Sunday, August 19, 2012

ဖါးကပ် တိုက်ပွဲ Posted by on June 15, 2010

ဖါးကပ် တိုက်ပွဲကိုမဖေါ်ပြမီ စစ်နှင့်ပတ်သက်သည့် စစ်သ ဘောထားတချို့ကို တင်ပြလိုသည်။
The purpose of the revolutionary war is peace“တော်လှန်ရေးစစ်ပွဲ၏ ရည်ရွယ်ချက်မှာ ငြိမ်းချမ်းရေးဖြစ် သည်” ကျွန်ုပ်တို့ စစ်တိုက်နေခြင်းသည် တပါးသူကို ကျွန်ပြု၊ အနိုင် ကျင့်၊ စော်ကားရန်မဟုတ်၊ အမျိုးသားလွတ်လပ်ရေး၊ တန်းတူ ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် ကျူးကျော်လာမှုကို ခုခံသည့် တရား သောစစ်ပွဲကို တိုက်နေခြင်းသာ ဖြစ်သည်။
၁၉၈၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်၊ နံနက် ၉းဝဝ နာရီ၊ ကရင် ပြည်နယ်၊ ဖါးအံခရိုင်၊ ပိုင်ကျုံမြို့နယ်ရှိ တပ်မဟာ (၇)၊ တပ် ရင်း (၁၉)၊ စစ်ကြောင်း (၁) တာဝန်ကျရာ စစ်ဒေသတခွင်လုံး ဟေမန္တဆောင်းလရာသီ၌ ဆောင်းနှင်းမြူတို့ဖြင့် အေးမြနေလင့်ကစား နိုင်ငံရေး စစ်ရေးမတည်ငြိမ် မအေးချမ်းပေ။
တပ်မ (၄၄) ၊ ကွပ်ကဲမှုအောက်၊ တပ်ရင်းများ၊ ကြူပင်ခုတ် ကြူငုတ်မကျန် ဖြတ်လေးဖြတ် ဗျူဟာခင်းလျှက်ရှိသည်။ ဖြတ်လေးဖြတ် ဗျူဟာ လူထုနှင့် အဆက်ဖြတ်၊ သတင်းဖြတ်၊ ရိက္ခာဖြတ်၊ သတ်ဖြတ် ဟူ၍ဖြစ်သည်။ ဒုတိယကမ္ဘာစစ်အတွင်း၊ တရုပ်ပြည်သိမ်းပိုက် ရေးစစ်ပွဲကာလ၊ ဖက်ဆစ်ဂျပန်များ ကျင့်သုံးခဲ့သည့် Three All ပေါ်လစီ အတိုင်းဖြစ်သည်။
Kill all အားလုံးသတ်။
Burn all အားလုံးမီးရှို့။
Destroy all အားလုံးဖျက်ဆီး တို့ဖြစ်သည်။
ကျွန်ုပ်တို့ ကရင်ပြည်တွင်း၌၎င်း၊ ဘဝတူညီအစ်ကိုတော် လူမျိုး စုများနယ်မြေများ၌၄င်း ရန်သူများ ဤအတိုင်း ကျင်းသုံးနေ သည်မှာ ရာစုနှစ် တဝက်ကျော်ခဲ့ပြီး။
ကျွန်ုပ်တို့ စစ်ကြောင်း (၁) သည် စစ်ကြောင်းမှူး ဗိုလ်မှူးဂျော်နီ ယခု တပ်မဟာ (၇) တပ်မဟာမှူး ဗိုလ်မှူးချုပ်သူရ စောဂျော်နီ အနီး ကပ်ကွပ်ကဲမှုဖြင့် ပိုင်ကျုံမြို့နယ်တွင်လှုပ်ရှားလျှက် နောတဲခီးရွာ၌ တပ်ချထားသည်။ ထိုစဉ်ကာလ၌ တပ်ခွဲ (၁) သည် ဗိုလ်ကြီးဖါးခလို ဦးစီး၍ တပ်မဟာ (၄) ဘိတ်၊ ထားဝယ်ခရိုင်၌ တာဝန်သွားယူနေရသည်။ တပ်ခွဲ (၂) အား ဗိုလ်ကြီးလူးစီ (ဆုံး) ၊ တပ်ခွဲ (၃) အား ဗိုလ်ကြီးအောင်လင်း မယ်ပရ တပ်ခွဲ (၄) အားမိမိ၊ တပ်ခွဲ (၅) အားဗိုလ်ကြီးဂျော်ဖြူ (ဗိုလ်မှူးချုပ် ဂျော်နီ၏ညီ) စစ်ကြောင်းဌာနချုပ် တပ်ခွဲအား ဗိုလ်ကြီးဒေးဝါးတို့အသီးသီး အုပ်ချုပ်မှုပြုထားသည်။ ကျွန်ုပ်တို့ တပ်ရင်းမှူးမှာ ဒုတိယ ဗိုလ်မှူးကြီးမောင်ထွန်း(ဆုံး) ဖြစ် သည်။ တပ်ရေးဗိုလ် ကြီးရုံးထိုင်မှူးမှာ ဗိုလ်မှူးထွန်းကြိုင်(ဆုံး) တို့ဖြစ်ကြသည်။
