Sunday, August 19, 2012

ကျနော် နှင့် ယွားဟေလူ သို့မဟုတ် ပွိုင့် ၄၉၁ (နိဂုံးပိုင်း) Posted by on May 29, 2010

မိမိတို့ တောင်ဘက်နှင့် မြောက်ဘက်ရှိညီအစ်ကိုများနှင့် နား လယ်မှုရရှိပြီးဖြစ်သဖြင့် ယွားဟေလူစခန်းကို ခိုင်မာစွာတည် ဆောက်ရန် စီမံရပြန်သည်။ တပ်ကြပ်ကြီးတင်ထွန်း (ကျဆုံး) ဦးစီး တပ်စိတ်တစိတ် နယ်နယ်မြေကျွမ်းကျင်ရန်နှင့် ကင်းရှည် ထိုးရန်။ နာကဖရောင် သို့စေလွတ်လိုက်သည်။ ခံစစ်စခန်း ခိုင် မာစေရန် ပြင်ဆင်ရာတွင် ကီးဒိုကုန်းကို မိမိကြည့်ခဲ့ဘူးသော ဗီယက်နမ်စစ်ပွဲ အမေရိကန် ရုပ်ရှင် Humberger Hill ကား အတိုင်းစီမံသည်။ ကီးဒိုကုန်းသည် စီမံချက်အတိုင်း ပြီးလုနေ ပါပြီး။ ဆက်သွယ်ရေးမြောင်း၊ ကတုတ်ကျင်း၊ တောင်စွယ်သုံး စွယ်ထိပ်ရှိ ကတုတ်ကြီးနှစ်လုံးစီ၊ ခြံစည်းရိုးသုံးထပ် အားလုံး ပြီးနေပါပြီး။ ဗိုလ်ကျော်လှနှင့် မိုင်းဗုံးအဖွဲ့ ခြံစည်းရိုးကြား ဝါး ညှောင့်စိုက်နေကြသည်။ ဗုံးအဖွဲ့ လေးယောက် တရက်၊ တယောက် ၁၅ လုံးနှုံး ဗုံးထောင်နေကြသည်။ ဗုံးအဖွဲ့အတွင်းမှ (တပ်ရင်း စံ ပြဆုတံဆိပ်) ရရှိရန်အလားအလာရှိသော ရဲဘော် နန်းအောင် ကိုယ့်မိုင်းကိုထိပြီး လက်နှစ်ဖက်စလုံးပြတ်သွားသည်။ မိမိတို့တပ်ရင်း အတွက် ကြီးမားတဲ့ဆုံးရှုံးမှုကြီး ဖြစ်သည်။
မှတ်ချက်…
ခံစစ်သေစစ်ရေးကိုဆန့်ကျင်၊ ခံစစ်ရှင်စစ်ရေးကို ကျင့်သုံးရန် ၁၉၆၃ ခုနှစ်။ ဖလိုးခီး ဗဟိုနိုင်ငံရေး စစ်ရေးသင်တန်း၌ သင်တန်းမှူး တ ဦးဖြစ်သော ဗိုလ်ချုပ်တင်ဦး (ဖူးတာအယ်) ထိုစဉ်က (KPLA) (Karen People Liberation Army) ဒုတိယစစ်ဦးစီးချုပ်။ ပို့ချခဲ့သော စစ်ရေးဝိဇ္ဇာဘာသာရပ်ကို မှတ်ယူခဲ့ပြီးဖြစ်သည်။ မိမိစီမံချက်မှာ (ယွားဟေလူ) စခန်းအား တလတိတိ ရန်သူ့ထိုးစစ်ခံနိုင်ရန် ရည်ရွယ် သည်။ ထိုးစစ် ကာလအတွင်း ရန်သူကို မိမိအတွင်းစည်းဝိုင်းအတွင်းမြူဆွယ်ပြီး နောက်ပိုင်းမှ ပိတ်ဆိုးရန်ဖြစ်သည်။ နယ်မြေအနေအ ထားအရ။ သွားလာရန်မလွယ်။ ထို့ကြောင့် ရန်သူကိုတိုက်ခိုက်ရန် စည်းဝိုင်း (၃) ဝိုင်း စီမံထားခြင်းဖြစ်သည်။ အလယ်စည်းဝိုင်း ရန်သူ ကို ပြောက်ကျားပစ်ပြီး အပြင်စည်းဝိုင်းသည်။ ရန်သူ့ထောက်ပို့ကို တိုက်ခိုက်ရန်ဖြစ်သည်။

img
အလယ်စည်းဝိုင်းနှင့် အပြင်စည်းဝိုင်းရှိရန်သူကိုတိုက်ခိုက်ရန် ကျည်နှင့် ရိက္ခာပြင်ဆင်ရမည်ဖြစ်သည်။ ရိက္ခာတာရှည်ခံနိုင်ရန်အတွက် မိမိတို့စဉ်းစားကြရာ မြေကြီးအောက်မြှုတ်ထားရန်ဖြစ်သည်။ တာရှည်ခံနိုင်ရန်အတွက် ဒီဇယ်တိုင်ကီပုံးများကိုဝယ်သည်။ ဆီနန့်ပျောက် ရန်အတွက် ပုံးထဲသို့ ဆပ်ပျာမှုန့်ထည့် ရေထည့်ပြီး မီးတိုက်သည်။ နောက်ရေဆေးပြီး အချောက်ခံလိုက်သောအခါ ဆီနန့်မရတော့ပေ၊။ တိုင်ကီပုံးတလုံး ဆန်နှစ်အိတ်ခွဲဆန့်သည်။ ခလရ (၂၂၄) ဌာနချုပ် ဘုတ်ပြင်းနှင့် အနီးဆုံးနာရီဝက်ခရီး တိုင်ကီပုံးနှင့် ဆန်များထမ်းပြီး မြေမြှုပ်ဖွက်ထားလိုက်သည်။ AK နှင့် M ၁၆ ကျည်များကိုပါ ဝှက်ထားလိုက်သည်။ အလယ်စည်းဝိုင်း ပြောက်ကျား ၅ ယောက်တဖွဲ့ ၅ ဖွဲ့ နေရာချထားသည်။ တိုက်ပွဲကာလ ၎င်းတို့စားရန် တိုင်ကီပုံးတပုံးစီမြှုပ်ထားရန် စီစဉ်ထားပြီးဖြစ်သည်။
