Sunday, August 19, 2012

ကျနော် နှင့် ယွားဟေလူ သို့မဟုတ် ပွိုင့် ၄၉၁ အပိုင်း (၁) Posted by on May 9, 2010

Operation Promise land သစ္စာမြေ စစ်ဆင်ရေးကို ကျနော် နှင့် ဗိုလ်မှူးကြီး စိုးစိုး တို့ ၁၉၈၆ ခုနှစ် နိုဝင်ဘာလ တပ်မဟာ (၆) ဝေါ်လေအောက်စခန်းမှာ စတင်အကောင်အထည်ဖေါ်လာ ရာ။ တချို့တဝက်ပြီးမြောက်ခဲ့ပြီးဖြစ်သည်၊ ထိုစစ်ဆင်ရေးကို အကောင်အထည်ဖေါ်ရာ ချောမွေ့ပြေပြစ်စေရန်အတွက် နယ် မြေအခြေအနေ။ ရန်သူ့အခြေအနေများကို လေ့လာရန် လိုနေ သေးသဖြင့် တပ်မှူး ဗိုလ်မှူးစိုးစိုး တာဝန်ပေးချက်အရ မိမိနှင့် ချစ်ရဲဘော် ဘာဂျာမွတ် (ကျဆုံး) တို့ နှစ်ဦး ဘိတ်၊ ထားဝယ် ခရိုင်၊ တနင်္သာရီမြို့နယ်၊ (မိုးတောင်) စခန်းရှိ ခရိုင် ဥက္ကဋ္ဌ ဗိုလ် မှူးကြီးစောမာဗယ်လ် (ကွယ်လွန်) ကို သွားရောက် သ တင်းပို့သည်။
img
ရန်သူကို ကြိုတင်ပြင်ဆင်မှုမရှိဘဲ မတိုက်နဲ့၊ ရန်သူ့အကြောင်း၊ ကိုယ့်အကြောင်း သိအောင် အရင်လုပ်။ ဒါမှ တိုက်ပွဲတရာ အောင် ပွဲတရာ ရမယ်။
တရက်ခန့် ၎င်းထံမှ အထွေထွေ ရန်သူ့သတင်း၊ နယ်မြေအခြေအနေများ မှတ်ယူပြီး နောက်တနေ့ ခရီးထွက်ရန်ပြင်သည်၊ “ခင်ဗျားကို နယ်မြေကျွမ်းကျင်တဲ့ ဗိုလ်ဒါးကြီး၊ ထိုစဉ်က KNDO တပ်ရင်း (ရ) တပ်ခွဲမှူး၊ (ယခုတတိယနိုင်ငံရောက်နေသူ) ကို ထည့်ပေးလိုက်မယ်။ ပစ္စတိုတယောက်တလက် နဲ့ M၇၂ တလုံစီ ပေးလိုက်မယ်”။
ခရီးထွက်ခါနီး ကျနော့ကို ၎င်းပတ်ထားသော Mido နာရီဖြုတ်ပေးသည်။ ထိုစဉ်က ကျနော့မှာ နာရီမရှိပါ။ တန်ဘိုးကြီးသော ထိုနာရီမျိုး ဝယ်အားမရှိပါ။ အောက်ခြေရဲဘော်များအပေါ် မေတ္တာ၊ စေတနာရှိသောခေါင်းဆောင် တပ်မှူးကြီးအား လေးစားမိသည်။ ကျနော်တို့ ခရီးထွက်သောအခါ ဗိုလ်ဒါးကြီးနှင့် ရဲဘော် ၃ ယောက်၊ မိမိ နှင့် ရဲဘော်ဘာဂျာမွတ် ပေါင်း ၆ ယောက် ဖြစ်သည်။
နောင်းဘွားတောကြီးကို ဖြတ်သည်။ ညနေစောင်းတော့ KNDO စခန်းရောက်ပြီး ညအိပ်သည်။ နံနက်စောစောထ၊ ထမင်းထုတ်ပြီး ခရီး ထွက်။ တနေ့လုံး လမ်းလျှောက်။။ ရှမ်းရွာကြီးများကိုဖြတ်၊ တောင်တက်၊ နောက်တောင်ခြေတွင် အိပ်သည်။ နံနက် အစားအသောက် ပြင်ဆင်နေစဉ် တဲဘေး၌ ကျွဲ ၁၅ ကောင်နှင့် လယ်ထွန်နေသော အင်္ကျီဗလာနှင့်လူကို တွေ့သည်။ မိုးတွေရွာနေသည်။ မချမ်းဘူးလား မသိ။