ကျွန်ုပ်တို့သည် တပ်မ (၄၄) ကွပ်ကဲမှုအောက်ရှိ ခမရ (၃) နှင့် (၅) တပ်ရင်းများ၏ လှုပ်ရှားမှုကို မျက်ခြေမပြတ်စောင့်ကြည့် အကဲ ခတ်လျက်ရှိသည်။ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်၏ ပြောက်ကျားစစ် ပါရဂူတဦးဖြစ်လာနိုင်သော ဗိုလ်မှူးဂျော်နီမှ “ကျနော်တို့ ဒီလိုစစ်ကြောင်းကြီးနဲ့ လှုပ်ရှားနေရင် ဒီကောင်တွေ ဝင်တိုးရဲမှာ မဟုတ်ဘူး”
တပ်အနည်းစုကိုသာပြပြီး ကျန်စစ်ကြောင်းကို ဖြောက်ထားမယ်၊ ကျနော်နဲ့ တပ်စိတ်တစိတ် ပိုင်ကျုံရန်သူ့ စခန်းနားကဖြတ်ပြီး ကစို ရွာမှာ အယောင်ပြမယ်။ နှစ်ရက်လောက် နေပြမယ်။ စစ်ကြာင်းက ဒီမှာပဲ ခိုနေဦး။ သုံးရက်လောက်ခိုပြီးမှ ညဘက် ညာမရောဘက် ကနေ ဖါးကပ် ကိုဝင်၊ ဟိုရောက်ရင် တပ်ချ၊ ပတ်လည် ကတုတ်ကျင်းတူး၊ ခံစစ် စီမံချက်ချ၊ ကျနော် ရန်သူကို ဒီဘက်ဆွဲခေါ်လာမယ်၊ လုပ်ရိုး လုပ်စဉ်အတိုင်းပဲ ပစ်ခတ်မှုဖြစ်လို့ သေနတ်မရရင် မော်ထူး ရမယ်၊ အားလုံးရှင်းလား။”ဟု ညွန်ကြားချက်ပေးပြီး တပ်စိတ် တ စိတ်နှင့် ထွက်ခွာသွားတော့သည်။
မှတ်ချက်…
မော်ထူး စကောကရင်ဘာသာဖြင့် ဆေးပေါလိပ်ဖြစ်သည်။ ပစ်ခတ်မှုဖြစ်လို့ ရန်သူ့သေနတ်မရပါက ကြိမ်ဒဏ် ၂၅ ရိုက်ခံရမည်၊ တပ် မှူးတပ်သားမရွေး ကျခံရမည့်ပစ်ဒဏ်ဖြစ်သည်။ ကျည်ရောက် လူရောက် စီမံချက်ဖြစ်သည်။ တိုက်ပွဲဖြစ်တိုင်း ရန်သူ့လက်နက်မရပါက တိုက်ပွဲသုံးသပ်ချက်မှာ တိုက်ပွဲရှုံးသည်ဟု သုံးသပ်သည်။ မိမိတပ်မတော်ကို ရန်သူ့လက်နက်ဖြင့် အင်အား ဖြည့်တင်းရမည်ဟူသည့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်၏ စစ်ရေးပေါ်လစီတခုဖြစ်သည်။
စစ်ကြောင်းမှူး ဗိုလ်မှူးဂျော်နီသည် နိုင်ငံတကာ စစ်ပါရဂူများဖြစ်ကြသော တရုတ်စစ်ပါရဂူ ဖုံသက်ဝိုင်၊ မော်စီတုန်း၊ ငုယင်ဂီယပ် (ဇပ်)၊ ချေဂွေဗါးရား၊ ဂျော့ခ်ျ ဂရီးဗတ်စ် (George Grivas) ဆွန်ဇူး၊ ကလော့ဇ်ဝစ်၊ လစ်ဒယ်ဟတ်၊ လက်ဝဲသုနရ စသည့်စစ်ပါရဂူများ ၏ သင်ကြားမှုများကို ဖတ်ခဲ့ဘူး၊ သင်ခဲ့ဘူးခြင်း ရှိမရှိကိုမူ မသိ၊ သို့သော် စစ်မြေပြင်ထက်ကောင်းသော စစ်တက္ကသိုလ်မရှိဆိုသည့် စစ် ဒဿနကို ကောင်းစွာ နားလည်သဘောပေါက်ခဲ့သည်ဟု ထင်သည်။ တိုက်ပွဲပေါင်းမြောက်များစွာမှ သင်ယူရရှိခဲ့ပြီးဖြစ်သည်။
