုံးပေးလိုက်သည်။(မျက်မှောက်မြန်မာတွင် NCA ကိုတန်ခါးဖွင့်ပေးသည့် ဗမာ့တပ်မတော်သည်လည်း ယင်း  Armistice နည်းနာကိုဦးတည်ထားခြင်းဖြစ်သည်)။ 
-၁၉၄၀ စက်တင်ဘာ၂၅ တွင် ဂျပန်တပ်များက အင်ဒိုချုင်းနားမြောက်ပိုင်းကိုဝင်ရောက်လိုသည့်ဆန္ဒကို  ပြင်သစ် Vichy အစိုးရကခွင့်ပြုလိုက်ရသည်။ ဤသို့ဖြင့်မဟာမိတ်တပ်များကတရုတ်သို့  ဟောင်ကောင်မြစ်ဝကျွန်းပေါ်မှတဆင့်သော်လည်းကောင်း ဆောက်လုပ်နေဆဲ Burma road မှသော်လည်းကောင်းစစ်ကူများဆက်သွယ်ပို့ဆောင်မည့်လမ်းကြောင်းကြီး၂ခုကိုဂျပန်တပ်များကပိတ်ဆို့လိုက်နိုင်သည်။ ထိုအချိန်တွင်ထိုင်းနိုင်ငံမှာ ရှိရင်းအနောက်ဗြိတိသျှနယ်ချဲ့နှင့် ဒီလှိုင်းသဖွယ်အားကောင်းသောအရှေ့တိုင်းဂျပန်နယ်ချဲ့များအကြားညှပ်မိနေသည့်အနေအထားသို့ရောက်သည်။
-၁၉၄၀ စက်တင်ဘာ ၂၇တွင် ဂျပန်မင်းသားကြီးခါးနိုအေ (Kanoye) အစိုးရ က ဂျာမန်၊ အီတလီတို့နှင့်ဘာလင်စာချုပ်( Barlon Pack)ကိုချုပ်ဆိုခါမိတ်ဖွဲ့လိုက်သည်။ 
-၁၉၄၀ နိုဝင်ဘာလတွင် ဗြိတိသျှမဟာမိတ်က စင်ကပူတွင်အရှေ့ဖျားစစ်ဌာချုပ်ကိုဖွင့်လှစ်သည်။
-ထိုအချိန်တွင်ဗြိတိသျှရေတပ်က ဘင်္ဂလားပင်လည်ကွေ့ကိုထိမ်းချုပ်ထားသဖြင့်ဂျပန်တပ်များရေကြောင်းမှဝင်ရောက်တိုက်ခိုက်နိုင်သည့်အနေအထားမရှိသဖြင့်စစ်မဲ့ငြိမ်းချမ်းကာလ မြန်မာပြည်တွင်း၌ ခြေလျှင်တပ်ရင်း ၂ခုသာထားရှိသည်။
- အဆိုပါ ဗြိတိသျှတပ်ရင်း ၂ရင်းမှာ  မန္တလေးနှင့်မေမြို့တွင်စခန်းချထားသည့်King's Own Yorkshire Light Infantary
(KOYLI) တပ်ရင်း (၂) နှင့်  မင်္ဂလာဒုံနှင့်ရန်ကုန်တွင် စခန်းချထားသည့် Gloucestershire တပ်ရင်း (၁) တို့ဖြစ်ကြသည်။ 
-မြန်မာကိုလိုနီအတွက်ဖွဲ့စည်းထားသောတပ်ကိုမူ Burma Rifle ဟုအမည်ပေးထားသည်။ ဗမာပြည်ကိုအင်းဒီးယားနိုင်ငံ၏ပြည်နယ်တခုအဖြစ်မှခွဲထုတ်ပေးသည့် ဧပြီလ ၁ရက် ၁၉၃၇ ခုနစ်တွင် အင်းဒီးယားတပ်ရင်းတခုမှလွှဲပြောင်းဖွဲ့စည်းပေးခဲ့ခြင်းဖြစ်သည်။
-၁၉၃၉ ခုနှစ်၌ယင်း Burma Rifle တွင် တပ်ခွဲ ၄ခွဲစီရှိသောတပ်ရင်း ၄ ရင်းရှိသည်။ တပ်ရင်းတရင်းဆီကို ကရင်တပ်ခွဲ ၂ခွဲစီ၊ ကချင်နှင့်ချင်းတပ်ခွဲတစ်ခွဲစီဖြင့်ဖွဲ့စည်းထားသည်။
- Burma Frontier Force ခေါ်နယ်ခြားတပ်ရင်း ၆ရင်းကိုလည်းစစ်ရဲ အကူတပ်များအဖြစ်  ဂေါ်ရခါး(နီပေါ) နှင့် အင်းဒီးယားအမှုထမ်းများဖြင့်ဖွဲ့စည်းပေးထားသည်။(ဆက်ပါဦးမည်)ပုံ၁၊ ဤပထမအပိုဒ်ဆောင်းပါး၏ အချက်အလက်အရင်းအမြစ်တခု ၂။ ဗြိတိသျှခေတ်ကရင့်သေနပ်ကိုင်တတ်ရင်းတံဆိပ်



