- ငါတို့သည် အမျိုးသားလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ပါ မည်။
- ငါတို့သည် အမျိုးသား ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် တိုက်ပွဲဝင်ပါမည်။
- ငါတို့သည် ကျဆုံးလေပြီးသော အာဇာနည်များအပေါ် သစ္စာ ရှိပါမည်။
- ငါအား အထက်မှပေးအပ်သော တာဝန်နှင့် ဝတ္တရားများကို ကျေပြွန်စွာထမ်းဆောင်ပါမည်ဟု သစ္စာပြုပါသည် …
ဟူသော သစ္စာပြုသံသည် ဝေါ်လေတရွာလုံးကို လွမ်းခြုံသွား တော့သည်။ တပ်ရေးဗိုလ်ကြီး စောစိုင်းမွန်သည် မိမိအား မိန့် ခွန်းခြွေရန် လာရောက်သတင်းပို့သဖြင့် တန်းစီထားပြီး သတိအနေအထားနှင့်ရှိနေသော ရဲဘော်များရှိရာသို့လာပြီး …
“တပ်ဖွဲ့ သက်သာ။ အေးစေ”
အနေအထားနှင့်နေစေပြီး မိမိစကားစပြောလိုက်သည်။
ရဲဘော်တို့ …
ငါတို့ မနက်ဖန်ခရီးထွက်တော့မယ်။ သွားရမယ့်ခရီးကဝေးတယ်။ တဖက်နိုင်ငံကိုဖြတ်သွားရမယ်။ တိတ်တိတ်၊ ဆိတ်ဆိတ်ရှိဘို့လိုတယ်။ ကိုယ့်တိုင်းပြည်မဟုတ်ဘူး၊ သတ်မှတ်ထားတဲ့ ကားရပ်မယ့် နေရာရောက်မှ အိမ်သာတက်ရမယ်။ စားရမယ့်နေရာရောက်မှ စားရ သောက်ရမယ်၊ တို့တတွေဟာ ပျော်ပွဲစားထွက်တာမဟုတ်ဘူး၊ စစ်ဆင်ရေးကြီးတခုကို ဆင်နွှဲရမှာဖြစ်တယ်၊ အသွားခြေရာပဲရှိရင်ရှိမယ်။ ဘာပဲဖြစ်ဖြစ်၊ စစ်ထဲဝင်ကတည်းက ရှင်သေမင်းကိုသစ္စာနှံထားကြပြီးဖြစ်တယ်။ အမျိုးသားအလံတော်ကို ကိုင်တွယ်သစ္စာဆိုထားပြီး လည်း ဖြစ်တယ်။ ဘယ်နေရာ ဘယ်အချိန်ပဲသေသေ၊ ကြိုက်တဲ့အချိန် အမျိုးသားအတွက် အသေခံတိုက်ပွဲဝင်မယ်လို့ ငါတို့အားလုံး သစ္စာပြုထားတယ် အဆန်းမဟုတ်ဘူး။ (Death Rather Than Slavery) (Death Rather Than to be a coward) “ကျွန်ဖြစ်ရ ခြင်းထက် သေတာကမြတ်တယ်၊ သရဲပေါကြောင်ခြင်းထက် သေတာကမြတ်တယ်” လို့ “ငါတို့ခံယူထားကြပြီး”
ခုတန်းစီထားတဲ့ ရဲဘော်အားလုံး ငါနဲ့လိုက်မယ့် ရဲဘော်တွေ မဟုတ်လား….