မှတ်ချက်…
ခံစစ်ဟာ သေတွင်းဖြစ်တယ်ဆိုတာသိတယ်၊ ဘာကြောင့် ယွားဟေလူစခန်းမှာ တလတိတိ ရန်သူကိုဆွဲတိုက်ရသလဲဆိုတော့ ကော်မူး ရာ ဝမ်းခါစခန်းတိုက်ပွဲစဉ်တလျှောက်လုံး ရန်သူ့ထိုးစစ်မှန်သမျှကို ခုခံနိုင်ခဲ့လို့ ကရင့်တပ်မတော်ရဲ့ ဂုဏ်သိက္ခာမြင့်မားခဲ့တယ်။ မဲ ဆောက်မြို့မှာကြိုက်သလိုဝင်ထွက်နိုင်တယ်။ ထိုင်းတွေ ကရင့်တော်လှန်ရေးကို လေးစားတယ်။ မိမိတို့ မိုးတောင်ရောက်တော့ အခိုင် အမာစခန်းဆောက်ဘို့ အကြံပြုကြည့်တယ်။ “ခံစစ်ရှင် ပြောက်ကျားပဲ အခိုင်အမာစခန်း မလိုဘူး” လို့ တာဝန်ရှိသူမှ ပြန်ပြောပါတယ်။ တကယ့်တကယ် မိုးတောင် ကို ရန်သူထိုးတော့ တရက်မခံဘူး ဆုတ်ခဲ့ရတယ်။ ပြင်ဆင်မှုမရှိတော့ သိက္ခာမဲ့စွာနဲ့ဆုတ်လိုက်ရတယ်။ ထိုင်းတွေကဘာပြောသလဲဆိုတော့ “ချစ်ဖိုင်ကလယံ” တဲ့။ ကရင်တွေ အဆဲခံရတယ်။
ထိုသို့အဆဲမခံရရေးအတွက် ပြင်ဆင်နေခြင်းဖြစ်သည်။ တလတိုင်ခံတိုက်ပြီး ဘယ်လိုဆုတ်မလဲ၊ ဘယ်ကိုဆုတ်မလဲဆိုသည်ကို စဉ်း စားသည်။ ဆုတ်မယ့်နေရာကတော့ ဃိုသဲလူ ဆိုသည့်နေရာဖြစ်သည်။ ထိုနေရာကို ပြင်ဆင်ရန် ဗိုလ်အယ်ခလေး တပ်ခွဲကို တာဝန် ပေးလိုက်သည်။ ဃိုသဲလူ ကို ဆုတ်ရင် ထိုင်းရွာကိုဖြတ်ပြီး ဆုတ်ရမည်ဖြစ်၍ ထိုင်းပြည်သူများ ထောက်ခံမှုရရှိ အောင်လုပ်ရန် လိုအပ် ပါသည်။ ထို့ကြောင့် လစဉ်တပ်တွင်းစည်းဝေးပွဲတခုတွင်…
- ရန်သူ့ထိုးစစ်တလခံနိုင်ရန်အတွက် ကီးဒိုကုန်း ခံစစ်ဒုတိယအဆင့်ကိုပြင်ဆင်မည်။
- ပွိုင့် (၄၉၁) ကုန်းတွင် ခံစစ်နေရာပြင်မည်။
- ထိုင်းရွာသားများကိုစည်းရုံးရမည်။
- ၁၂ဝ မမ စိန်ပြောင်း Delay ခံနိုင်မည့် ဥမင်လှိုင်ခေါင်းတူးရန် စီမံချက်များချမှတ်လိုက်သည်။ ထိုစီမံချက်များအတိုင်းလုပ် ဆောင်ရန်တာဝန်များခွဲဝေလိုက်သည်။
- ဗိုလ်ကြီးတင့်လွင်အား ထိုင်းသစ်လုပ်ငန်းမှ Bull Dozer ကိုခေါ်၍ ကီးဒိုကုန်း ခြံစည်းရိုး ၃ ထပ်အောက်ဘက် ၁ဝ ပေအမြင့်ရှိ အောက်မြေသားများအား ကော်ထုတ်ခိုင်းရမည်။ ရန်သူအလွယ်တကူ ကျားမထိုးနိုင်ရန်ဖြစ်သည်။ ဒုတိယအဆင့်ဖြစ်သည်။ ထိုအဆင့် ၌ ကီးဒိုကုန်းထိပ်သို့တက်နိုင်သည့် တောင်ကြောသုံးကြောလုံး၏ ထိပ်၌ ကတုတ်နှစ်လုံးစီဆောက်ရန် တာဝန်ပေးလိုက်သည်။
- ပွိုင့် ၄၉၁ ကုန်းတွင် ခံစစ်နေရာပြင်ရန် ဗိုလ်ထူးထူးတပ်စုကို တာဝန်ပေးသည်။ ကတုတ်များ၊ ဆက်သွယ်ရေးမြောင်း၊ ခြံစည်းရိုး၊ ကီးဒို ကုန်းကဲ့သို့ ၁ဝ ပေအမြင့်ရှိ အောက်မြေသားများကော်ထုတ်ရန်ဖြစ်သည်။