ထိုင်းဂျပန်တိုက်ပွဲနှင့်မဟာမိတ်စာချုပ်

ထိုင်းဂျပန်တိုက်ပွဲနှင့်မဟာမိတ်စာချုပ်

(ဂျပန်ကမြန်မာပြည်ကိုမသိမ်းပိုက်မီတွင် ထိုင်းနိုင်ငံကိုသိမ်းပိုက်သည်ဟူသည့်ဖော်ပြချက်များကို မကြာခဏတွေ့ရသဖြင့် မြန်မာသမိုင်းစာပေပရိတ်သပ်များကအဆိုပါသမိုင်းဖြစ်စဉ်နှင့်ပတ်သက်၍ အမှန်အတိုင်းပြန်လည်သိရှိစေရန်ကြားဖြတ်မှတ်ချက်အဖြစ်ဖော်ပြလိုက်ခြင်းဖြစ်သည်)

******************
**၁၉၃၇ခုတွင် တရုပ်ပြည်အရှေ့မြောက်ပိုင်းကိုတိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဂျပန်က ထိုင်းဘုရင့်အစိုးရနှင့် မိတ်ဖွဲ့ဆက်ဆန်ရေးကိုစတင်သည်။
** ထိုကာလ၌ဥရောပရှိပြင်သစ်နိုင်ငံကို ဂျာမန်က စတင်တိုက်ခိုက်သိမ်းပိုက်ထားသည့်အချိန်ဖြစ်သည်။
**ထိုင်းနှင့်မိတ်ဖွဲ့ရခြင်း၏ဂျပန့်ရည်ရွယ်ချက်မှာ ဗီယက်နမ်၊ကမ္ဘောဒီးယား၊လာအိုပါဝင်သည့် အင်ဒိုချိုင်းနားကိုသိမ်းပိုက်ထားသည့် ပြင်သစ်အစိုးရအပေါ်ဩဇာလွမ်းမိုးရန်ဖြစ်ခါပြင်သစ်လက်အောက်ခံမဟုတ်သောထိုင်းနိုင်ငံကိုစည်းရုံးထားရေးဖြစ်သည်။
** ၁၉၄၀ ဇွန်လ ၁၂ ရက်တွင် တိုကျိုမြို့တော်၌ ထိုင်း-ဂျပန် မဟာမိတ်စာချုပ်ကိုချုပ်ဆိုကြသည်။
**၁၉၄၀ စက်တင်ဘာလ၂၂တွင် အင်ဒိုချိုင်းနား၌ဂျပန်-ပြင်သစ်စစ်ပွဲစတင်သည်။

** ဒီဇင်ဘာ ၂၃ရက်နေ့တွင် အထက်ဖော်ပြပါထိုင်း-ဂျပန်စာချုပ်ကိုဘန်ကောက်၌ပြန်လည်သုံးသပ် အတည်ပြုသည်။
**စာချုပ်အရဂျပန့်ရည်ရွယ်ချက်မှာပြင်သစ်လက်အောက်မှအင်ဒိုချိုင်းနားကိုသိမ်းပိုက်မှုမြန်ဆန်ရေးတွင်ထိုင်းကတစ်ဖက်မှညှပ်ပိတ်ပြီးကူတိုက်ပေးစေရေးဖြစ်သည်။
** ၁၉၄၁ဇူလိုင်(၂၆)တွင်အဆိုပါစာချုပ်ကို နိုင်ငံပေါင်းချုပ်အသင်း(League of Nations)၌ တရားဝင်မှတ်ပုံတင်သည်။ 
**ဂျပန့်တောင်းဆိုချက်အရဒီဇင်ဘာလ ၇ရက်နေ့တွင်လာအိုအနောက်ဘက် ကျန်ပါစပ်ခရိုင်နှင့် ကမ္ဘောဒီးယားအနောက်နယ်စပ် အလန်ယာပထေ့ကိုပြင်သစ်က ထိုင်းပိုင်အဖြစ်ပြန်လွှဲပေးလိုက်သည်။
**၁၉၄၁ ဒီဇင်ဘာလ(၈)ရက်တွင်  ဂျပန်တပ်မ အမှတ် (၁၅) (၂၅)နှင့်အမှတ် (၂) ရေတပ်များက ထိုင်းနိုင်ငံတောင်ပိုင်းခရိုင် ၆ခုဖြစ်သော ပကျွပ်ခီရိခန် ,ချွန်းဖုန်း,နခွန်စီထမရခ်ျ စသည်တို့နှင့် စမွတ်ပရာကန်(လက်ရှိကာလတွင်မြန်မာရွှေ့ပြောင်းအလုပ်သမားအများဆုံးရှိသည့်ခရိုင်)များကိုပင်လယ်ကမ်းခြေမှလည်းကောင်း ကမ္ဘောဒီးယားကိုဖြတ်ခါ အလန်ယာပထေ့ ခရိုင်မှလည်းကောင်းကုန်းလမ်းဖြင့်ချီတက်ဝင်ရောက်လာသည်။ ဦးတည်ချက်မှာ ကမ္ဘောဒီးယားမှတဆင့်ထိုင်းနိုင်ငံကိုဖြတ်ပြီး မြန်မာပြည်ကိုတိုက်ခိုက်သိမ်းပိုက်ရန်ဖြစ်သည်။
**ကြိုတင်အကြောင်းကြားခြင်းမရှိ၍ထိုင်းပင်လယ်ကမ်းခြေစောင့်တပ်များကဂျပန်တပ်များကိုပစ်ခတ်တိုက်ခိုက်သဖြင့် ၅နာရီကြာတိုက်ပွဲဖြစ်ပွားသည်။
** ဘန်ကောက်ရှိဂျပန်သံမှူးက ထိုင်းဝန်ကြီးချုပ်ထံသွားရောက်တွေ့ဆုံပြီးနောက်တိုက်ပွဲခေတ္တရပ်တန့်သွားသည်။