“ဟုတ်တယ်” ဟူသော …
အဖြေတကွင်းလုံးဆူညံသွားသည်။ လိုက်မယ့် ရဲဘော်စာရင်းကို တပ်ရေးဗိုလ်ကြီးဖတ်ပြသည်…
မန်းရောဘတ်ဇန်၊ စောစိုင်းမွန်၊ စောတင့်လွင်၊ စောထူးထူး၊ မန်းငြိမ်းငြိမ်း၊ စောကော်လာ၊ စောထဲနစင် (KNU/KNLA)၊ စောကေး ဒိုစေး၊ စောသောထူး၊ (ယွားဟေလူတိုက်ပွဲ့ကျဆုံး)၊ စောထီဘလု၊ စောဖိုးသာထူး (ယွားဟေလူတိုက်ပွဲ့ ကျဆုံး)၊ မန်းထွန်းမြင့်၊ မန်းကြာကြေး၊ မန်းအောင်ထွန်း၊ မန်းနန်းအောင်၊ မန်းအေးသောင်း (DKBA)၊ မန်းကတုံး (ဇဒိန်၊ လေညှာတိုက်ပွဲ့ကျဆုံး)၊ မန်းရွှေမန်းစိန်၊ မန်းချစ်ဝင်း၊ စောမော်ကွီး၊ မန်ဂျိုးဖြူ၊ မန်းတင်ထွန်း (ဇဒိန်။လေညာတိုက်ပွဲ့ကျဆုံး)၊ မန်းဝင်းဘို၊ မန်းဒေးဗစ်၊ ကိုကျော်စွာ (ဆုံး) စောသန်းဝင်း (စော ကုလား)၊ မန်းမောင်အေး၊ စောပန်းဝေ(လက်နက်ချ)၊ မန်းကြည်မြင့်၊ မန်းကြည်အေး၊ မန်းသောင်းစိန်၊ မန်းသာဓု၊ မိုဟာမက် ငမဲ (ကျော် ဆန်း)၊ စောဝင်းနေထူး၊ စောကော်နေထူး၊ စလိုင်းနေဦး၊ မန်းလဘို၊ စောဆာဒူးဒူ၊ မန်းစောငယ် (ဆုံး)၊ မန်းလှမြင့်(ဆုံး)၊ မန်းမြင့်လှိုင်၊ မန်းကျော်ဇေယျ၊ မန်းကျော်မိုးနိုင်၊ မန်းအဖု၊ မန်းအယိုင့် (DKBA) မန်းရွှေလာ၊ မန်းမောင်ပိန်၊ စောသက်ဇော်၊ စောခင်မောင်ထွန်း၊ မန်း ကျော်ကျော် နှင့် စောလားဟေး တို့ ဖြစ်ကြောင်းဖတ်ပြသည်၊ စုစုပေါင်း ရဲဘော် ၅ ကျိပ် ဖြစ်သည်။ တပ်ရေးဗိုလ်ကြီး စောစိုင်းမွန် အင် အားစာရင်း ဖတ်ကြားပြီးနောက်မိမိမှ မိန့်ခွန်း ဆက်ပြောသည်။
ရဲဘော်တို့…
စစ်ထွက်ပြီးဆိုရင် ချစ်ဦးသူတွေကို ခွဲခွာရမယ်၊ အိမ်သူသက်ထား ချစ်ဇနီးမယားတွေ သားသမီးတွေကို ရက်ရှည်လများ ခွဲခွာရမယ်။ ဒါဟာ ကမ္ဘာ့စစ်သမိုင်းအစကတည်းက ဖြစ်ရှိခဲ့တဲ့တရားတွေ ဖြစ်တယ်။ ငါကတော့ ရှေ့တန်းထွက်ပြီးဆိုတာနဲ့ အားလုံးကိုမေ့ထား လိုက်တယ်။ ဘာသံယောစဉ်မှ မထားဘူး။ ငါတယောက်တည်းရှိတယ်လို့ ခံယူလိုက်တယ်။ ဒီလိုမှမဟုတ်ရင် ငါလည်းလူတယောက်ပဲ ကွ၊ မိသားစုကို သတိရတာတို့၊ လွမ်းတာတို့ ဖြစ်တယ်။ ဒါကြောင့် အားလုံးမေ့ထားလိုက်၊ ပြန်တွေ့ကြမှပဲ တဝကြီးချစ်ပေါ့ ဟုတ်လား ဟု မိန့်ကြားပြီး တပ်ရေးဗိုလ်ကြီး စောစိုင်းမွန် ကို ဆက်လုပ်ရန် ညွန်ကြားလိုက်သည်။