“ရန်သူကို အမျိုးမျိုးလှည့်စား၊ မြူဆွယ် ကျုံးသွင်းပြီး အလျှင်အမြန်တိုက်”
“တိုက်ပွဲတိုင်း အလစ်အငိုက်ယူ”
“ရန်သူရဲ့ အားနည်းတဲ့ အပိုင်းကိုတိုက်”
“မနိုင်ပုံပေါ်ရင် အစီအစဉ်ရှိရှိ ဆုတ်” (All warfare is base on deception) ဆိုသည် “ပြောက်ကျားစစ်” တိုက် နည်းဗျူဟာကို စစ်သားဘဝက သင်ကြားမှတ်ယူထားခဲ့ပြီးဖြစ်သည်။
စစ်ကြောင်းမှူး ဗိုလ်မှူးဂျော်နီ တပ်စိတ်တစိတ်နှင့် စတင်လှုပ်ရှားလိုက်သည်နှင့် ထောက်လှမ်းရေးကွန်ယက်ကို ဖြန့်ကြဲထားသည့် ရန် သူ့ ထောက်လှန်းရေးများမှ … “ငပွေး ဂယောင်နီလာ အငယ်တခုနဲ့ ကစို ဘက်ထွက်သွား” ဟူ၍
မှတ်ချက်…
ငပွေး၊ ကရင်အမျိုးသားများကို နံနှိမ်ခေါ်သည့် ဗမာ့တပ်မတော်၏ လက်သုံးစကား။ ဂယောင်၊ ဂငယ်၊ ဂျော် စကားပြောစက် လျှို့ ဝှက်သင်္ကေတအခေါ်အဝေါ်။
နီလာ၊ နငယ်၊ နီ၊ ဂယောင်နီလာ ဂျော်နီအငယ်တခု၊ တပ်စိတ်တစိတ်၊ အလတ်တခု၊ တပ်စုတစု၊ အကြီးတခု၊ တပ်ခွဲတခွဲကိုဆိုလိုသည်။ စစ်ကြောင်းမှူး ဗိုလ်မှူးဂျော်နီ ကစို ရောက်ပြီးအငြိမ့်ငှားသည်။ ထိုအငြိမ့်အဖွဲ့ကို ဖါးကပ် သို့ ခေါ်ခဲ့ပါပြီး။ ရန်သူကို ဖါးကပ် သို့မြူဆွယ် ၍ ကျုံးသွင်းရန် ခေါ်ခဲ့ခြင်းဖြစ်သည်။ မိမိတို့ စစ်ကြောင်းသည် စီမံချက်အတိုင်း ညာမရော မှတဆင့် ဖါးကပ်သို့ ည ၉ နာရီတွင် ရောက် ရှိသွားတော့သည်။
တပ်ခွဲများ သတ်မှတ်ထားသည့်နေရာ၌ နေရာယူခြင်း၊ ကတုတ်ကျင်း တူးခြင်း၊ ပစ်ပိုင်နယ် ရှာဖွေသတ်မှတ်ခြင်းများ ပြုလုပ်ပြီး၊ တပ်ခွဲရှိ ရဲဘော်များ တဝက်ပွဲကြည့် တဝက်ကင်းချရန် ညွန်ကြားလိုက်သည်။ စစ်ကြောင်းမှူး ငှားလာသော အငြိမ့်အဖွဲ့သည် ဖါးကပ်ရွာ၌ စတင် ကပြလျှက်ရှိသည်။
ဆိုင်းသံ၊ ဗုံသံက တညံညံ …
ရယ်သံက တဝေါဝေါ …


မင်းသမီး သီချင်းသံက တလွင်လွင် …
ကြည်လင်အေးမြတဲ့ ညအချိန်ဖြစ်နေတော့သည်။
“ငပွေး ဂယောင် နီလာတော့ ခုလောက်ဆို မင်းသမီးတွေနဲ့ လုံးနေရောပေါ့၊ ဒီကောင်တွေကို အရှင်ဖမ်းမယ်။ မနက်ဆိုရင် အတုံးအရုံး အိပ်ကုန်ပါပြီး၊” လို့ …
ရန်သူ့တပ်ရင်းမှူး ယူဆနေမှာဖြစ်တယ်။ စီမံချက်သာ မရှိခဲ့ရင်၊ ဖြစ်ရိုးဖြစ်စဉ်အရ ဒီအတိုင်းဖြစ်မှာပါ။
နံနက် ၉းဝဝ နာရီထိုးပါပြီး။
“ဒက်၊ ဒက်၊ ဒက်၊ ဒုံး၊ ဂျိမ်း၊ ဂွမ်း” ဟူသော …