Self-Determination History of Karen People FB post (4) ကရင့်ကိုယ်ပိုင်ပြဌာန်းခွင့် သမိုင်း

Self-Determination History of Karen People FB post (4)
ကရင့်ကိုယ်ပိုင်ပြဌာန်းခွင့် သမိုင်း
14 January 2017

ကရင်လူမျိုးသည် သမိုင်းမတင်မီခေတ်က ထွန်းကားခဲ့ဘူးသော ရှေးအကျဆုံးလူမျိုးတစ်မျိုးဖြစ်သည်ဟု ဗြိတိသျှခေတ်က ပြုစုရေူသားထုတ်ဝေကြသောကရင်လူမျိုးဆိုင်ရာ မှတ်တမ်းများစွာတွင် တွေ့ရှိရသည်။
သမိုင်းမတိုင်မီခတ်ဟုဆိုကြရခြင်းမှာ လူမျိုးနိုင်ငံများမရှိသေးသောခေတ် ဖြစ်သည်နှင့်အညီ သမိုင်း မှတ်တမ်းများကိုရေးမှတ်မည့် ပုဂ္ဂိုလ်လ်အဖွဲ့အစည်းများလဲ မရှိသေးသောကြောင့်ဖြစ်သည်။ ပဒေသရာဇ်ခေတ်တွင် သမိုင်းရေးမှတ်မှုများစတင်ပေါက်လာရာ မိမိတို့ မတိုင်မီက လူသားများထားရစ်ခဲ့သည့် အသုံးအဆောင်ပစ္စည်းများ၊ အဆောက်အဦးပျက်များ၊ အရိုးစုများကိုတွေ့ရှိကြရာမှ တစ်ချို့ကို မှတ်တမ်းတင်ထားခဲ့ကြသည်လည်းရှိသလို မှတ်တမ်းမတင် ခဲ့သည်များလဲရှိမှာမလွဲပေ။ ကျောက်စာ၊မြို့ရိုး၊ စသည့် ရှေးဟောင်းသုတေသနဆိုင်ရာ အထောက်အထားများမရှိတော့သော အကြောင်းအရာများကို သမိုင်းတန်ဖိုး (Historical value) စံမမှီတော့သော ရှေးအဆိုစကားများနှင့်ပုံပြင်များ အဖြစ်သာလျှင်သတ်မှတ်ကြပေသည်။ လူတစ်မျိုးက မိမိတို့လူမျိုး၏သမိုင်းဟု ဆိုသောကိစ္စ များစွာတို့သည်လည်း တစ်ခြားလူမျိုးတို့က ၄င်းတို့၏သမိုင်းဟုဆိုကြသည်လည်းများစွာရှိပါသည်။ ယင်းသို့သမိုင်းဆိုင်ရာ အညင်းပွားစရာကိစ္စများကို ကျော်လွှားနည်းမှာ အစိုးရအာဏာဖြင့် တည်းဖြတ်ပြုစုပြဌာန်းခြင်းသာလျှင်ဖြစ်တော့သည်။ ထိုနည်းဖြင့် အမျိုးသားသြဇာ အာဏာမတည်ဆောက်နိုင်သောလူမျိုးများ၏သမိုင်းများပျောက်ပျက်ကြရသည်။
မြန်မာ့သမိုင်းသည်လည်းထိုလောကနိယာမတရား၏အောက်တွင်ပင်ရှိနေသည်။ သို့ဖြစ်၍ အမျိုးသားအာဏာမရှိတော့သော တိုင်းရင်းသားလူမျိုးစုတို့၏သမိုင်းများမှေးမှိန်ပျောက်ကွယ်လျှက်ရှိသည်။
ကိုလိုနီခေတ်တွင် ဖြစ်ပွားသော ထင်ရှားသည့် အကြောင်းအရာများမှာ ဒေသခံများသာမက ပြည်ပသုတေသီများ၏ မှတ်တမ်းတင်မှုကိုရရှိနိုင်ကြသဖြင့် ပြည်တွင်းအာဏာလက်ပြောင်းမှုက သမိုင်းကိုမပျောက်ပျက်စေနိုင်ခြင်းဖြစ်သည်။ ပြည်တွင်းကဖျောက်ဖျက်မှေးမှိန်ထားသော အရေးကြီးသမိုင်းအချက်အလက်များမှာ ပြည်ပ မှတ်တမ်းများတွင်ရှိနေဆဲဖြစ်သည်။ လက်ရှိကွန်ပြူတာ အိုင်တီ ခေတ်တွင်ဖြစ်ပျက်သမျှသောအရေးအခင်းကြီးများမူကား ရာသက်ပံဖျောက်ဖျက်၍မရတော့လေပြီ။