နောက်နေ့ နိုဝင်ဘာလ ၃ဝ ရက်။ ၁၉၈၉ ခုနှစ် ခရီးစထွက်သည်။ တနေ့လုံးကားစီးသည်၊ တညလုံးကားစီးပြီး ညသန်းခေါင်ကျော်မှ မိုးတောင် ရောက်တော့သည်။ Sweet December ဟု ပြိုင်တူထောပနာပြုသံကြားနေရသည်။
“အော် ဒီဇင်ဘာလ တောင်ရောက်တော့မှာလား၊”
“ကျန်ခဲ့တဲ့ ဇနီးနဲ့သား သမီးလေးတွေ Sweet December ည ဘုရားဝတ်ပြုကြတော့မည်ကို မြင်ယောင်လာသည်။
မိုးတောင် ရောက်ပြီး တပ်တွေကိုနေရာချသည်။ ထိုစဉ်က ဘိတ် ထားဝယ်ခရိုင် တပ်ရင်း ၁ဝ အဆင့်သာရှိသေးသည်။ မိုးတောင်တွင် တပ်ခွဲတခွဲထားသည်။ မိုးတောင် တာဝန်ခံမှာ ဗိုလ်မှူးဟန်ကြည် ဖြစ်သည်။
မှတ်ချက် …
တပ်ရင်း ၁ဝ မှ NDF အပါတ်စဉ် ၁ မိမိနှင့် ဗိုလ်သင်တန်းအတူတက်ရောက်ခဲ့သူများမှာ မိမိ မှတ်မိသလောက်၊ ဗိုလ်မူကယ်၊ ဗိုလ် ကောကရ။ ဗိုလ်လွမ်းထူးမြတ်၊ ဗိုလ်ထွန်းထွန်း၊ ဗိုလ်တာအယ်မူး၊ ဗိုလ်အောင်နိုင် တို့ဖြစ်သည်။ မိမိတို့ မိုးတောင် ရောက်စဉ် မိမိနှင့် အ ပတ်စဉ်တခုထဲမှ ဗိုလ်ကောကရ နှင့် ပြန်တွေ့သည်။ နယ်မြေအခြေအနေ ရန်သူ့အခြေအနေကို မေးသည။ ထားဝယ်မြို့ ခလရ (၂၅) တရင်းသာရှိသည်။ နောင်းဘွာတောကြီးသည် ဆူးခြုံတွေထူထပ်သည်၊ ကျယ်သည်။ ရန်သူစထွက်ကတဲက ပြောက်ကျားဆက်တိုက် ပစ်နေရင် တော်တော်နှင့် မိုးတောင် မရောက်နိုင်၊ KNDO တွေ တပ်ချထားတဲ့နေရာကလဲ စိုးမိုးကုန်း ဖြစ်နေသည်။ မြေပြင်အနေအ ထားအရ စစ်တိုက်လို့ကောင်းသည်ဟု မှတ်ယူထားသည်။
နောက်နေ့ ၈၈ ပြည်သူ့တော်လှန်ရေး ရဲဘော်များရှိရာစခန်းကို သွားလယ်သည်။ နှစ်ရာခန့်ရှိမည်။ လူငယ်၊ လူရွှယ်၊ ရဲဘော်၊ ရဲမေတွေ ဖြစ်သည်။ တော်လှန်စစ်အတွေ့အကြုံ နုနယ်သေးသူများ ဖြစ်သည်။ သို့သော် ပြည်သူ့တော်လှန်ရေး စိတ်ဓါတ်ကတော့ တောင်ထိပ်မှာ ရှိနေသည်။ ထိုရဲဘော်များအနက်၊ ကျောင်းသားတပ်မတော် ABSDF တပ်ရင်း ၂ဝ၃ တပ်ရင်းမှူး ဖြစ်လာမည့် ကိုထိန်လင်းနှင့်တွေ့ သည်။ ဘိတ်သံဝဲဝဲ နှင့် သူစကားပြောသံမှာ နားထောင်လို့ကောင်းနေသည်။