- ၁၂ဝမမ စိန်ပြောင်း Delay ခံနိုင်မည့် ဥမင်လှိုင်ခေါင်းတူးရန် ဗိုလ်ကော်လာတပ်စုကိုတာဝန်ပေးသည်။ မိမိတို့ရှိသော ၈၁ မမ စိန် မြောင်းနေရာမှစတင်၍ ကီးဒိုကုန်ကိုပတ်ပြီး စတင်တူးရမည်။ တဖွဲ့သည်ဘယ်ဘက်မှစတူးပြီး ကျန်တဖွဲ့သည် ညာဘက်မှစတူးရမည်။ ဥမင်၏ အပေါ်မြေသားပြိုမကျရေးအတွက် ဒေါင့်ထောက်ရန် သစ်တိုင်နှင့်သစ်လုံးခုတ်ရန် ဗိုလ်ထွန်းမြင့်တပ်စုကို တာဝန်ပေးလိုက် သည်။
မှတ်ချက်…
မိမိဘတ်ဘူးသော The Tunnel of Cuchi စာအုပ်တွင် ဗီယက်နမ် အမျိုးသားလွတ်မြောက်ရေးတပ်ဦး ပြောက်ကျားတပ်ဖွဲ့များ တိုက် နည်းကိုယူ မိမိရဲဘော်များ အထိအခိုက်နည်းစေရန်နှင့် တလခံမည့် ခံစစ်စီမံချက် ဖြစ်သည်။
- ထိုင်းရွာသားများကို စည်းရုံးရန်မိမိနှင့် တပ်ရင်းရုံးအဖွဲ့တာဝန်ယူသည်။ စီမံချက်ကာလ ၃လဖြစ်သည်။ စီမံချက်များအတိုင်း ရဲဘော် များ တက်ညီလက်ညီ လုပ်ကိုင်လျှက် ရှိသည်။ မိမိနှင့် တပ်ရင်းရုံးအဖွဲ့ စတင်လှုပ်ရှားတော့သည်။ မိမိတို့ တပ်ရင်းရုံးအောက် ထိုင်းနိုင်ငံဘက်ခြမ်း တောင်ခြေတွင် ထိုင်းဘုန်းကြီးကျောင်းရှိသည်။ ဘုန်းကြီးတပါးနှင့် ကပီယတဦးသာတွေ့သည်။ ဖက်မိုး။ ဝါးထရံ ကာ။ ပြင်ခင်းသည့် ဘုန်းကြီးကျောင်းလေးဖြစ်သည်။ ခြုံများအပြည့်ဖြစ်နေသည်။ သုံးရေတွင်းတတွင်းရှိသည်။ ခြုံများအုပ်နေသည့်ပြင် ခတ်တိမ်တိမ်တူးထားသည်။
မှတ်ချက်…
လူထုစည်းရုံးရေးလုပ်ရာတွင် သြဇာရှိပြီး လူထုရိုသေ လေးစားမှုခံရသော၊ ဘုန်းကြီး၊ သင်းအုပ်ဆရာ၊ ဗလီဆရာများကို စတင်စည်း ရုံးရမည်။ ထိုမှတဆင့် လူထုလုပ်ငန်းများရှာလုပ်ရမည်။ ထိုခေါင်းဆောင်များ၏ ထောက်ခံမှုကို အရင်လုပ်ရမည်။
- စစ်တိုက်ရင်း စည်းရုံး၊ စည်းရုံးရင်းစစ်တိုက်၊ စစ်တိုက်ရင်းလေ့လာ၊ လေ့လာရင်းစစ်တိုက်ရမယ်။
- သဘာဝအကာအကွယ်ထက် လူထုအကာအကွယ်က ပိုလုံခြုံတယ်။
- လူထုမထောက်ခံတဲ့တော်လှန်ရေးဟာ သွေးမရှိတဲ့လူလိုဘဲ။
- တော်လှန်ရေးတရပ်ကိုလူထုကမထောက်ခံတော့ဘူးဆိုရင် ဒီတော်လှန်ရေးဟာ မသာခေါင်းလောင်းထိုးခံရတာနဲ့အတူတူပဲ။
- လူထုဆန့်ကျင်ရေးမလုပ်နဲ့။ လူထုနောက်မှီးဆွဲလည်းမဖြစ်နဲ့။
မိမိတိုက်ခဲ့ဘူးသောစစ်နှင့် နိုင်ငံရေးသင်တန်းများမှ လေ့လာမှတ်ယူခဲ့ဘူးသော စစ်သင်ခန်းစာများကို လက်တွေ့အသုံးချ ရတော့မည် ဖြစ်သည်။ အထက်ပါ လူထုလမ်းစဉ်ကို အကောင်အထည်ဖေါ်ရန် မိမိတို့လုပ်ဆောင်ကြပါပြီး။ မိမိနှင့်တပ်ရင်းရုံးအဖွဲ့ နံနက် စာစားပြီး တောင်ခြေဆင်းသွားသည်။ ဘုန်းကြီးကိုခွင့်ပန်ပြီး ခြုံနွယ်ပေါင်းပင်များကိုရှင်းသည်။ ရေတွင်းထဲရှိမျက်၊ ပေါင်းပင်များရှင်းပြီး ပြန်တူး ပေးသည်၊ ရေကြည်ရေသန့်များထွက်လာသည်။ လူထုစည်းရုံးရေးလုပ်ငန်းအဆင့် (၁) ဖြစ်သည်။ အဆင့် (၂) အဖြစ် ဘာလုပ်ရ မည်ကိုစဉ်းစားသည်။ မိမိတပ်ရင်းဌာနချုပ် ကီးဒိုကုန်း၏ အရှေ့ဘက်ထိုင်းနိုင်ငံရှိတောင်ယာများ၌ စပါးများရွှေဝါရောင်သန်းနေပြီး။ ရိတ်သိမ်းရန် အချိန်တန်နေပါပြီး။ တနေ့ နံနက်စာစားပြီး မိမိချစ်ဇနီးအပါအဝင် ရဲဘော်တပ်စုတစုခေါ်၍ ထမ်းချလင်းထိုင်းရွာသို့ ဆင်း သွားပြီး ကျေးရွာလူကြီးကိုခွင့်ပန်ကာ တောင်ယာစပါးများကို ရိတ်ကြသည်။ မိမိတို့တိုင်းပြည်တွင် စပါးရိတ်သကဲ့သို့ တံဇင်နှင့် ရိတ် ခြင်းမဟုတ်။ စပါးနှံများကို လက်မနှင့် ဆိတ်ခူး၍ ကြွတ်ကြွတ်အိပ်ထဲအပြည့်ထည့်။ လယ်ရှင့်အိမ် ထမ်းပို့ခြင်းဖြစ်သည်။