“ဒီလူမချမ်းဘူးလားဗျ။ ဒီလောက်မိုးရွာနေတာ။ အင်္ကျီလည်းမပါဘူး” မေးရာ။ ဗိုလ်ဒါးကြီး မှ …
“ဘယ်ချမ်းမလဲဗျ။ ဆေးစားထားတာ”
“ဘာဆေးလဲဗျ”
“ဘိန်းစာရွက်” တဲ့။
ကျနော်တို့ နေသောတဲနားတွင် ဘိန်းစာရွက် အပင်ရှိသည်။ ခူးပြီးနန်းကြည့်တော့ စိမ်းရွှေရွှေ အနံ့ရသည်။
ဘိန်းစာရွက်သည် အအေးခံနိုင်သည်။ အမောခံနိုင်သည် သို့သော် မူးယစ်ဆေး တ မျိုးဖြစ်သည်၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်က တားမြစ်ထားသည်။ ခရီးထွက်လာရာ မဆုံးနိုင်သော ပဝရွာသို့ရောက် သည်။ ထိုရွာတွင် ရဲဘော်များအား ထားခဲ့ပြီး နောက်နေ့ ဗိုလ်ဒါးကြီးနှင့် မိမိတို့နှစ်ဦးသာ (ဂျိုးတောင်) သို့ ခရီးဆက်ကြသည်။
ဂျိုးတောင်သို့သွားရာလမ်းတလျှောက် မြစ်၊ ချောင်းများကို လှော်လှေများ၊ စက်လှေများဖြင့်သွားကြသည်။ ဒီရေတက်ရာအရပ်ဖြစ်သ ဖြင့် ဧရာဝတီမြစ်ဝကျွန်းပေါ်နှင့် တပုံစံတည်း ဖြစ်သည်။ မိမိ ၁၉၆၄ ခုနှစ် လက်နက်ကိုင်တော်လှန်ရေးဘောင်သို့ စတင်ခြေချသော လပွတ္တာမြို့နယ်နှင့် အတော့်ကိုတူသည်။ လမုလမက်၊ ကနစိုပင်များ၊ သင်ပေါင်းပင်များနှင့်အပြည့်၊ ညနေစောင်းတော့ ကျနော်တို့နေရ မည့် နေရာသို့ လူတဦးသွားပို့သည်။ စောင်မပါ၊ ယူသွားသောပုခက်နှင့် အိပ်သည်။ ကိုက်လိုက်သည့်ခြင်၊ ရေတက် ရေကျသောနေရာ ဖြစ်သဖြင့် မိုးလင်းတော့ တဲအောက်ခြေတခုလုံး ရေလွှမ်းနေသည်၊ လူတယောက် ပေါင်လယ်လောက်ရှိနေသည့် ရေပေါ်တွင် ဓနိရည် အိုးများကို တဲသို့ယူလာသည်။ ဗိုလ်ဒါးကြီးမှ မိတ်ဆက်ပေးသည် သူ့အမည် ပယ်လယ်ဖိုး တဲ့၊ ထိုသူသည် ပင်လင်ပြင်အတော်ကြွမ်း သူ။ ရဲရင့်သူတဦး ဖြစ်သည်။ ဓနိရည်နှင့် ဧည့်ခံသည်။ အလွန်ချိုပြီး မူးယစ်လာသည်၊ စကားပြောကောင်းသည်။ သူ့ထံမှ ဘိတ်ပင် လယ်ပြင် သတင်းစုံစုံလင်လင်ရသည်။ နောက်နေ့ ဂျိုးတောင်ရွာထဲသွားပြီး ရွှေလှပိုင် ဆိုသူနှင့်တွေ့သည်။ အလွန်ဖေါ်ရွေပါသည်။ သူ့ ထံမှလည်း ရန်သူ့သတင်း အတော်ရလိုက်သည်။ ကျနော်တို့ ထိုတဲ၌နေစဉ်အတွင်း ရွာသားများလာကြသည်။ ချက်စားရန် ကြက်များ ယူလာသည်။ သို့သော် စားဆီမရှိ၊ အုံးဆီနှင့် ချက်စားရသည်၊ စွန်ပဒတ်သီးအမှည့်များ ယူလာသည်၊ ပိန္နဲသီးနှင့် အတော့ကိုတူသည်။ သို့သော် အရွယ်ငယ်သည်၊ အလွန်ချိုမွှေးသည်၊
မှတ်ချက်…