“ခင်ဗျားတို့ အဖွဲ့မှာသေနတ်ဘယ်လောက်ရှိလဲ၊”
“ရိုင်ဖယ် သုံးလက်”
“နည်းတာပေါ့။ ကျနော့မှာ ဝမ်းခါ တိုက်ပွဲက ရထားတဲ့သေနတ်အပို ၁၅ လက်ရှိတယ်၊ စစ်တိုက်ချင်တဲ့ ရဲဘော် ၁၅ ယောက် ကျနော်နဲ့ အတူလိုက်လို့ရတယ်၊ သဘောတူရင် နက်ဖြန် ကျနော့်ဆီလာခဲ့” ရန်ပြောပြီး မိမိအခြေပြုရာသို့ ပြန်လာသည်။
နောက်နေ့ ဗိုလ်ထိန်လင်းအပါအဝင် ရဲဘော် ၁၅ ယောက် ကျနော့်ထံရောက်လာသည်။ မိမိရဲဘော်များနှင့်အတူထားပြီး အမျိုးသား လွတ်မြောက်ရေးနှင့် ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်မည့် မိမိရဲဘော်များအဖြစ် သဘောထားလိုက်သည်။ မိမိတို့အခြေပြုထား သောနေရာအရှေ့တွင် ဘော်လုံးကွင်းရှိသည်။ ရဲဘော်များ ကြံ့ခိုင်ရေးနှင့် သက်လုံကောင်းမွန်ရေးအတွက် ဘော်လုံးကွင်းပတ်၍ အ နည်းဆုံး ၁ဝ ပတ် ပြေးခိုင်းသည်၊ မိမိလည်းဝင်ပြေးသည်။ ပြေးနေစဉ် ခြေလှမ်းညီရန်အတွက်…
“ကတီ၊ နီာ်ဂံ၊ တ၊ ခံ သ၊ လွံ၊ တ၊ ခံ သ၊ လွံ၊ ဒုးဆူ၊ ဆူ၊ တ၊ မ၊ န၊ မ့ ပတ၊ ဒုးဆူ၊ ဆူ၊ တ၊ မ၊ န၊ မ့၊ ပတ” ဟု
ကရင်ရဲဘော်များ အော်နေသလို ကျောင်းသားရဲဘော်များလိုက် အော်ကြသည်။
သူတို့ဘယ်လိုကြားသလဲမသိ၊ ၎င်းတို့အော်သံမှာ
“အီဇူးဇူး။ တပ်မနှစ်။ ဘေးဖယ်ထား” ဟူဖြစ်သည်၊ အမှန်မှာ …
“များများတိုက်၊ အောင်ပွဲဟာတို့အတွက်” ဟု ဖြစ်သည်။
မိမိတို့ ချီတက်ရမည့်ရည်မှန်းချက်မရောက်သေး။ မိုးတောင်သည် ခရီးတဝက်သာ ရောက်သေးသည်။ မကြာမီ မိမိနှင့် ဒေသခံ ၃ ယောက် ရွားဟေလူသို့ ချီတက်ကြသည်၊ မိုးတောင်သည် တဘက်နိုင်ငံ ပရာကျွပ်ကီရီခံမြို့နှင့် နီးပြီး ယွားဟေလူသည် တဘက်နိုင်ငံ ချွုံဖုန်းမြို့နှင့် နီးသည်၊ ဘုတ်ပြင်းမြို့ အရှေ့ဘက်နှင့် မာရမ်းမြောက်ဘက်တွင်ရှိသည်။ နယ်ခြားသစ်လုပ်ငန်း ဂိတ်လေးဖြစ်သည်။ ထို