ထိုအတောအတွင်း အမျိုးသမီးတဦးထမင်းစားရန် လာခေါ်သည်။ တောင်ယာပိုင်ရှင်ဖြစ်သည်။ ကောင်ညင်းနှင့် ငါးပိထောင်းဖြစ်သည်။ လူထုစေတနာရှိ၍ထင်သည်။ နတ်သုဒ္ဒါတမျှ အရသာရှိလှသည်။ တောင်ယာတခုလုံး ပြီးသွားသဖြင့် စခန်းသို့ပြန်ရန် ဖြစ်သည်။ မပြန်မီ ကျေးရွာလူကြီးအား မကျန်းမာသူများရှိပါက မိမိတပ်ဆေးရုံတွင် လာရောက်ကုသနိုင်ကြောင်း အကြောင်းကြားခဲ့သည်။ အနည်းငယ်မျှ လူထုအကျိုးပြုလုပ်ငန်းလုပ်ခဲ့ရုံဖြင့် လူထု၏ချစ်ကြည်လေးစားမှုနှင့် လူထု၏အေးမျှသောမေတ္တာကို ရရှိခဲ့သည်။
မှတ်ချက်…
- သဘာဝအကာအကွယ်ထက် လူထုအကာအကွယ်က ပိုလုံခြုံတယ်ဆိုတဲ့ တော်လှန်စစ် ဒဿန တခုကို တွေ့ရှိခဲ့သည်။


မိမိ တပ်ရင်းတပ်ထောက်ဗိုလ်သန်းဝင်း ချွန်ဖုံးမြို့ ဈေးဝယ်သွားတိုင်း ဆေးရုံသွားလိုသော ထိုင်းရွာသားများကို ခေါ်သွားလေ့ရှိသည်။ ထိုင်း အခြေခံလူတန်းစားများ ဖြစ်သည်။ လာအိုနယ်စပ်မှ ပြန်လည်နေရာချထားခြင်းခံရသော လောရှမ်းများ ဖြစ်သည်။ လူထု၏ အ ခက်အခဲကို ကူညီဖြေရှင်းပေးပါဆိုသည့် လူထုလမ်းစဉ်ကိုကျင့်သုံးခြင်းဖြစ်သည်။ တပ်ရင်းသင်တန်းဌာနတာဝန်ခံ ဗိုလ်နောင်နောင်မှ အခြေခံစစ်သင်တန်း အပါတ်စဉ် (၁) စဖွင့်သည်။ သင်တန်းသား (၄ဝ) ခန့်ရှိသည်။ မိမိတပ်မှူးမှ ရဲဘော်များပို့လာသည်။ ဗုံးဌာနတာ ဝန်ခံ ဗိုလ်ကျော်လှမှ ဗုံးသင်တန်းပေးသကဲ့သို့ စာမတတ်သူပပျောက်ရေးစီမံချက်အတိုင်း မူလတန်းကျောင်းဖွင့်သည်။ ရဲဘော်များ ၏ သားသမီးများ။ မိမိသမီးနှစ်ဦး၊ တပ်ကြပ်အောင်သန်း (ဗိုလ်သွေး) အဖွဲ့မှ ပါလာသူ၏ သားနှစ်ဦး၊ ရဲဘော်လေးများဖြစ်သည့် မိုဟာ မက်ဟာရွန် (ပသျှူး)၊ သိန်းဝင်းလေး (ဘိတ်သား) (ယွားဟေလူ တိုက်ပွဲ့ကျဆုံး) နှင့် အခြားရဲဘော်တို့ဖြင့် ကျောင်းဖွင့်ထားသည်။
မှတ်ချက်…
မိုဟာမက် အီစွပ် မိမိတပ်မဟာ (ရ)၊ တပ်ရင်း ၂၃၊ စစ်ကြောင်းမှူးတာဝန်ယူစဉ်မှစ၍ တပ်ရင်း ၁၉၊ တပ်ခွဲ (၄) မှူး၊ တပ်ရင်း (၁၉) ရုံး ထိုင်မှူး၊ ကော်သူးလေ မွစ္စလင်လွတ်မြောက်ရေး တပ်ဖွဲ့ တပ်မှူး၊ ယခု တပ်ရင်း(၁၂) ဒုတိယ တပ်ရင်းမှူးတိုင် တစိုက်မှတ်မှတ်ပါ လာ သူ ဖြစ်သည်။ ဗဟိုဌာနချုပ်၌ ဖွင့်သော တရားရေးသင်တန်းသို့ တပ်ကြပ်စောကော်ဒို၊ အရာခံဗိုလ် စောသူးသူးတို့ နှစ်ဦး၊ အပါတ် စဉ် (၃) ဗိုလ်သင်တန်းသို့၊ အရာခံဗိုလ်သောထူး (ယွားဟေလူတိုက်ပွဲ့ ကျဆုံး)၊ တပ်ကြပ် မန်းငြိမ်းငြိမ်း။ တပ်ကြပ် မန်းလှထွန်းဦး (၎င်းတို့ နှစ်ဦးလုံး တတိယနိုင်ငံသို့ရောက်ရှိ) တို့ ၃ ဦးအားစေလွတ်လိုက်သည်။