ဘုရင့်နောင်၊စူဖန်းကလျာ၊ဗြတ်နရာဇ်အကြောင်းနှင့် နန္ဒာဘုရင်၏မွန်မျိုးဖြုတ်သတ်ဖြတ်မှုသမိုင်းမှတ်တမ်း-

ဘုရင့်နောင်၊စူဖန်းကလျာ၊ဗြတ်နရာဇ်အကြောင်းနှင့် နန္ဒာဘုရင်၏မွန်မျိုးဖြုတ်သတ်ဖြတ်မှုသမိုင်းမှတ်တမ်း-

စူဖန်းကလျာသည် "စီရီအယိုထယာ"ဘုရင် မဟာဓမ္မရာဇာ၏သမီးတော်ဖြစ်သည်။ ဗမာဘာသာဖြင့် "ဗြတ်နရာဇ်"ဟုခေါ်သော "ဖရာ့နရေ့" အပါအဝင်  မောင်တော်၂ဦးရှိသည်။
**ခရစ်သက္ကရာဇ် ၁၅၆၄ တွင် ဘုရင့်နောင်က အယုဒ္ဒကကိုတိုက်ခိုက်သိမ်းပိုက်သည်။ အကြောင်းမှာ အယုဒ္ဒယတွင်ပေါ်သော ဆင်ဖြူ   ကိုတောင်းရာတွင်မပေးသောကြောင့်ဖြစ်သည်။
**ခရစ်သက္ကရာဇ် ၁၅၆၉  တွင် စူဖန်းကလျာ၏ခမည်းတော် "စီရီအယိုထယာ"မင်းကို ဘုရင့်နောင်ကအယုဒ္ဒယဘုရင်အဖြစ်ခန့်အပ်တင်မြှောက်သည်။ ထိုခေတ်ကလုပ်ထုံးအရထိုနှစ်တွင်ပင် အသက်၁၇နှစ်ရှိသည့် သမီးတော်စူဖန်းကလျာအား "အမျိုးယုံ"အဖြစ်ဘုရင့်နောင်မင်းကြီးထံဆက်သပ်လိုက်ရသည်။ ဘုရင့်နောင်တွင်မိဘုရား သို့မဟုတ် "ကိုယ်လုပ်တော်" ၄၂ ဦးရှိသည်။
**ဆုပန်ကလျာသည် "မင်းအထွေး" ခေါ် သမီးတော်တပါးကိုဖွားမြင်သည်။
**ခရစ်သက္ကရာဇ် ၁၅၆၄တွင် မင်းသားလေးဗြတ်နရစ်ကို တံဆာခံအဖြစ်ဟံသာဝတီနေပြည်တော်တွင်အကျယ်ချုပ်ထားသည်။ အကျယ်ချုပ်ဆိုသော်လည်း မင်းသား နန္ဒာနှင့်အတူ ကစားခြင်း၊ အတူစာသင်ခြင်း၊ အထာရသတ်မင်းအတတ်များကို အတူသင်ယူရခြင်းများရှိသဖြင့် ဗြတ်နရစ်သည်ဗမာစာနှင့်စကားကိုကောင်းစွာတတ်ကျွမ်းသည်။ဘုရင့်နောင်က စူဖန်းကလျာကိုအထူးချစ်ကြင်နာသောကြောင့်မိမိ၏တူ သားသဖွယ်ထားရှိခြင်းဖြစ်သည်။
** ခရစ်သက္ကရာဇ် ၁၅၇၂ တွင်အမဖြစ်သူစူဖန်းကလျာကဘုရင့်နောင်အားတောင်းဆိုသောကြာင့် မင်းသားဗြတ်နရစ် အယုဒ္ဒယသို့ပြန်ခွင့်ရသည်။ 
**ထိုနှစ်တွင်ပင် ဘုရင့်နောင်ကအယုဒ္ဒယရ ဘုရင်အဖြစ် ခန့်အပ်ထားသောစူဖန်းကလျာနှင့်ဗြတ်နရစ်၏ခမည်းတော်ဖြစ်သူ မဟာဓမ္မရာဇာမင်းက ဗြတ်နရစ်အား "ဖိစနလို့" မြို့စားအဖြစ်ချီးမြှောက်ခါ " နရေစွမ်"ဟူသောဘွဲ့အမည်ကိုပေးသည်။(မယ့်နမ်မြစ်ကမ္ဘားတွင်တည်ရှိသောဖိစနလို့သည် အယုဒ္ဒယခေတ်တွင် နေပြည်တော်တခုဖြစ်ခဲ့သည်။ မွန်-ခမာတို့၏ အန်ကော် အင်ပါယာခေတ်က ဖိစနလို့သည်ခရိုင်မြို့တော်တခုဖြစ်ခဲ့သည်။ အန်ကော်အင်ပါယာတွင် ရှေးခေတ်ကမ္ဘာ့အတိုးတက်ဆုံးဗိသုကာသိပ္ပံပညာဖြင့်တည်ဆောက်ထားသည့် "အန်ကော်ဗိမ္မာန်" ရှိသည်။ Angelina Jolie  သရုပ်ဆောင်သော  "Tom Raider" ရုပ်ရှင်သည် အန်ကော်ဗိမ္မန်ကို နောက်ခံထားခြင်းဖြစ်သည်။