ရွှေလှပိုင်သည် ပင်လယ် ဓါးပြဗိုလ် ဖြစ်သည်။ ဆင်းရဲသားများကို ဒါးပြမတိုက်။သူဋ္ဌေးများကိုသာ တိုက်သည်။ တိုက်ရာပါများကို ဆင်း ရဲသားများသို့ဝေပေးကြောင်း နောင်မှသိရသည်၊ ပင်လယ်ဓါးပြအဖွဲ့များ တနင်္သာရီကမ်းတလျှောက် များစွာရှိသည်။ အင်အားရှစ်ဆယ် မှ တရာအထိရှိပြီး ခေတ်မီလက်နက်ကြီး၊ လက်နက်ငယ်များရှိသည်။
လိုအပ်သော သတင်းအချက်အလက်ရရှိပြီးဖြစ်သဖြင့် မိုးတောင် သို့ ပြန်တက်လာကြသည်။ မိုးတောင် ရောက်ပြီး လပေါဝါ ငွေလှိုင်းဖြူ စစ်ဆင်ရေး စီမံချက်ရေးသားပြီး ဥက္ကဋ္ဌကြီးကိုတင်ပြသည်။ နောက်နေ့ ကျနော်တို့ကို ဘန်ကောက် ခေါ်သွားသည်၊ စားသောက်ဆိုင် တွင် နံနက်စာစားရန် ငွေပေးလိုက်သည်။ ဘန်ကောက်မြို့ကို ကျင်လည်မည်ဟုထင်ရသော ဗိုလ်ဒါးကြီး စားသောက်ဆိုင်မှ ဟင်းအ မယ်များကို မှာနေသည်။ ပါးစပ်မှ “အနိ။ အနိ။ အနိ” ဟု လက်ညိုးထိုးပြနေသည်၊ ကျနော့အထင် ထိုင်းစကား အတော်တတ်မည်။ မှာထားသော အစားအစာများစားပွဲထိုးလာချသည်။ ကြက်ခြေထောက်သုတ်၊ အခြားအသုတ်၊ အားလုံးအသုတ်များဖြစ်သည်။ စားပွဲ တ ခုလုံး အသုတ်များနှင့် ပြည့်နေသည်။ “ဟေ့ကောင်မင်းဟာက ဘာတွေလဲကွ။ အားလုံးအသုတ်တွေဘဲလား၊” ဟင်းချိုနှင့် အကြော် အ လှော်များမပါ။ မတတ်နိုင်၊ ကိုယ်မှ မမှာတတ်ဘဲ သူများမှာတာကိုသာ စားပြီး ဗိုက်ဖြည့်လိုက်သည်။
နောက် တရက်၊ နှစ်ရက်တွင် တပ်မဟာ ၆၊ ဝေါ်လေ မိမိစခန်းသို့ ပြန်ရောက်သည်။ တပ်မှူးသို့ခရီးစဉ်နှင့် လပေါဝါး စစ်ဆင်ရေးစီမံ ချက်ကိုပြသည်။ လပေါဝါးစစ်ဆင်ရေးသည် Promise land စစ်ဆင်ရေးကြီး၌ ထောက်ပံ့ရေး စီမံချက်ဖြစ်သည်။ ဝေါ်လေအောက် စခန်း၌ ရဲဘော်များနှင့် စီကားနေသည်။ ဘော်လီဘော ပုတ်သူပုတ်။ ပိုက်ကျော်ခြင်း ခတ်သူခတ်။ ငှက်ပျောပင်ခြေရင်းရှိ ပတ်လည် ထိုင်ခုံတွင် ဂီတာတီးသူတီးနှင့် စိုပြေနေသည်၊ သာယာလှပနေသည်။ လာမည့်တရက်၊ နှစ်ရက်အတွင်း ခရီးရှည်ချီတက်ကြရတော့ မည်။ ခရီးမထွက်မီ ဝေါ်လေ စစ်ဆေးရုံမှ ဆေးသူနာပြုဆရာမများနှင့် ချစ်ကြွမ်းဝင်နေကြသော ဗိုလ်တင့်လွင်နှင့် တပ်ကြပ်ကြီး ဂျိုးဖြူ (တပ်ထဲဝင်လာစဉ် လွတ်လပ်ရေးနှင့် ငြိမ်းချမ်းရေးအတွက်တိုက်ပွဲဝင်မည့် ရဲဘော်အဖြစ်ရည်မှန်း၍ ငြိမ်းချမ်းရေး ဂျိုးဖြူ အဖြစ် မှည့် ပေးလိုက်သော အမည်ဖြစ်သည်။ ယခုတတိယနိုင်ငံရောက်နေပြီး) တို့နှစ်ဦးမိမိထံလာရောက်၍ တပ်ပြင်ထွက်ခွင့်တောင်းသည်။
သူတို့နှစ်ယောက် မိမိထံလာပြီး ပြုံးစိပြုံးစိနှင့် …