မိမိလည်း တပ်ရင်းစီးဝေးခန်းမ၌ ကရင့်တော်လှန်ရေးလမ်းစဉ်၊ လုပ်ငန်းစဉ်၊ ပြောက်ကျားစစ်ရေး၊ လူ့အခွင့်အရေး Universal Declar ation of Human Rights ဘာသာရပ်၊ စည်းရုံးရေးဘာသာရပ်များကို ပို့ချနေသည်။ (စစ်တိုက်ရင်းလေ့လာ လေ့လာရင်းစစ်တိုက်) သည့်မူကို ကျင့်သုံးနေခြင်းဖြစ်သည်။
ကျောင်းသားတပ်မတော်မှ ဗိုလ်ထိန်လင်းနှင့်တပ်ဖွဲ့ ကီးဒို အတက်။ တောင်စွယ်ထိပ်တခု့ တဲဆောက်၊ ကတုတ်ကျင်းတူးနေကြသည်။ ရန်သူကိုတိုက်ဘို့ပြင်နေကြသည်။ ထိုကာလများအတွင်း တပ်မဟာဌာနချုပ်တွင် DAB စစ်ကြောင်းဖွင့်ရန်ဖြစ်သဖြင့် ဗိုလ်ရာဇာရခိုင် အဖွဲ့၊ ဗိုလ်အပ်ဒူလာ မွစ္စလင်အဖွဲ့နှင့် ဗိုလ်ထိန်လင်း၊ ကျောင်းသားအဖွဲ့များကိုပြန်မှာသဖြင့် ပြန်ပို့ရန်စီစဉ်ရသည်။ ဗိုလ်ထိန်လင်း၏ ကျောင်းသားတပ်မတော်တပ်ဖွဲ့ပြန်လည် မထွက်ခွာမှီ ၎င်းတို့အား လမ်းခရီးတလျှောက်စားရန် ရိက္ခာ ဆေးဝါး၊ ငွေ ၅ဝဝ ကျပ်နှင့် ဝမ်း ခါတိုက်ပွဲ့ မိမိတို့သိမ်းပိုက် ရရှိခဲ့သော လက်နက်အပါအဝင်။ တပ်မဟာ (၆) KE ဖူးရောဘင်ထံမှ မိမိတို့ လုပ်အားဖြင့်ရခဲ့သော RPG တ လက်ပေါင်း ၁၄ လက် ဒီမိုကရေစီလက်ဆောင်အဖြစ်ပေးလိုက်သည်။ ခရီးမထွက်မှီ မိမိအား ရှစ်ခိုးဂါရဝပြုကြသည်။ မိမိမှ ဘေးကင်း စေကြောင်း၊ ခလုပ်ကသင်း ကင်းစေကြောင်း၊ ကျန်းမာကြစေကြောင်း၊ တိုက်ပွဲတရာအောင်ပွဲတရာရစေကြောင်း ဆုတောင်းပေးလိုက် သည်။
၎င်းတို့ထွက်ခွာသွားသော် ခရီးရှည်ချီတက်သွားသော မိမိသားများကိုလွမ်းဆွတ်သကဲ့သို့ ခံစားမိသည်။ ဗိုလ်ထိန်လင်း၏ ကျောင်းသား အဖွဲ့ရှိ ကိုမျိုးဝင်းဆိုသူသည် မိမိတို့အဖွဲ့တွင် ဆက်လက်နေလိုသဖြင့် ၎င်းတို့နှင့်ပြန်မလိုက်တော့ဘဲ မိမိတို့အဖွဲ့နှင့် နေခဲ့သည်။
မှတ်ချက်…
နိုင်မျိုးဝင်းသည် မွန်လူငယ်တဦး၊ ခေတ်ပညာတတ်တဦးဖြစ်သည်၊ အမျိုးသားလွတ်မြောက်ရေးနှင့် ဒီမိုကရေစီရေးကိုမြတ်နိုးသူ ဖြစ် သည်။ ပြည်သူ့အကျိုးဆောင်သူဖြစ်သည်။ ပြည်သူလူထု၏ မေတ္တာကိုရရှိသူဖြစ်ပြီး လူထုထောက်ခံမှုရရှိသူဖြစ်သည်။ (တတိယနိုင်ငံ ရောက်နေသူဖြစ်ပြီး တက္ကသိုလ်တခုတွင်ပညာဆည်းပူးနေသည်)၊ (၎င်းနှင့်ပါတ်သက်၍ ကျနော်နှင့်ကျောက်ညှပ် ဆောင်းပါးတွင်ဖေါ်ပြ ပါမည်)။
ယွားဟေလူစခန်း၌ မိမိတို့တဖွဲ့သာကျန်တော့သဖြင့်လုံခြုံရေးစီမံချက်ကို ပို၍လုပ်ဆောင်ရမည်ဖြစ်သည်။ အုပ်ချုပ်မှုလွယ်ကူစေရန် အ တွက် အလယ်စည်းတွင်တာဝန်ယူကြသော ၅ ယောက်တဖွဲ့ကို ဆက်သွယ်ရေးစကားပြောစက် Icom(2G) များထုတ်ပေးသကဲ့သို့ တပ်ရင်း၊ တပ်ခွဲနှင့်ဌာနများသို့ စုစုပေါင်းစကားပြောစက်အလုံး ၃ဝ ကျော် ဝယ်ယူတတ်ဆင်ပေးထားသည်။ ကမ်းရိုးတမ်း၌ လှုပ်ရှားနေ သော တပ်ကြပ်ကြီးတင်ထွန်းတပ်စိတ်အား ဆက်သွယ်ညွန်ကြားရန်အတွက် Control စက်ကြီးတလုံး၊ ရန်သူ့သတင်း ကြားဖြတ်နား ထောင်ရန် Sony စက်ကြီးတလုံးကိုပါ ဝယ်ယူထားပြီးဖြစ်သည်။