ဂိတ်ကို ဗိုလ်ကြီးလှစိုး (ကျဆုံး) မှ ယွားဟေလူ ဟု အမည်ပေးထားသည်။ ယွားဟေလူ စကောကရင် အဓိပ္ပါယ်မှာ ဘုရားပေးသော ကုန်းဖြစ်သည်။ ထိုကုန်းနှင့်မနီးမဝေးတွင် ပွိုင့် (၄၉၁) တောင်ကုန်းရှိသည်။ ဗမာ့တပ်မတော်၊ ကမ်းရိုးတန်းတိုင်းတပ်များ မသိသူရှား သည်။
ယွားဟေလူ ဒေသတခုလုံး မုန်တိုင်းကြီးမွှေခဲ့ဘူးသဖြင့် သစ်ပင်ကြီးများ အမြစ်ကျွတ်ထွက်ကုန်သည်။ သစ်ပင်ကြီးများအောက်တွင် အ သစ်ထွက်လာသော အပင်များဖြင့် ပြည့်ကြပ်နေသည်။ ခြုံပုတ်၊ နွယ်ပင်များကို တိုးလို့မပေါက်၊ သွားလာရန်ခက်ခဲသည်။ သစ်ကိုင်း ပေါ်ကျော်၍ တနေရာမှ တနေရာသွားရသည်။ တောကောင်များ တကောင်တလေမှ မတွေ့၊ ဖါးအော်သံမှတပါး၊ မြောက်ကျိုးခွေသံ များလည်းမကြားရ၊ အစားဆင်းရဲ၊ အနေဆင်းရဲမည့် နေရာဖြစ်သည်။ ပေါများတာတော့ရှိသည်။ အခြားမဟုတ် နေ့နေ့ ညည တပ်တော် ကြီးနှင့် ချီတက်လာပြီး သွေးလာစုတ်ကြသော ခြင်အုပ်ကြီးရှိသည်။
မိမိစဉ်းစားမိသည် သမာကျမ်းစာထဲမှ Promise Land သည် ပျားရည်နှင့် နွားနို့ စီးဆင်းရာအရပ်ဖြစ်သည်ဟု ကြားဘူးသည်။ ယခု ရောက်ရာအရပ်သည် သွားလာရန် ခက်ခဲသော တောင်ကုန်း နှင့် မိနစ် ၃ဝ ခန့် ရေဆင်းခတ်၊ ရေဆင်းချိုးရမည့်နေရာ ဖြစ်သည်။ မတတ်နိုင်၊ အခက်အခဲဟူသမျှ ကျော်ဖြတ်နိုင်ရမည်၊ ရှေ့မှာရှိတဲ့ ဆူးညှောင့်ခလုပ် မှန်သမျှ ရှင်းထုတ်နိုင်ရမည် ဟု မိမိတို့ ထွက်မ လာမီ ဆုံးဖြတ်ထားပြီးလည်း ဖြစ်သည်။ နယ်မြေအခြေအနေ၊ ရန်သူ့အခြေအနေများကို လေ့လာသိရှိပြီး မိုးတောင် သို့ ပြန်လာသည်။ မိမိရဲဘော်များကို ပြန်ခေါ်ရန်စီစဉ်သည်။ မိမိတို့ မိုးတောင် စခန်း၌ရှိနေစဉ် ဖလူးစခန်းကျသွားကြောင်း ကြေးနန်းရသည်။ တပ်မှူး တော်တော်များများ ဝေါ်လေ ခရစ်စမတ်ပွဲ ကျင်းပနေကြောင်း အလစ်အငိုက်ယူပြီး တိုက်လိုက်ကြောင်း၊ ထို့ကြောင့် ထိုစခန်း ကျ သွားကြောင်းသိရဖြင့် စိတ်ပျက်မိသလို စိတ်မကောင်းခြင်း ဖြစ်မိသည်။ ဖလူး ၌ ကျခဲ့သော မိမိသွေးနီများပင် မခြောက်သေးဟု ထင်မိ သည်။