အဆက် (၁) ဘုရင့်နောင်၊စူဖန်းကလျာ၊ဗြတ်နရစ်အကြောင်းနှင့် နန္ဒာဘုရင်၏မွန်မျိုးဖြုတ်သတ်ဖြတ်မှုသမိုင်းမှတ်တမ်း- မှ

အဆက် (၁) ဘုရင့်နောင်၊စူဖန်းကလျာ၊ဗြတ်နရစ်အကြောင်းနှင့် နန္ဒာဘုရင်၏မွန်မျိုးဖြုတ်သတ်ဖြတ်မှုသမိုင်းမှတ်တမ်း- မှ
               --------------
**နန္ဒာဘုရင်သည် ၁၅၈၄မှ ၁၅၉၂ခုနှစ်အကြားတွင် စယမ် အယုဒ္ဒယအား ၅ကြိမ်တိုက်ခိုက်ခဲ့ရာ ၅ကြိမ်လုံးဆုံးရှုံးမှုကြီးစွာဖြင့်ဆုတ်ခွာခဲ့ရသည်။
**သားတော်မင်းရဲကျော်စွာ(မင်းကြီးစွာ)ကိုဦးစီးစေသည့်၁၅၉၂ခုနှစ်ထိုးစစ်သည်နောက်ဆုံးအကြိမ်ဖြစ်သည်။ ထိုစစ်ပွဲတွင် ခမည်းတော်၏ မွေးခြင်းပေါက်ဖော်ဖြစ်သော ဗြတ်နရာဇ် (နရေစွမ်)နှင့် ဆင်စီးခြင်းထိုးရာမှကျဆုံးခဲ့ခြင်းဖြစ်သည်။
**သားတော်အသတ်ခံရသဖြင့်နန္ဒာဘုရင်သည် ယူကျုံးမရဖြစ်ခြင်းနှင့်အတူ အမျက်ပြင်းထန်စွာထွက်ခါ ဖခင်ဖြစ်သူ ဘုရင့်နောင်ချီးမြှောက်ခဲ့သောနန်းတွင်းရှိ မွန်မှူးကြီးမတ်ရာ အားလုံးကို သူတို့၏ ဆွေမျိုး၊ဘိုးဘွား၊ တူသားမြေးမြစ်များနှင့်အတူ အရှင်လတ်လတ်မီးရှို့ကွပ်မြက်ပစ်သည်။ (၁၅၈၄ခုနှစ်တွင် နန္ဒာဘုရင်က နရေစွမ်ကို လုပ်ကြံရန်မွန်အမတ်ကြီး "ဗညားကျက်"နှင့် "ဗညားရမ်း" (ဗမာအသံထွက်မသေချာ)ကို တာဝန်ပေးခဲ့သည်။ ထိုမွန်အမတ်များက နရေစွမ်ကိုဖွင့်ချပြောပြပြီး အယုဒ္ဒယသို့လိုက်ပါခိုလှုံသွားခဲ့ကြသည်။ဤအဖြစ်ကိုအကြောင်းပြု၍ လူမျိုးရေး အာဃာတတရားများဖြင့်မွန်များကိုမုန်းတီးလာခဲ့သည့်အညှိုးကြီးရှိနေခဲ့ခြင်းဖြစ်သည်။)   
** နန္ဒဘုရင်သည် ဗမာစစ်စစ်မင်းမှုထမ်းအားလုံးနှင့် ဗမာတပ်သားများကို ဟန်သာဝတီနေပြည်တော်တွင်စုစည်းခံတပ်စခန်းချစေပြီး ၄-၅နှစ်စာ အစာနှင့်ရိက္ခာများကို သိုလ်လှောင်ထားစေသည်။ 
**အသင့်ဖြစ်သောအခါ မွန်များနေထိုင်ရာဟံသာဝတီတိုင်းအတွင်း စိုက်ပျိုးမွေးမြူမှုကိုလုံးဝပိတ်ပင်ပစ်သည်။ အမိန့်ကျူးလွန်ပါက သေဒဏ်ချသည်။ ပြည်သူလူထုအစုလိုက်အပြုံလိုက်အစာရေစာငတ်ပြတ်ခါ အတုံးအရုံးသေကျေကြသည်။ဤအဖြစ်ကို “A Brief Account of the Kingdom of Pegu”သုတေသနစာတမ်းရေးသူ A. MacGregor က Samaria သို့မဟုတ် Jerusalem တွင်ကျရောက်ခဲ့သောအဖြစ်ဆိုးသဖွယ်ဖြစ်သည်ဟုကောက်ချက်ချထားသည်။

ဂရတ်တန်ဂေရီ၏ "Burma, After the Conquest" မှကောက်နှုတ်ချက်...

ဂရတ်တန်ဂေရီ၏ "Burma, After the Conquest" မှကောက်နှုတ်ချက်...