ဗိုလ်သွေးအဖွဲ့ မိမိတို့နှင့်ပူးပေါင်းလိုက်သောအခါ တန်ဘိုးကြီးမားသော ရဲဘော်ညီအစ်ကိုနှစ်ဦးကို ရလိုက်သည်။ ကိုမိုး နှင့် ကိုနွေဆို သူများဖြစ်သည်။ မိမိတို့တပ်ရင်း၏နားများဖြစ်သည်။ စကားဝှက်ဖေါ်ရာတွင်အလွန်ကြွမ်းကျင်လှသည်။ တနေ့၎င်းတို့အလုပ်တဲသို့သွား ၍ လိုအပ်ချက်များကိုစီစဉ်သည်။ တဲသို့ဝင်သည်နှင့် ဆေးခြောက်နံ့များဖြင့် ဆီးကြိုသည်။ ဒညတ စခန်းမှ ပါလာသော အမွေကိုဆက် ခံနေခြင်းဖြစ်မည်။ နိုင်ငံတကာတပ်မတော်များ၌ အရက်သောက်စားခြင်းကို ခွင့်ပြုထားလင့်ကစား။ မိမိတို့တပ်မတော်၌ မူးယစ် သောက်စားခြင်းကို ပိတ်ပင်ထားရာ ပိတ်ပင်ထားသည့်ထဲ၌ အရက်ပါဝင်သည်။ အရက်မသောက်ရန်သောက်ပြီး မမူးရန်၊ ပြသနာမရှာ ရန်၊ ပြသနာ အကြီးအသေးအလိုက် အရေးယူမည်ဖြစ်ကြောင်း ညွှန်ကြားထားသည်။ အရက်မှလွှဲု ကျန်မူးယစ်ဆေးဝါးများမသုံးရန် တင်းကြပ်စွာစည်းကမ်းထုတ်ထားပြီးဖြစ်သည်။ ရွှေဖျင်းကြီး ရွှေဖျင်းလေးညီနောင်ဖြစ်သည့် ကိုမိုးနှင့်ကိုနွေ တို့အား တပ်မတော်ဥပဒေ နှင့် မညှိစွန်းစေရန်နှင့် လွတ်ကင်းစေရန်အတွက်…
“ဒီလိုလုပ်ရအောင်ဗျား ဆေးချောက်အစား အရက်အစားထိုးရင်မရဘူးလား”
“တပါတ်ကို စပါးနှံထိုင်းချက်အရက် နှစ်လုံးပေးမယ်၊”
“ရပါတယ်။ဒါပေမဲ့ ဖီလင်ကမတူဘူးဗျ” တဲ့ …
ဟုတ်နိုင်ပါသည်။ ဖီလင် ဘယ်လောက်ရှိသည်ကို ၎င်းတို့နှင့်အတူ ရှိနေသော ကြောင်ထီး အနက်တကောင်သည်ပင် အမြဲ ဖီးတက် နေသည်ဟု ထင်ရသည်။
တပ်ကြပ်ကြီး တင်ထွန်းနှင့် လှုပ်ရှားတပ်စိတ်သည်။ ကရင်ရွာ၊ ပသျူးရွာ၊ ဘိတ်ရွာများ၌ စည်းရုံးရေးဆင်းနေကြသည်။ လူထုနှင့် လက် ပွန်းတတည်းရှိနေပြီး ဖြစ်သည်။ လူထုထောက်ခံမှုရနေသည်။ နယ်မြေအခြေအနေ၊ ရန်သူ့အခြေအနေများ သတင်းပို့လျက်ရှိသည်။ တပ်ကြပ်ကြီးတင်ထွန်းသည် အသားဖြူဖြူ ထောင်ထောင်မောင်းမောင်းနှင့် ရုပ်ရှင်မင်းသားလို လှပသူဖြစ်သည်။ ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင် ဖြစ်နေသည်။
ကရင်နှင့် ဘိတ်သူများသည် ခရစ်ယာန်နှင့် ဗုဒ္ဓဘာသာဝင်များဖြစ်ကြပြီး ပသျှူးများမှာ အစ္စလမ် ဘာသာဝင်များဖြစ်သဖြင့် မိမိ ရဲဘော် များကို သတိပေးရမည် ဖြစ်သည်။ “ဟေ့ကောင်တွေ။ မင်းတို့ ဝက်နဲ့ အရက်ရှောင်နိုင်ရင်၊ တနေ့ (နမာစ်) ငါးကြိမ်ဖတ်နိုင်ရင် ပသျှူး အမျိုးသမီးတွေနဲ့ အိမ်ထောင်ကျနိုင်တယ်။ ဒါမှမဟုတ်ရင် ဝေးဝေးကရှောင်ကြဟေ့” ဟု သတိပေးလိုက်သည်။
တနေ့သတင်းကောင်းတခုဝင်လာသည်။ “ရေငံကြီး ရန်သူ့စခန်းမှ လက်နက် ၁၅ လက် သိမ်းပိုက်ရရှိကြောင်း” တိုက်ပွဲပြင်းပြင်း ထန် ထန် မတိုက်ရဘဲအလွယ်တကူ တိုက်နိုင်ခဲ့ကြောင်း သတင်းဝင်လာသည်၊ ချီးကျူးဂုဏ်ပြုကြောင်း။ အခြေအနေ ပေးလာပါက တပ်ရင်း ဌာနချုပ်သို့ ပြန်တက်ခဲ့ရန်၊ ဂုဏ်ပြုပွဲ ကျင်းပပေးမည်အကြောင်း သတင်းပေးလိုက်သည်။ တပ်ရင်းဌာနချုပ် ခံစစ်စီမံချက်ပြီး သ လောက် ရှိနေပါပြီး။ ကီးဒိုကုန်းရှိ ကတုတ်အားလုံးနှင့် မြေအောက်မှဆက်သွယ်သွားလာနိုင်သော မြေအောက်ဥမှင်လှိုင်ခေါင်း ဆက် တူးရန်သာ ရှိနေသည်။ တူးရာ၌ဘယ်ဘက်အချမ်းကို