ယွားဟေလူ သို့ မိမိတို့အားလုံး ချောချောမောမော ရောက်သွားပါပြီး။ ကြိုတင်ကြည့်ရှုထားပြီးဖြစ်၍ တပ်ဖွဲ့ရုံးစိုက်မည့်နေရာ၊ ဗိုလ်ထိန် လင်း ဦးစီး ကျောင်းသားတပ်ဖွဲ့နေရာ၊ နယ်စပ်ဂိတ်နေရာ၊ သင်တန်းကွင်းနေရာ။ ဆေးရုံ။ ရိက္ခာရုံစသည့် စီစဉ်ထားသည့်နေရာများသို့ သက်ဆိုင်ရာဌာန တာဝန်ခံများကိုပြောပြသည်။ ရေရှိသောနေရာ၌ မြေပြန့်ရှိသဖြင့် ဆေးရုံ၊ ရိက္ခာရုံ ထားမည်ဖြစ်သည်။ ဆေးအဖွဲ့၊ ရိက္ခာအဖွဲ့များ သတ်မှတ်ပေးသောနေရာ ခုတ်ထွင်ရှင်းရန်ဖြစ်သည်။ နယ်ခြားဂိတ်နေရာ၌ ဗိုလ်စိုင်းမွန်တို့အဖွဲ့ကိုထားပြီး မိမိနှင့် ရုံးအဖွဲ့သည် စိုးမိုးကုန်း ကီးဒိုကုန်း၌ နေရာချမည်ဖြစ်သည်။ နောက်နေ့တွင် သက်ဆိုင်ရာဌာနတာဝန်ခံများနှင့် ရဲဘော်များသတ်မှတ် ထားသည့်နေရာသို့ နေရာရှင်းရန်လှုပ်ရှားကြတော့သည်။ မိမိသည် နံနက်စာစားပြီး ကီးဒိုကုန်းသို့ ဗိုလ်တင့်လွင်နှင့် တပ်စိတ်တစိတ် ခေါ်ပြီး နေရာသွားရှင်းတော့သည်။ နယ်ခြားဂိတ်မှ တောင်ကြောအတိုင်း တက်ရမည်ဖြစ်သည်၊ လမ်းမရှိ၊ လဲနေသောသစ်ပင်ကြီးများ ပေါ် ခက်ခက်ခဲခဲတက်သွားရသည်။ ပုံမှန်နာရီဝက်ခရီးကို နှစ်နာရီခန့်တက်ရသည်။ လမ်းတလျောက် တချို့အပင်များ၌ အရွက်သည် လက်ကိုထိမိပါက ဘောက်ဖတ်ထိသလို ယားယံနာကျင်လာသည်။ အခက်အခဲပေါင်းစုံ ရင်ဆိုင်နေရသည်။
တပါတ်ခန့်အကြာ တပ်ရင်း ၁ဝ မှ ပြန်တမ်းတခုရောက်လာသည်။ မိမိတို့အဖွဲ့အား စစ်ကြောင်း ၃ ဟု သတ်မှတ်လိုက်သည်၊ မိမိတို့ အုပ်ချုပ်မှုအောက်တွင် ဗိုလ်ခိုင်ရာဇာ(အိန္ဒိယ ကျွန်းတကျွန်းတွင်ကရင်၊ ရခိုင်တပ်မှူးတချို့နှင့် ရက်စက်စွာအသတ်ခံလိုက်ရသူ) ဦးစီး သော ရခိုင်အမျိုးသားအဖွဲ့ ဗိုလ်အဒူလာ ဦးစီးသော ကော်သူးလေ မွစ္စလင်လွတ်မြောက်ရေးတပ်ဖွဲ့ ရှိသည်၊ စစ်ကြောင်း ၃ အဆင်ပြေ ချောမွေ့စေရေးအတွက်ရခိုင်နှင့် မွစ္စလင်အဖွဲ့များကိုစစ်ကြောင်းရုံးသို့ ပြန်လာရန်ညွှန်ကြားလိုက်သည်။ လူစုံရောက်လာပြီးဖြစ်၍ စည်း ဝေးပွဲပြုလုပ်သည်။ အချက် ၃ ချက်ချမှတ်လိုက်သည်။ ပဋ္ဌမအချက် အဆင့် ၁၊ အခြေခံစခန်းခိုင်မာရေး ဒုတိယအချက်၊ အဆင့် ၂၊ လူထုစည်းရုံးရေးနှင့် တတိယအချက်၊ အဆင့် ၃၊ ပင်လယ်ပြင်စိုးမိုးရေးတို့ ဖြစ်သည်။