“ကျနော်တို့ဆေးရုံဘက်သွားခွင့်ပေးပါ”
“ငါသိပါတယ်။ ခရီးထွက်ခါနီးမှာစရာရှိတာမှာကြပေါ့ကွား။” ခွင့်ပေးလိုက်သည်။
အခြားရဲဘော်များလည်း အသီးသီးခွင့်တောင်းကြသည်။ တပ်ပြင်ထွက်ခွင့်ကို စံနစ်တကျလုပ်ထားသည်။ သတ်မှတ်ချိန်အမီ ပြန် ရောက်ရန် ညွန်ကြားထားပြီးဖြစ်သည်။
သတ်မှတ်ချိန်လွန်မှပြန်ရောက်လာသော ရဲဘော်လှထွန်းဦး (သားကြီး) နှင့် ရဲဘော်ငြိမ်းငြိမ်းတို့နှစ်ဦးကို ခေါ်တွေ့သည်။ အရက်အ တော်မူးနေပုံပေါ်နေသည် (ရဲဘော်ငြိမ်းငြိမ်း နှင့် ရဲဘော်လှထွန်းဦးတို့နှစ်ဦးလုံး တတိယနိုင်ငံ ရောက်ကြကုန်ပြီး)၊ သတ်မှတ်ချိန်အမီ ရောက်ရန် ပြေးလာကြသည်။
“မောလိုက်တာ (=ီးတယ်မှပဲ၊ သောက်ထားတဲ့အရက်တွေ ဘယ်ရောက်ကုန်မှန်းတောင် မသိတော့ဘူး” သို့သော် သတ်မှတ်ချိန်မ ရောက်။ အချုပ်တို့၊ ကြိမ်ဒါဏ်တို့ပေးခဲ့ပြီး ဖြစ်သည်။ ရဲဘော်တွေကို အသားမနာစေချင်တဲ့ စေတနာလည်းပါသည်၊ (စည်းကမ်းမရှိတဲ့ လက်နက်ကိုင်တပ်ဟာ တပ်မတော်မဟုတ်ဘူး။ (ဓါးပြအဖွဲ့ပဲ) ဖြစ်သည်၊ ထို့ကြောင့် စည်းကမ်းရှိတဲ့တပ်မတော်ဖြစ်ရေးကို ကြိုးစားလုပ် ဆောင်သည်။
“မင်းတို့သတ်မှတ်တဲ့ အချိန်လွန်သွားတယ်။ ဒုတ်ယူမလား၊ ဒါဏ်ယူမလား”
“ဒါဏ်ယူမယ်၊”
“ကဲ။ ဒါဆို ဟိုမှာထားတဲ့ ရေပုံးနဲ့ ထမ်းပိုးသွားယူ” ရန် ညွှန်ကြားလိုက်သည်။
“အလံတိုင်အောက်မှာထားတဲ့ လေးထောင့်သံပုန်းထဲ ရေအပြည့်ထည့်”
မှတ်ချက်…
ရေဖြည့်ရန်ထားသောရေပုံးမှာ နို့ဆီဘူးဖြစ်သည်၊ နို့ဆီဘူးနှစ်ဘူးနှင့် လေးတောင့်သံပုံး ရေအပြည့်ဖြည့်ရန် မည်မျှကြာမည်ကို ခန့်မှန်း နိုင်မည်ဖြစ်သည်။ ဒါဏ်ယူပါက ကြိမ်ဒါဏ်ဖြစ်သည်၊ ကြခတ်ဝါးလက်မအရွယ်၊ နှစ်တောင်ခန့်ဖြတ်ထားသည်။ အနည်းဆုံး ၃ ချက်မှ ၅ ချက်အထိ အပစ်ပေးခံရမည့် ဖြစ်သည်။
တပ်ဖွဲ့ရုံးသည် တောင်ကုန်းပေါ်တွင်ရှိသည်။ ချောင်းထဲကို ၇ မိနစ်ခန့် ဆင်းရမည်ဖြစ်သည်။ နို့ဆီဘူး ၄ ဘူးနှင့် လေးဒေါင့်သံပုံးအပြည့် ဘယ်နှစ်ခေါက် တက်လိုက်ဆင်းလိုက် ရေအပြည့်ခတ်ရမည်ကို ခန့်မှန်းနိုင်ပါသည်။ ဘယ်ရဲဘော်က လက်သရမ်းထားသည်မသိ။ နို့ဆီ ဘူးများကို အပေါက်ကလေးများပင် ဖေါက်ထားသေးသည်။ မတထောင်သားတွေ။ အခြားတပ်က လက်မခံချင်သူတွေဆိုတော့ ဒီ လောက်လေးတော့ ရှိနိုင်ပါသည်။
မန်းရောဘတ် ဘဇန်

No comments:

Post a Comment

mr.kyaingtun@gmail.com