လက်နက်ငယ်၊ လက်နက်ကြီးမျိုးစုံ အသံများသည် ဖါးကပ်ရွာကို အရုပ်ဆိုး၊ အကျည်းတန် သွားစေတော့သည်။ ရန်သူသည် ခတ်စိတ် စိတ် ရင်ဘောင်တန်းပစ်ရင်း၊ အော်ရင်း ချီတက်လာသည်။ မိမိတို့သည် ကျည်ရောက်၊ လူရောက်စနစ်ကို တိတိကျကျ လိုက်နာလုပ် ဆောင်သည်။ ကျည်တတောင့်၊ ရန်သူတယောက်၊ ပစ်ပိုင်နယ် ၂၅ ဂိုက်အရောက်၊ မိမိ တပ်ခွဲ၊ တပ်စု(၁) ၊ တပ်စိတ် (၁) မှ တပ်စိတ် မှူး တပ်ကြပ် မူးမူးခေါ် (ကော့နား) ၏ အမ်ဂျီ ၄၂ စက်လတ် စတင်လှုပ်ရှားလိုက်သည်နှင့် တပြိုင်နက် တပ်စု (၁) တစုလုံး၏ သေ နတ်များ လှုပ်ရှားပစ်ခတ်ကြတော့သည်။
ရင်ဘောင်တန်း ချီတက်လာသည့် ရန်သူ ၈ ယောက်၊ အရုပ်ကြိုးပြတ်၊ လဲကျကုန်တော့သည်။ အနည်းငယ် ငြီးညူယုံမှအပ၊ မကြာခင် အသက်ထွက်ကုန်ကြတော့သည်။ မိမိတို့၏ ကျည်ရောက် လူရောက်စီမံချက်ကြောင့် သေနတ်ပေါက်သည်နှင့် ဝါရင့်စစ်သည်တော်များ ရန်သူ့လက်နက် ၈ လက်ကို သွားရောက်ကောက်ယူလိုက်ပြီးဖြစ်သည်။
၉ မမ ဘရောင်နင် ပစ္စတို ၂ လက်၊ ကာဘိုင် ၁ လက်၊ ဂျီ ၃ ၊ ဂျီ ၄ ၊ ၅ လက် သိမ်းပိုက်ရရှိလိုက်သည်။ တိုက်ပွဲကာလ ၁၅ မိနစ် သာကြာလိုက်သည်။
“လောကွားမှ တာဖ အသံကောင်းလား”
စစ်ကြောင်းမှူးမှ မိမိအားခေါ်နေသည်။
“တာဖ မှ လောကွား၊ အသံ ၅” မိမိပြန်ဖြေသည်။
“အခြေအနေသတင်းပို့”
“သေနတ် ၈ လက်ဘဲ ရသေးတယ်၊ ရန်သူ့ငြီးသံကြားနေရတယ်”
“အကောင်းဆုံးဆက်လုပ်” ရန်
ညွန်ကြားလိုက်သည်။
မှတ်ချက်…
လောကွားစစ်ကြောင်းမှူး စကားပြောစက်အမည်။ တာဖ မိမိစကားပြောစက် အမည်။ အသံ ၅ ၊ စက်အသံ အတိုးအကျယ်အဆင့်၊ ကြည်လင်ပြတ်သား၊ ရှင်းလင်းမှု။ ရှေ့ပြေးတပ်စု ခြေမှုန်းခံလိုက်ရပြီးနောက် မိမိတို့နှင့် ထိတွေ့မှုဖြစ်နေသော တပ်ရင်းမှ၎င်း၊ ဖွေးထော ရူရှိ ပိတ်ဆို့ရေးယူထားသော အခြားစစ်ကြောင်းများမှ ၈၁ မမ စိန်ပြောင်း၊ ၅ မမ နောက်ပွင့် ရိုင်ဖယ်၊ ၆ဝ မမ စိန်ပြောင်း စသည့် လက်နက်ကြီးများဖြင့် အပြင်းအထန် ပုံအောပစ်ခတ်လျှက်ရှိသဖြင့် မိမိတို့ဝန်းးကျင်တခုလုံး မဲမှောင်နေတော့သည်။
တပ်ခွဲရုံးမှ ရဲဘော်များဖြစ်ကြသော တပ်ကြပ်ပုချို ဝမ်းခါ ကက်ဘလူးတိုက်ပွဲတွင်ကျဆုံး၊ ရဲဘော်အောင်ပ၊ ရဲဘော်အယ်မွီး၊ ရဲဘော် ခင်မောင်ဦးတို့သည် ကတုတ်ကျင်းထဲ၌ ရန်သူတက်လာမည်ကို သဲသဲမဲမဲကြည့်နေသည်။ ပစ်ပိုင်နယ် ၂၅ ကိုက်ရောက်မှ ပစ်ကြမည် ဖြစ်သည်။
“လောကွားမှ တာဖ၊ ရန်သူ့ လက်နက်ကြီးပစ်ခတ်မှု သတင်းပို့”
ရန်သူသည် မိမိတို့ စကားပြောစက်သံကို ကြားဖြတ် နား ထောင်လေ့ရှိကြောင်း သိရှိထားသဖြင့် ရန်သူအား လှည့်စားရန် လိုအပ်လာ ပြီးဖြစ်သဖြင့်။
“တာဖ မှ လောကွား” အလွန်တည်ငြိမ် အေးချမ်းသောလေသံဖြင့် …