တူးသည့်အဖွဲ့သည် ရန်ကုန်သားများအပါအဝင် မြစ်ဝကျွန်းပေါ်သားများ ဖြစ်ကြ ပြီးညာဘက်ချမ်းတူးသူများမှာ ဖါးအံ မြပြေ အရှေ့ပိုးကရင်ရဲဘော်များဖြစ်သည်။ အမောပြေစေရန်အတွက် ကက်ဆက်နှစ်လုံး စီစဉ် ပေးရသည်။ ဘယ်ဘက်ခြမ်းကိုတူးနေသည့် အဖွဲ့သည် စိုင်းထီးဆိုင် မေဆွိ စတီရီယို သီချင်းများကို နှစ်ချိုက်ပြီး ညာဘက်ခြမ်းကို တူးသည့်အဖွဲ့ကို သိန်လှပေါင်နှင့် ကျော်လှသိန်နာမည်ကြီး ပိုးကရင်အဆိုတော်များ၏ သီချင်းများကို စီစဉ်ပေးရသည်။
တန်းတူရေးနှင့် အပြန်အလှန်လေးစားမှုသည် တပ်တွင်းသွေးစည်းညီညွတ်ရေး၏ အသက်သွေးကြောဖြစ်သည်။ ရေသောက်မြစ် ဖြစ် သည်။ မိမိဝင်တူးသည်၊ ခေတ်မီ လေသွင်း၊ လေထုတ်စက်မရှိ၊ ရှိတာနှင့်တူးသည်။ ၁ဝ မိနစ် သာ နေနိုင်သည်။ တိုက်ပွဲကာလ ဒဏ် ရာရရဲဘော်များကုသရန် မြေအောက်ဆေးရုံဆောက်ရန် တူးကြသည်။ မြေပွသဖြင့်သစ်သားဒေါင့်မထောက်မီ မြေပြိုကျသဖြင့် ရဲဘော် သက်ဇော် ပေါင်ကျိုးသွားသဖြင့် ဆက်လက်မတူးတော့ဘဲ ရပ်ထားလိုက်သည်။ ရေလှောင်ကန်ဆောက်ရန် အင်္ဂတေပိုက်ကြီးများဝယ် ၍ရေလှောင်ကန်လုပ်သည်။ ထင်းမီးသွေးများဖုတ်ခိုင်းသည်။ မီးဖိုများဝယ်ထားသည်။ မိမိတို့တောင်ယာမှထွက်သော ကျောက်ဖရုံသီး၊ ရွှေဖရုံသီးများကို သိုလှောင်ထားသည်။ စားရတဲ့အပင် အကုန်စိုက်။ စားရတဲ့အကောင် အကုန်မွေးရန် မူချမှတ်ထားသည်။ ဆေးဌာန တာဝန်ခံ Uncle Gyi သည် Italian Goat ခွေးများမွေးထားသည်။ အရေးပေါ်ဟင်းအဖြစ် စားရန်ဖြစ်သည်။
ပွိုင့် ၄၉၁ သည် စီမံချက်အတိုင်း ပြီးလုနေပြီးဖြစ်သည်။ အသေးစိတ်လိုအပ်ချက်များစစ်ဆေးရသည်။ လက်နက်မျိုးစုံကျည်၊ ရိက္ခာ၊ ဆေးဝါးမှအစ ပြည့်စုံနေပြီးဖြစ်သည်။ ရန်သူတက်လာနိုင်သော တောင်ကြော ခြံစည်းရိုးမကာဘဲ ၅ လက်မသံများစိုက်ထားသော သစ်ပြားများကို ခင်းထားရန်နှင့် ဗုံးကိုသာခင်းထားရန် တာဝန်ကျမှ အကြံပြုလာသဖြင့် သဘောတူလိုက်သည်။ ကောင်းမွန်သော အ ကြံပြုချက်ဖြစ်သည်။ ရန်သူကို တလတိတိဆွဲတိုက်မယ်။ ထိုးစစ်အခြေအနေကိုကြည့်ပြီး အလယ်စည်းအဖွဲ့တွေ အပြင်စည်းထွက်ပြီး ဘုတ်ပြင်းကို တိုက်မယ်။ အိမ်နောက်ပူ အိမ်ရှေ့မချမ်းသာ ဆိုသလို ကျင့်သုံးမယ်။ ရန်သူတွေအဖွဲ့လိုက် လက်နက်ချခိုင်းမယ်။ ဒီ ကောင်တွေ ရေပြတ်၊ အစားပြတ် ရင်ကြာကြာမခံပါဘူး။ သူ့ကို တိုက်ဘို့စဉ်းစားချိန်မှာ မိမိကိုယ်ကို ကာကွယ်ဘို့ဘယ်အထိ ပြင်ဆင် ပြီးပြီးလဲဆိုတာ စဉ်းစားရမယ်၊ လေးလပါတ်အစည်းအဝေးမှာ နောက်ဆုံးပြင်ဆင်မှု အဆင့်ဘယ်အထိပြီးပြီလဲဆိုတာ သိနိုင်ဘို့ အ စည်းအဝေးခေါ်လိုက်သည်။