သီပေါမင်းကညီနောင်ရင်းများအားအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကာလအတွင်းအဖြစ်အပျက်များအကြောင်း "ဂရတ်တန်"၏ဖော်ပြချက် တချို့-
        ----------------------------
၁၈၇၉ခုနှစ်ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် မန္တလေးအခြေစိုက် "မစ္စတာ ရှော" က ကလတ္ကတားရှိနိုင်ငံခြားရေးဌာနအတွင်းဝန်ထံသို့ပေးပို့ခဲ့သောကြေးနန်းစာမှာ-

" နတ်ရွာစံမင်းကြီး၏သားတော် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု//ဘုရင့်အမိန့်အရအယောက် ၈၀ခန့်သောသူတို့၏ကြင်ရာတော်များ//သားသမီးများကိုညအချိန်တွင်ဆက်တိုက်ဖမ်းဆီးအကျဉ်းချ //လှုံ့ဆော်ခြင်း၊ ပူးပေါင်းကြံစည်ခြင်းများမရှိ//  ဝန်ကြီး ကသဘောမတူ//ထိတ်လန့်ကြောက်ရွံ့နေကြ//အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုထပ်ဖြစ်လျှင်ကျနုပ်က အလံကိုလျှောချမည်ဟုခြောက်//"

ထိုနေ့ညနေတွင် မစ္စတာရှောက အောက်ပါအတိုင်း ဆက်လက်မှတ်တမ်းရေးသည်။

" သည်မနက်ငြင်းဆန်နိုင်ရန်မရှိသည့် ကြောက်စရာသတင်းအတည်ပြုချက်။ ကျနုပ်စုစည်းရရှိသောအချက်အလက်များအရ စနေနေ့ညက  ရှင်းပစ်မည့်နိုင်ငံရေးအကျဉ်းသားများကို အကျဉ်းထောင်သို့ခေါ်ဆောင်ချုပ်နှောင်ထားသည်။တချို့မှာထိုညကအသတ်ခံရသည်။ကျန်လူများကို ၂ညဆက်တိုက် သတ်ဖြတ်သည်။
ထောင်ထဲတွင်တူးထားသည့် တွင်းကြီးအထဲသို့ အလောင်းကောင်များအားပစ်ချသည်။ အမျိုးသမီးများနှင့်ကလေးများက သူတို့ကိုမသတ်ရန်တောင်းပန်ကြသော်လည်းအချည်းပင်။ ငိုယိုတောင်းပန်သူများ၏ လည်ပင်းကို လူသတ်သမားများက သေသည်အထိလက်ဖြင့်ညှစ်သတ်ကြသည်။ အရက်မူးနေသောလူများက အခြားလူများကိုတုတ်တိုများဖြင့်အလွန်အမင်းနာကျင်စွာခံစားအော်ဟစ်ညီးတွားအောင်အကြိမ်ကြိမ်ရိုက်နှက်ညှင်းပမ်းသည်။ထိုလူသတ်သမားများကိုဤသတ်ဖြတ်မှုအတွက်သုံးရန်ထောင်များမှလွှတ်ပေးခဲ့ခြင်းဖြစ်သည်။ အသက်အကြီးဆုံးမင်းသားကြီက  သတ္တိပြသည့်အနေနှင့်ညီတော်များရယ်မောစေရန်ဟာသစကားပြောသည်မှာ " တွေ့လား၊ငါပြောတာ ငါတို့ကိုလွှတ်မဲ့အစား သေတွင်းပို့ ဖို့ဘဲရှိတယ်လို့"

တနင်္ဂနွေညတွင် မင်းသားများ၏ ရုပ်အလောင်းကို လှည်း၈စီးဖြင့်တင်ဆောင်ခါ အနောက်ဘက်မြို့တံခါးမှသယ်ဆောင်ခါ ယုံကြည်မှုဓလေ့အတိုင်း မြစ်ထဲသို့ ပစ်ချလိုက်သည်။ကျန်အလောင်းများကိုမူ ထောင်တွင်းရှိတူးထားသောတွင်းကြီး၌မြုပ်ပစ်သည်။