“ရန်သူ့လက်နက်ကြီး ပစ်နေတဲ့ကောင်တွေ တော်တော်ညံ့တယ်ဗျ၊ ဘယ်နိုင်ငံမှာ သင်တန်းသွားတက်ထားတယ် မသိဘူး၊ ပစ်ရာတခြား၊ ရှရာတခြား ဖြစ်နေတယ်၊ ဒီအတိုင်းသာ ဆက်ပစ်နေရင်၊ ဗမာတ ပြည်လုံးကို ရောင်းပြီးပစ်တာတောင် တဦးတယောက် မှ ထိမှာမဟုတ်ဘူး” ဟု …
အမှန်မှာ မိမိတပ်ခွဲမှ စစ်သည်တဦး၊ တပ်ခွဲ (၅) မှ စစ်သည်တဦးစီ ဒဏ်ရာအသီးသီးရထားသည်။ မိမိ ရန်သူကို လှည့်စားနေမှန်း စစ် ကြောင်းမှူး သိနေသဖြင့် …
“ဒါဆိုဘယ်လောက်ကွာလဲ” လို့မေးလိုက်ရာ
“ကိုက် ၅ဝဝ လောက်ကွာတယ်” ဟု
ရန်သူ့ ဗျူဟာမှူးသည် ၎င်းတို့၏ လက်နက်ကြီးများကို အနောက်ဘက်ကိုက် ၅ဝဝ သို့ ရွေ့ခိုင်းလိုက်တော့သည်။
“အုံး၊ ဒိုင်း၊ ဂျိမ်း၊ ဂွမ်း”
“လောကွား မှ တာဖ၊ အခြေအနေဘယ်လိုလဲ”
“တာဖမှ လောကွား၊”
အလွန်ရှုပ်ထွေး ယောက်ယက်ခပ်နေသည့် ပုံစံဖြင့်
“အခြေအနေမကောင်းဘူး၊ ထိပ်ပေါ်တည့်တည့်ပဲ” ဟုဖြေ လိုက်သည်နှင့် …
ရန်သူဗျူဟာမှူးမှ …
“ဒီနေရာကို မှတ်ပုံတင်ထား၊ အတွဲလိုက်ပစ်၊ ၃ စက္ကန့်တလုံး ပစ်” ဟု
ညွန်ကြားသံကို မိမိတို့ကြားဖြတ်စက်မှ ကြား နေရသည်။ ရန်သူ့လက်နက်ကြီးကျည်များ မိမိတို့နောက်ဘက် ကိုက် ၅ဝဝ လောက်သွား ကျပေါက်ကွဲနေသည်ကို မိမိနှင့် စစ်ကြောင်းမှူးတို့ ပြုံးနေသည်ကို ရန်သူ့ဗျူဟာမှူး မြင်ခဲ့ပါမူ။
ရန်သူ့ လက်နက်ကြီးအန္တရယ် ကင်းဝေးသွားသည်နှင့် ဒဏ်ရာဖြင့် ညည်းညူနေသော ရန်သူအားချော့မြူ သိမ်းသွင်းခေါ်ယူရန်၊ ရန်သူ နှင့် အနီးကပ် ၁ဝ ကိုက်သို့ချည်းကပ်သွားတော့သည်။
“ဟေ့ ရဲဘော်၊ ဒို့ဆီလာခဲ့” ရန် ခေါ်လိုက်သည်။
“ကျနော်လာလို့ မရဘူး၊ ခြေ ထောက်မှာဒဏ်ရာ ရထားတယ်”
“ဒါဆို မင်းသေနတ် ရှေ့ချထား” ဟု
ပြောပြောဆိုဆို မိမိ ကာဘိုင်သေနတ်အား ၎င်းထံချိန်ရွယ် ထားလိုက်သည်။ မိမိအား ရန်သူလှည့်စားနေတာလား၊ ဟုတ်မှဟုတ်ရဲ့ လားဆိုသောသံသယဖြင့် သတိကြီးစွာထားပြီးရန်သူကို ကြည့်နေသည်။
“ကျနော့် သေနတ်မရှိတော့ဘူး၊ အဖေါ်တွေ ယူပြေးသွားပြီး” ဟု
စစ်မြေပြင်၌ ယခုလို ရန်သူနှင့်အပြန်အလှန် စကားပြောခွင့်ရပြီးသည် နှင့် ရန်သူကို မိမိတို့ စည်းရုံးသိမ်းသွင်းနိုင်ပြီး ဖြစ်သည်ကို သိ လိုက်ပါပြီ၊
“ဒါဆို တွားတက်ခဲ့” ရန်
အော်ပြောလိုက်သည်။ စစ်မြေပြင်တ ခုလုံး ခေတ္တတိတ်ဆိတ်နေသည်။ ရှေ့ပြေးတပ်စု ခြေမှုန်းခံလိုက်ရကြောင်း ဗျူဟာမှူးသိနေ သည်။ တခုခုဆောင်ရွက်လာမည် ဖြစ်သည်။ အချိန်ဆွဲနေ၍မဖြစ်၊ တွားတက်ခဲ့ရန် မိမိ ညွန်ကြားချက်ကို နာခံလို့ထင်သည်၊ ရှေ့မှရန် သူ၏ လှုပ်ရှားသံကို ကြားလာသည်။ မြေကြီးနှင့် ကိုယ်ခန္ဓာပွတ်တိုတ်သံကိုကြားနေသည်၊ တစတစ နီးလာပါပြီ၊ မိမိကာဘိုင် သေနတ် အားသေခြာစွာချိန်ရွယ်ထားပြီးကြည့်လိုက်ရာ…