နယ်မြေအနေနှင့် ပတ်သက်ပြီး …
“ဘုတ်ပြင်းမှာ ခလရ (၂၂၄) ရှိတယ်၊ ကော့သောင်မှာ၊ တခွဲ၊ မာရမ်းမှာတခွဲရှိတယ်။ စခန်းရဲ့တောင်ဘက်မှာ ဗိုလ်သွေး ဦးစီးတဲ့ ဒညတ အဖွဲ့၊ တို့ရဲ့မြောက်ဘက်မှာ ဗဂုံမာန် ဦးစီးတဲ့ မွန်အဖွဲ့၊ မွန်အဖွဲ့နဲ့ ကျနော်တို့ကြားမှာ ရတနာပုံမိုင်းရှိတယ်။ ရန်သူရှိတယ်။ ကရသူရိ ဂွင်မှာ လှုပ်ရှားနေတဲ့ ဓားပြအဖွဲ့ ရှိတယ်၊ လူနဲ့လက်နက်အင်အားတွေ မသိသေးဘူး။ ဒီအဖွဲ့တွေ ရန်သူကိုသာဆန့်ကျင်ရင် ငါတို့ မဟာမိတ် ဖွဲ့ရမယ်”
“The enemy of my enemy is my friend ဆိုတဲ့ ဒဿနကို အကောင်အထည်ဖေါ်ရမယ်။ ယာယီပဲဖြစ်ဖြစ်။ အမြဲတန်းပဲဖြစ်ဖြစ် ဖွဲ့ရမယ်၊ ရန်သူမများလာအောင်လုပ်ရမယ်၊ နဝတ နအဖမဖြစ်မီ၊ ကိုယ်ဦးတည်တိုက်ဖို့၊ ရန်သူတဦးတည်းထားဖို့ဖြစ်တယ်”
“လူထုစည်းရုံးရေးနဲ့ပတ်သက်လို့ နာကဖရောင် ဇဒိန် စတဲ့ ကရင်ရွာတွေ၊ လေညှာ စတဲ့ ပသျှူး-ဘိတ် ရွာတွေဟာ စခန်းနဲ့ ၃ ရက် လောက်သွားရတယ်။ ဒါပေမယ့် စခန်းရဲ့ အရှေ့ချမ်းမှာ ထိုင်းရွာတွေ ရှိတယ်။ လူထုစည်းရုံးရေးဆိုရင် ဘယ်လူထုပဲဖြစ်ဖြစ် စည်းရုံးရ မယ်။”
“လူထုဆိုရင် ဘယ်လူမျိုးပဲဖြစ်ဖြစ် အလုပ်အကြွေးပြုရမယ် စည်းရုံးရမယ်”
“စည်းရုံးရေးလုပ်တာလေသွားကန်တာမဟုတ်ဘူး။အလုပ်အကြွေးသွားပြုတာ။ ဇိမ်နဲ့ထိုင်ပြီး လူထုကို ခိုင်းစားတာမဟုတ်ဘူး။ လူထု လုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်တာ ဖြစ်တယ်၊ လူထုပြသနာကို ကူညီဖြေရှင်းပေးတာ။ လူထုအခက်အခဲကို ကူညီတာ ဖြစ်တယ်၊”