ဘဝတကွေ့ အမှတ်တရ

ဘန်ကောက် စူထိစန် ၌် ရုံးစိုက်ထားသော ကေအဲန်ယူ နိုင်ငံခြားရေးဌာနတွင် စစ်လက်နက်ခဲယမ်းမီးကျောက် အမှုဖြင့် ၁၉၇၆ခုနှစ်က အဖမ်းဆီးခံခဲ့ရသည်။ကေအဲန်ယူ စခန်းသို့ပို့ဆောင်မည့် M16,M79,M57,M72 RSM များအပြင် အမေရိကန်စစ်သုံး Digitalကြားဖြတ်ဆက်သွယ်ရေးစက်များ(အမေရိကန်နှင့်ရုရှားတပ်တွင်သာ စတင်တီထွင်အသုံးပြုသော Digital ကို ထိုစဉ်က ဗီယက်နမ်၊ ထိုင်းနှင့်မြန်မာစစ်တပ်များတွင် မသုံးနိုင်ကြသေးပေ။ Analog စနစ်ကိုသာသုံးနိုင်သေးသည်) အိမ်အောက်ထပ်တိုက်ခန်းအတွင်း အပြည့် သိုလှောင်ထားသည်ကို ထိုင်းရဲ၊မြို့စောင့်တပ်၊ကြည်းတပ်နှင့်လေတပ်များက အမြောာက်ကားကြီးများဖြင့် လာရောက်ဝိုင်းဝန်းပိတ်ဆို့ပြီး ဖမ်းဆီးခြင်းဖြစ်သည်။ ဖမ်းဆီးစဉ်တွင် ရုံး၌ လူ ၂၀ခန့်ရှိနေသည်။ အဖမ်းခံရသူများတွင် ဘန်ကောက်ဆေးရုံများတွင် ခွဲစိတ်ကုသမှုခံယူခဲ့ပြီးစခန်းပြန်ရန်စောင့်ဆိုင်းနေကြသော တိုက်ပွဲမှဒဏ်ရာရစစ်သားများ၊ ထားဝယ်ခရိုင်မှ ကေအဲန်ယူမိုင်းလုပ်ငန်းတာဝန်ခံများနှင့်သူနပြုဆရာမများ၊ကားဒရိုင်ဘာအဖြစ်လစာပေးငှားရမ်းထားသောထိုင်းတဦးအပြင် ကျောက်ကုန်သည်ကြီးတဦးနှင့်ဘန်ကောက်ရုံးအမှုထမ်းများပါဝင်သည်။

အမ်းမကားများနှင့် တင့်ကားကန်းကြီးက စူထိစန်လမ်းမပေါ်တွင် အပြည့်ဖြစ်နေပြီး အရပ်ကားများဖြတ်သန်းမှုကို ပိတ်ဆို့ထားလိုက်သည်။ ရပ်ကွက်သားများ လန့်ဖြန့်ကြောက်လန့်ခြင်းမရှိကြရန် မိမိ အိမ်တွင်းတွင်နေကြရန် လျှပ်စစ်မီးတိုင်များရှိ အော်လန်များမှတချိန်လုံးထုတ်ပြန်ကျေညာလျှက်ရှိသည်။ ကျေညာလေ လူများလမ်းဘေးအပြည့်ဝိုင်းအုံစောင့်စားကြည့်ရှု လာကြလေဖြစ်တော့သည်။

ဘန်ကောက်မြို့တော်ဝန်နှင့် ဂတ်များက ရုံးဧည့်ခန်းတွင် ကေအဲန်ယူရုံးဒုတာဝန်ခံနှင့် တွေ့ဆုံစကားပြောညှိနှိုင်းသည်။ထိုစဉ်ကရှိသော TV channel 3,5,7 အပြင် ထိုင်းရတ်အပါအ၀င် သတင်းဌာနများမှ သတင်းထောက်တွေကင်မရာကြီးငယ်များတကားကားဖြင့် လှေကားတက်လိုက်ဆင်းလိုက် ကင်မရာ အကွက်ကောင်းချိန်နိုင်ရန် အလုအယက်ဖြစ်နေကြသည်။ ရဲတပ်ဖွဲ့ဝင်များကလည်းစစ်တပ်အဖွဲ့ကိုအိမ်ထဲမ၀င်စေဘဲ သူတို့ချည်းအပေါ်ထပ်အောက်ထပ်များတွင် မွေနှောက်လှန်လှောနေကြသည်။

နိုင်ငံတော်တည်ဆောက်ခြင်းလား အမျိုးသားတည်ဆောက်ခြင်းလား...
"State- building or Nation-building"

ကမ္ဘာ့နိုင်ငံအားလုံး၏နိုင်ငံတော်
တည်ဆောက်မှုအဆင့်ဆင့်သည် အကြမ်းဖက်မှုများဖြင့်အမြဲတစေပြည့်နှက်လျှက်ရှိခဲ့သည်မှာရှင်းလင်းမြင်လွယ်သောပကတိသမိုင်းအချက်အလက်များဖြစ်သည်။ မငြိမ်မသက်ဖြစ်မှုများနှင့် အကြမ်းဖက်မှုများသည် နိုင်ငံတော်တည်ဆောက်ရေး၏သဘာဝဖြစ်ခဲ့၊ ဖြစ်လျှက်ရှိဆဲဖြစ်သည်။

နိုင်ငံတော်တခုကိုတည်ဆောက်ရာတွင် အခက်အခဲ များစွာရှိသည်။ ယင်းတို့မှာ

၁။လူဦးရေအင်အားကြီးသောအသိုင်းအဝိုင်းကပေါ်လစီရေးရာကိုလွမ်းမိုးခြယ်လှည်ခြင်းကြောင့်ပေါက်ပွားသောပြသနာ..
၂။ အကျိုးပျက်ရသောအသိုင်းအဝိုင်းက အတိုက်အခံပြု ခြင်းကြောင့်ပေါက်ပွားရသောပြသနာနှင့်
၃။ ကွဲပြားသောလူမျိုးစုနှင့် ဘာသာရေးများကိုအခြေခံသည့် ဖိနှိပ်ခြေမှုန်းမှုနှင့်ကာကွယ်တွန်းလှန်မှုမှ ပဋိပက္ခဖြစ်ပွားခြင်းများ စသည့်ပြသနာတို့ဖြစ်သည်။