“အိုး၊ ခြေထောက်မှာသွေးတွေ၊ ဒဏ်ရာ ရထားပါလား”
ရန်သူကို ဆေးကုပေးရန် လိုအပ်နေပြီးဖြစ်၍ ရဲဘော်နှစ်ဦးအား ရွာတွင်းသို့ခေါ်သွားရန် ညွန်ကြားလိုက်သည်။
“ဒီ ရန်သူကိုရွာထဲ ခေါ်သွား၊ ဆေးမှူး ဆရာသာလေးဒေး ကျနော်နဲ့လိုက်ခဲ့”
ပြောပြောဆိုဆို ရွာထဲသို့ခေါ်သွားတော့သည်။ ဒဏ်ရာရ ရန်သူသည် သွေးထွက်များလို့ထင်သည် မျက်နှာဖြူဖတ် ဖြူယော်နှင့်။ ကျည်ကွယ်ရသော ထင်းပုံများကြား၌ ဆေးမှူး ဆရာသာလေးဒေး ယခု တပ်ရင်း ၂၄ ဒုတိယတပ်ခွဲမှူး ဗိုလ်သာလေးဒေးသည် လုပ် စရာ ကိုင်စရာများလုပ်နေသည်။ သွေးများကို ဆေးကြောနေသည်၊ ဆေးထိုးပေးနေသည်၊ ပတ်တီးစည်းနေသည်၊ စိတ်ရှည် လက်ရှည် ကိုင်တွယ်နေသည်။ ကုသနေသည်။ စစ်မြေပြင်မှာ စစ်သားစုဆောင်းရေးရှိတယ်၊ ဖမ်းမိရန်သူကို မသတ်ရ၊ မနှိပ်စက်ရ၊ ယဉ်ကျေးစွာ ဆက်ဆံပါ၊ ဒဏ်ရာရ ရန်သူကို ဆေးကုသမှုပြုပါ ဆိုတဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်၏ သုံ့ပန်းပေါ် လစီကို ကျနော့် ဆေးမှူး နားလည်သိရှိထားပြီး ဖြစ်သည်။
ဆေးမှူး၏ စိတ်ရှည် လက်ရှည် မေတ္တာစိတ်ဖြင့် ကုသမှုကြောင့် ဒဏ်ရာမှ သွေးတိတ်သွားတော့သည်။ ဆေးမှူးသည် မိမိအားမော့ ကြည့်ကာ
“ရန်သူအသက် စိုးရိမ်စရာမရှိတော့ကြောင်း၊ အခြေအနေကောင်းသွားပြီးဖြစ်ကြောင်း”
မျက်ရိပ်ပြလိုက်သဖြင့် မိမိဝမ်းသာ မိသည်။ လူသားတယောက်ကို အသက်ရှင်နိုင်အောင် ရန်သူမိတ်ဆွေ မခွဲခြားဘဲ စစ်မြေပြင်မှာ ကယ်နိုင်မိသဖြင့် ဝမ်းသာမိခြင်းဖြစ်သည်။ မိမိတို့ ကရင်တမျိုးသားလုံးကို ကျွန်ပြု၊ သတ်ဖြတ်နေသည့်၊ ရွာဖျက်၊ မီးရှို့၊ မုဒိန်းကျင့်၊ ပေါ် တာဆွဲ၊ လူမဆန်တဲ့၊ သိက္ခာမဲ့တဲ့ အလုပ် အကုန်လုပ်တဲ့ ရန်သူကို ဘာကြောင့် ဆေးကုပေးနေရတာလဲ။
အခြေအနေကောင်းလာပြီဖြစ်သော ရန်သူသည် ဘာတွေ တွေးကြောက်နေမှန်းမသိ
“အဘ အဘ၊ ကျနော်ကို သတ်မလား” တဲ့ …
ထို အခါသမယ၌ မိမိ ပုံသဏ္ဍာန်သည် တောပုန်းကြီးစံဖဲ ပုံပေါက်နေသလားမသိ၊ လူသတ်သမားပုံများ ပေါက်နေသလားမသိ …
“ကျနော်ကို သတ်မလား” တဲ့၊
အမေရိကန် ဗိုလ်ချုပ်ကြီး ဝက်စ်မိုးလန်း (West Moland) ယူနီဖေါင်း၊ စစ်ဖိနပ်၊ သံခမောက်၊ မုတ်ဆိတ် ပသိုင်းမွေးထူလဗြစ်နှင့် ဖြစ် နေသည်။
“မင်းကိုသတ်မယ်ဆိုရင် ဒီအထိ ခေါ်လာပြီး ဆေးကုပေးပါ့မလား”။