“ပင်လယ်ပြင်စိုးမိုးရေးကို တတိယအဆင့်မှာထားတယ်။ ကော့သောင်းက ဘိတ်ကျွန်းစုတွေအထိ ဘာစီးပွားရေးတွေရှိတယ်။ ငါးဖမ်း လှေ (ကြီး၊ လတ်၊ ငယ်) ဘယ်လောက်ရှိတယ်။ ပုလဲ၊ ငှက်သိုက်လုပ်ငန်းတွေ ဘာတွေရှိတယ်ဆိုတာ ဒီမလာခင်ကတဲက လာစုံစမ်း ထားပြီး ဖြစ်တယ်။ အဓိကအချက်ဟာ ရန်သူကိုချေမှုန်းနိုင်ဖို့ မိမိကိုယ်ကို ခိုင်မာတောင့်တင်းအောင် တည်ဆောက်ရမယ်။ ဒီစခန်းဟာ ဒို့ရဲအခြေခံစခန်းဘဲ။”
ဒီစခန်းခိုင်မာဘို့ စည်းဝိုင်း Circle ၃ ခု ထားတယ်
- အတွင်းစည်း၊ ပဋ္ဌမစည်းဝိုင်းဟာ ဒီစခန်းဖြစ်တယ်။
- အလယ်စည်း၊ ဒုတိယစည်းဝိုင်းဟာ ပလာအောချောင်းအထိ ဖြစ်ပြီး။
- အပြင်စည်း၊ တတိယစည်းဝိုင်းကတော့ ဘုတ်ပြင်းနားအထိဖြစ်တယ် အဆင့် ၁ နဲ့ အတွင်းစည်းကို အရင်လုပ်မယ်။
“ဗိုလ်သွေးရဲ့ ဒညတ အဖွဲ့ကို အရင်စည်းရုံးမယ်၊ နောက် မွန်အဖွဲ့၊ ပြီးရင် ကရသူရိ က ဓားပြအဖွဲ့ကို မိတ်ဆွေမဖြစ်တောင် ဒို့ကို မ တိုက်ဖို့၊ မဆန့်ကျင်ဘို့ ကြားထားဖို့လုပ်ရမယ်”
“အတွင်းစည်း စီမံချက်အတော့ အခိုင်အမာစခန်းဟာ ကီးဒိုကုန်းဖြစ်တယ်၊ သူ့ရဲ့အောက်နားက တောင်ကြောကို အရံအဖြစ်ထားမယ်။ ပွိုင့် (၄၉၁) ကုန်းကို မေ့ထားလို့မရဘူး၊ အားလုံးကို စိုးမိုးထားတယ်။ ခက်တာက ဒီကုန်းဟာ အမှန်မှာ နယ်ခြားသတ်မှတ်ရာမှာ ရေဝေကုန်းတန်းအတိုင်း နယ်ခြားသတ်မှတ်ရမယ်၊ ခုတော့ကွာ တောင်ထိပ်မရောက်ခင် ဘေးကပါတ်ပြီးဆွဲသွားတယ်၊ ဒီတော့ စိုးမိုး ကုန်းဟာ တဘက်နိုင်ငံဘက်ခြမ်းမှာရှိနေတယ်။ တိုက်ပွဲဖြစ်ရင် ရန်သူဟာ ဒီကုန်ကို အရယူမှာဖြစ်တယ်။ အဲဒီကနေ တို့ကို ဦးနှိမ်ပစ် ထားရင်တို့ ခေါင်းဖေါ်နိုင်မှာမဟုတ်ဘူး၊ ဒါကြောင့် ဒီနေရာကို အရယူထားရမယ်”
ဒီ စီမံချက်တွေအတိုင်း ငါတို့တပ်ဖွဲ့က အတွင်းစည်းခိုင်မာရေးကိုလုပ်မယ် ဗိုလ်ရာဇာ နဲ့ ဗိုလ်အဒူလာတို့အဖွဲ့ကတော့ ရှေ့တန်းပြန် ထွက်ပြီး နာကဖရောင်၊ ဇဒိန်နဲ့ လေညာ ဘက်မှာ ပြန်လှုပ်ရှားပြီး လူထုစည်းရုံးရေးနဲ့ ရန်သူ့လှုပ်ရှားမှုတွေကို စောင့်ကြည့်၊ ပိုင်ရင် တိုက်ရန် လမ်းညွှန်ချက်များချမှတ်ပြီး အစည်းအဝေး ရုပ်သိမ်းလိုက်သည်။
ဆက်ရန်…
မန်းရောဘတ် ဘဇန်
No comments:
Post a Comment
mr.kyaingtun@gmail.com