သို့ဖြစ်၍ "State-building" ခေါ် နိုင်ငံတော်တခုတည်ဆောက်ခြင်းသည် အလွန်ခက်ခဲသော လုပ်ငန်းကြီးဖြစ်ခါ အခြေအနေ,အချိန်အခါနှင့် အရည်အခြင်း ၃ရပ်လုံးတိုက်ဆိုင်မှုမရှိလျှင် အောင်မြင်နိုင်ခြင်းမရှိပါပေ။ အောင်မြင်သည်ဆိုလျှင်လည်း နဂိုလ်ထက်များစွာအခြေအနေဆိုးသော စုတ်ပြတ်စွာအောင်မြင်မှုသာလျှင်ဖြစ်သည်။ 

State-buildingနှင့် လက်တလုံးခြားဆင်တူရိုးမှားဖြစ်သောNation-building မှာမူ အဆပေါင်းများစွာပိုမိုခက်ခဲသော လုပ်ငန်းကြီးဖြစ်သည်ဟု ကမ္ဘာ့သမိုင်းနှင့်နိုင်ငံရေးသိပ္ပံပညာရှင်များကတညီတညွတ်တည်းအမြင်ရှိကြသည်။ 

နိုင်ငံတနိုင်ငံကိုတည်ဆောက်ရာတွင်ကြုံရသည့်အတားအဆီ၃ခုလုံးသည် အမျိုးသားတရပ်ကိုတည်ဆောက်ရာတွင်လည်းရင်ဆိုင်ကြရသည်သာဖြစ်သည်။ ခြားနားချက်မှာ နံပတ်၁ အခက်အခဲဖြစ်သော "အခြေအနေ" ဖြစ်သည်။ နိုင်ငံတည်ဆောက်ရာတွင် "သဘာဝမဟုတ်သောအခြေအနေ"ကိုဖန်တီးယူနိုင်ပြီး အမျိုးသားတရပ်တည်ဆောက်ရာတွင်မူ အမျိုးသားတရပ်အမှန်တကယ်ဖြစ်နေသည့်"သဘာဝ အခြေအနေ"ပေါ်တွင်သာမူတည်နေပေသည်။

မြန်မာပြည်တွင်စွဲကပ်နေသည့် "ယဉ်ကျေးမှုနယ်ချဲ့ဝါဒ" အပေါ် မနုသဗေဒ၊ လူမှုဗေဒနှင့် တရားကျင့်ဝတ်တို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်။

မြန်မာပြည်တွင်စွဲကပ်နေသည့် "ယဉ်ကျေးမှုနယ်ချဲ့ဝါဒ" အပေါ် မနုသဗေဒ၊ လူမှုဗေဒနှင့် တရားကျင့်ဝတ်တို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်။
             -----------------

နိုင်ငံရေးစီးပွားရေးအားနဲသော အခြားလူ့အသိုင်းအဝန်းတခုအပေါ်နိုင်ငံရေးသို့မဟုတ်စီးပွားရေးအားကြီးသော လူ့အသိုင်းအဝန်းကြီးတခုက မိမိတို့၏ယဉ်ကျေးမှုကိုကဏ္ဍပေါင်းစုံချမှတ်ပြဌာန်းလွမ်းမိုးခြင်းသည်"ယဉ်ကျေးမှုနယ်ချဲ့ဝါဒ" ဖြစ်သည်ဟု မနုသဗေဒ၊ လူမှုဗေဒနှင့် တရားကျင့်ဝတ် Anthropology, Sociology, and Ethics တို့ ကအဓိပ္ပါယ်ဖွင့်ဆိုထားသည်။

ရောမအင်ပါယာ ကြီးထွားပြန့်ကျက်လာခြင်းသည် အနောက်တိုင်းတိုးတက်ဖြစ်ထွန်းမှုသမိုင်းရှိ "ယဉ်ကျေးမှုနယ်ချဲ့ဝါဒ" ၏နမူနာဖြစ်သည်။

ဒုတိယကမ္ဘာစစ်အပြီးတွင်စတင်သတ်မှတ်အသုံးချသည့် ကမ္ဘာ့စည်းမျဉ်းသစ်အရ လွတ်လပ်ရေးရခါ တရားဝင်ပေါ်ထွန်းလာပြီး အချုပ်အချာပိုင်ဆိုင်ခွင့်ရလာကြသောနိုင်ငံသစ်အချို့တွင် "ယဉ်ကျေးမှုနယ်ချဲ့ဝါဒ" ကိုယနေ့တိုင်ကျင့်သုံးနေကြဆဲဖြစ်သည်။

အဆိုပါ"ယဉ်ကျေးမှုနယ်ချဲ့ဝါဒ"ကျင့်သုံးမှုကိုအခြေခံပေါက်ပွားလာသည့်အကျိုးဆက်များမှာ ပုံစံမျိုးစုံ ဒီဂရီအဆင့်ဆင့်ဆန့်ကျင်လှုပ်ရှားမှုများနှင့်အတူ ယင်းလှုပ်ရှားမှုများကိုနည်းမျိုးစုံဖြင့် တိုက်ဖျက်နှိပ်ကွပ်ခြင်းမှဖြစ်ပွားသည့်မတည်ငြိမ်မငြိမ်းချမ်းမှုများဖြစ်ကြသည်။