စစ်သုံ့ပန်း ရန်သူသည် မိမိအားကြောက်နေပုံရသည်။ ၎င်းတို့တက်ခဲ့ရသော အခြေခံစစ်သင်တန်းကျောင်းများ၌ ကရင်သူပုန်တွေဟာ ဆိုးသွမ်းကြောင်း၊ ရက်စက်ကြောင်း၊ ဖမ်းမိရင် ဝါးကြောပြားနဲ့လယ် ပင်းကိုလှီးသတ်ကြောင်း၊ ဝက်တုတ်တုတ်ပြီး ထုတ်မှာဆွဲ၊ ဝါးရင်း တုတ်နဲ့ ရိုက်သတ်ကြောင်း အမျိုးမျိုး သွားပုတ်လေလွင့် ပြောထားသင်ထားမည်ကို သိလိုက်ရသည်။
“သူ့ကိုသတ်ရင် ကရင်ပြည်ရလာမှာမှ မဟုတ်တာ”
“သူသတ်၊ ကိုယ်သတ်ဆိုရင် ဒီအမုန်းသံသရာကြီး ဘယ်တော့အဆုံး သတ်တော့ မှာလဲ”
“ခုခံစစ်ကိုဆင်နွဲနေတဲ့ တို့တပ်မတော်ဟာ တို့အမိမြေထဲကျူးကျော်လာတဲ့ ရန်သူကို
စစ်မြေပြင်မှာ ခြေမှုန်းရမယ်၊ ဖမ်းမိတဲ့ ရန် သူ့စစ် သုံ့ပန်းကို တို့တပ်မတော်ရဲ့ သုံ့ပန်းပေါ်လစီ အတိုင်းကျင့်သုံးရမယ်၊ စစ်ဖြစ်နေတဲ့ နှစ်ဘက်စစ်တပ်ဟာ ပြည်ထောင်စုဘွား ညီနောင် တွေဖြစ်တယ်။ နိုင်ငံခြားသား ကျူးကျော်လာသူတွေမဟုတ်ဘူး၊”
“တို့ညီနှောင်များအကြား ဖြစ်ပွားနေတဲ့ ပြသနာတွေကို စစ်နဲ့ဖြေရှင်းတဲ့ နည်းပဲရှိသလား။ အခြားနည်း မရှိတော့ဘူးလား။ ၁၉၄၈ ခုနှစ် က ဒီနေ့အထိ စစ်ဖြစ်နေတယ်၊ သတ်နေကြတယ်၊ အပစ်မဲ့ ပြည်သူတွေ သောက်သောက်လဲသေကြတယ်”
သွေးပင်လယ်ထဲလူ့အလောင်းတွေနဲ့ပြည့်နေတဲ့ တိုင်းပြည်ဖြစ်နေပြီး စိတ်မကောင်း စွာနဲ့ ဒဏ်ရာရ ရန်သူကိုကြည့်ပြီး လုပ်ကိုင်စရာ များကို ဆက်လုပ်တော့သည်။ ကြောက်လန့်နေတဲ့ရန်သူ စိတ်ငြိမ်သွားစေရန် …
“ဆေးလိပ် သောက်တတ်သလား” ဟုမေးရာ၊
“သောက်တတ်ကြောင်း” ဖြေသဖြင့်
ဆေးမှူးဆရာသာလေးဒေး မှ ညဈေးကဝယ်လာ သော စီးကရက်တလိပ် ထုတ်ပြီး မီးညှိပေးလိုက်သည်။ ဆေးလိပ်သောက်ပြီး စိတ်ငြိမ်သွားပုံရသဖြင့်၊
“မင်းနာမည်” မေးလိုက်ရာ၊
“ကြည်အေး”
“ကိုယ်ပိုင်အမှတ်”
“၅၆၅ ၅၆၄”
“အဆင့်”
“တပ်သား”
“တပ်ဖွဲ့”
“မ ၃”
“လူမျိုး”
“ဗမာ” ၎င်းကိုမေးနေစဉ် မိမိအတွေး၌
“ဒဏ်ရာရ ရန်သူသည် မိမိတို့ကရင်လူမျိုးကို သတ်ချင်လို့၊ မုန်းတီးလို့ စစ်ထဲဝင်ခြင်းမဖြစ်နိုင်၊ စစ်အာဏာရှင်များ၏ စစ်တပ်ကြီးစိုးရေး၊ အာဏာတည်မြဲရေး စနစ်ဆိုးကြောင့် လူနေမှု အဆင့်အတန်းနိမ့်ကျပြီး စားရမဲ့၊ သောက်ရမဲ့ ဘဝရောက်နေကြသဖြင့် စစ်ထဲဝင်လာ ခြင်းဖြစ်မည်”
“အထက်အမိန့်အရ ကျားတက်ထိုးခြင်း” ဖြစ်မည်။ သွေးထွက်လွန်နေသဖြင့် မျက်နှာဖြူဖတ် ဖြူယော်ဖြစ်နေသော တပ်သားကြည်အေးကိုကြည့်ပြီး၊ မိမိဖခင် မန်းဘဇန်၏ သြဝါဒကို ကြား ယောင်လာသည်။
“စစ်မြေပြင်မှာ ရန်သူကိုဖမ်းမိရင် မသတ်ရ၊ မနှိပ်စက်ရ၊ ကောင်းစွာဆက်ဆံပါ၊ ဒဏ်ရာနဲ့ဆိုရင်ဆေးကုပေးပါ”
“စစ်သားစုဆောင်းရေးဟာ စစ်မြေပြင်မှာရှိတယ်”
မိမိယုံကြည် ကိုးကွယ်တဲ့ သခင်ခရစ်တော်က …
“love your enemy ၏ သင့်ရန်သူကိုချစ်ပါ” လို့ သွန်သင်ခဲ့သည်။
မိမိဖခင်ရဲ့သွန်သင်မှုနဲ့ သခင်ခရစ်တော်ရဲ့သြဝါဒကို လက်တွေ့အကောင်အထည် ဖေါ်ခွင့်ရလိုက်တဲ့အတွက် မိမိကြည်နူးမိသည်။ ထိုအ ချိန်၌ သေနတ်သံများ ပြန်လည်ပေါ်ထွက်လာသည်။ တပ်သားကြည်အေးအား ဆေးမှူးနှင့်ထားခဲ့ပြီး မိမိတပ်ရှိရာပြန်လာသည်။ တိုက် ပွဲများပြင်းထန်စွာ ပြန်လည်ဖြစ်ပွားလာသည်။ သေနတ်သံမျိုးစုံ ပေါ်ထွက်လာသည်။ ထိတွေ့မှုဖြစ်နေသော မ ၃ မှ ၎င်း၊ ဖွေးထောရူ မှ ပိတ်ဆို့မှုယူထားသော မ ၅ မှ လက်နက်ကြီးများနှင့် စုပုံပစ်ခတ်လာသည်။
“လောကွားမှ တာဖ၊ ကစိုမှာ လ ၂၈ ရောက်လာ၊ နောက်ကြောက ပိတ်ဝိုင်းဖို့ရှိ၊ ဒါကြောင့် အစီအစဉ်အတိုင်းဆက်လုပ်”
ရန်ညွန်ကြား လာသဖြင့် လူနာရှိရာသို့ပြန်လာပြီး၊ မ ၃ တပ်ရင်းမှူးထံ စာတိုလေးရေးခဲ့သည်။ ကြည်အေး စစ်ခုံရုံးမရောက်ရန်နှင့် ထောင်မကျရန် အတွက်
“တပ်သားကြည်အေးကို ဒဏ်ရာနှင့် ဖမ်းမိ၊ ဆေးကုသမှုပြုခဲ့၊ အသက်အန္တရယ် မစိုးရိမ်ရတော့၊ မိမိတို့ ဘာကြောင့်စစ်တိုက်နေ လဲဆိုတာ နားလည်ပါဗျာ” ဟု၊
တပ်ခွဲ (၃) မှ ဗိုလ်ကူသေး ကျဆုံးအား အစီအစဉ်အတိုင်း စတင်ဆုတ်ခွာရန် ထပ်ဆင့်ညွန်ကြားလိုက်သည်။ မိမိလည်း ရဲဘော် ကြည် အေးကို ထင်းပုံကြား၌ထားခဲ့ပြီး အစီအစဉ်အတိုင်း ဖါးအီးသို့ ဆုတ်ခွာလာတော့သည်။ မိမိတပ်ခွဲသည် မ ၃ မှ ကျဆုံး တပ်မှူးနှစ်ဦး ဖြစ်သော ဗိုလ်မြင့်အောင်နှင့် ဒုတိယဗိုလ် မြင့်ဝင်းကြူထံမှ သိမ်းပိုက်ရရှိလိုက်သော ပစ္စတိုနှစ်လက်နှင့် ကျန်အခြားလက်နက် ၆ လက် ကိုယူဆောင်၍ စုရပ်သို့ ပြန်လည်ထွက်ခွါလာတော့သည်။
တိုက်ပွဲတပွဲကတော့ ပြီးသွားပါပြီ၊ အချိန်တိုအတွင်း ရန်သူ့လက်နက် ၈ လက်ရရှိ။ မိမိဘက် ဒဏ်ရာ ၂ ဦး၊ မိမိ ကျည်သုံးစာရင်း ထောင်ဂဏန်းမျှသာရှိသည်၊ မိမိအောင်ပွဲကား ဒဏ်ရာနှင့်ဖမ်းမိသော ရန်သူစစ်သုံ့ပန်းကို မိမိတို့တပ်မတော်၏ သုံ့ပန်းပေါ်လစီကို တိ ကျစွာကျင့်သုံးနိုင်ခဲ့သဖြင့် ဝမ်းမြောက်ပိတိဖြစ်ရပါသည်။ အကယ်၍သာ တပ်သားကြည်အေးတယောက် အသက်ရှင်နေသေးပါက အမိပြည်ထောင်စုတဝှမ်း ငြိမ်းချမ်းသာယာဝပြောရေး၊ လူမျိုးစုံ သွေးစည်းချစ်ကြည်ရေးနှင့် ငြိမ်းချမ်းရေးအတွက် စွမ်းဆောင်နိုင်ပါစေ ဟု ဆုတောင်းလိုက်ပါသည်။
မန်းရောဘတ် ဘဇန်

No comments:

Post a Comment

mr.kyaingtun@gmail.com