အလယ်စည်းပြောက်ကျား ၅ ဖွဲ့တာဝန်ခံ ဗိုလ်ထူးထူးကို “ကျည်၊ ရိက္ခာ၊ ဆေးဝါး၊ ဗုံးမျိုးစုံ M-၁၄၊ Claymore ၊ RPG ပို့ယမ်း- Cap ကောင်းမကောင်း။ စစ်ဆေးပြီးပြီးလား၊ စကားပြောစက်သုံးဓါတ်ခဲ။ ဝှက်စာကအစ အားလုံးအဆင်သင့်ရှိပြီးလား” “အားလုံးအသင့်ပဲ” နောက်ဆေးအဖွဲ့ တာဝန်ခံ Uncle Gyi ကို “ဆရာ အားလုံးအသင့်ပဲ မဟုတ်လား” “အားလုံးအသင့်ပဲ” လက်နက်ကြီးတာဝန်ခံနှင့် ဗုံး တာဝန်ခံ ဗိုလ်ကီးဒိုနှင့် ဗိုလ်ကျော်လှတို့နှစ်ဦးကို “ဘယ်လိုလဲ အားလုံးအသင့်ပဲ မဟုတ်လား၊ဘာလိုလဲ” “အားလုံးအသင့်ဘဲ”ဟု လက် နက်ကြီးတာဝန်ခံ ဗိုလ်ကီး ဒိုမှပြောသော်လည်း ဗုံးတာဝန်ခံ ဗိုလ်ကျော်လှမှ “တခုလိုတယ်ဗျ၊ တိုက်ပွဲကာလ တလတိတိဆိုတော့ ပင် ပန်းမယ်၊ အိပ်ပျက်မယ်။ ဆေးကောင်း ဝါးကောင်းတွေ ဆောင်ထားဘို့လိုတယ်” “ရပါတယ် Uncle Gyi ဆီမှာဆေးတွေအပြည့်ပဲ” “ဟာမဟုတ်ဘူးဗျ။ ကျနော်ဆိုလိုတာ ဒီဆေးမဟုတ်ဘူး။ ဟိုဆေးလေ”
“သ.. သ ဟိုဆေးဆိုတာလား။ သိပြီး။ မပူနဲ့စီစဉ်ပေးမယ်”
ဗိုလ်ကော်လာမှ “ကျ။ ကျနော်လဲပါတယ်နော်”
အထစ်အထစ်နှင့်ဝင်ပြောသည်။
“မပူနဲ့ မင်းတပ်စုအတွက်တင်မကဘူး။ အားလုံးအတွက်စီစဉ်ဖို့ တပ်ရင်းတပ်ထောက် ဗိုလ်သန်းဝင်း ကို စီစဉ်ခိုင်းမယ်”
မှတ်ချက်….
ဟိုဆေးဆိုတာအခြားမဟုတ် အရက်ကိုဆိုလိုသည်။ စစ်သားဆိုတာ ဘယ်တပ်ကပဲဖြစ်ဖြစ် သေနတ်ကိုင်ပြီးတဖက်ရန်သူကို အနိုင် တိုက်ဖို့ စိုင်းပျင်းနေကြတာ စိတ်ပုတီးစိတ်ပြီး နိဗာန်ရောက်ကြောင်းတရားကျင့်သူတွေ မဟုတ်ဘူး။ နေ့သေမလား။ ညသေမလား ဘယ်သူမှမသိကြဘူး။ ရှင်သေမင်းကို သစ္စာနှံထားသူတွေဖြစ်တယ်။ အရက်လောက်တော့ခွင့်ပြုသင့်တာပေါ့၊
တနေ့ သတင်းဆိုးတပုဒ်ဝင်လာသည်။ ပင်လယ်ပြင်မှ စက်လှေနှင့်ပြန်ဝင်လာသော တပ်ကြပ်ကြီးတင်ထွန်း အဖွဲ့အား ရန်သူမှတန်ပြန် ခြုံခိုတိုက်ခိုက်သဖြင့် ၎င်းနှင့်အတူ ရဲဘော် ၃ ယောက်ကျဆုံးသွားကြောင်း” ၎င်းအလောင်းအား ကရင်ရွာ၌မြုပ်သည်ကို ပသျူးရွာသား များ လာရောက်တူးဖေါ်ပြီး ၎င်းတို့ရွာ၌ ပြန်မြုပ်နှံသဖြင့် ကရင်နှင့် ပသျှူးရွာသားများအကြား မပြေလည်မှုရှိကြကြောင်း သိရသည်။ လူ ထုထောက်ခံမှု အလွန်ရကြောင်း၊ စည်းရုံးရေးကောင်းကြောင်း သိရသည်။
မိမိတို့ တပ်ရင်းထောက်ပံ့ရေးအတွက် သစ်ကုမ္မဏီနှစ်ခုရှိသည်။ စလဝင်း နှင့် ကျောက်ဘုရားဖြစ်သည်။ ၎င်းသစ်ကုမ္မဏီနှစ်ခုအား သစ်များခုတ်ခွင့်ပေးပြီး သစ်အခွန်ယူသည်။ ရန်သူ့ထိုးစစ်တလ ခံစစ်စီမံချက် ၉ဝ ရာခိုင်နှုန်းပြီးနေပြီး ဖြစ်သည်။ အတွင်းစည်း။ အ လယ်စည်းနှင့် အပြင်စည်းမှအစ ပြင်ဆင်မှုပြီးနေပါပြီး။ ရန်သူကို ကြိုတင်ပြင်ဆင်မှု မရှိဘဲ မတိုက်နှင့် မိမိသာ ရန်သူ့ဗျူဟာမှူးဖြစ်ခဲ့ သော် မည်သို့တိုက်မည်ကိုသုံးသပ်ပြီး ကျန်လိုအပ်ချက်များကိုပြင်သည်။
ရန်သူလာရောက်နေရာယူပြီး ၁၂ဝ မမ။ စိန်ပြောင်း ရ၅ မမ နောက်ပွင့်ရိုင်ဖယ်များ ထားနိုင်မည့်နေရာများ မိုင်းခင်းရန်ပြင်သည်။ လာရောက်တိုက်နိုင်သော ရန်သူ့တပ်ရင်းများမှာ ခလရ (၂၂၄) (၂၆၂) (၂၅) (၁ရ) နှင့် (၁ဝ၁) ဖြစ်သည်။ မိမိလက် နက်ငယ်ကျည်ဖွဲ့ စည်းပုံ တလက် ၃ဝဝ ထားပြီး တိုက်ပွဲစဉ်တလျှောက်လုံးအတွက် AKနှင့် M၁၆ ကျည် ၅ သောင်းစီထားရန်။ ၈၁ မမ တလက် ကျည် ၂ဝဝ။ ပွိုင့်၅ စက်ကြီးအတွက် ၅ဝဝဝ အရံကျည်များအဖြစ်ထားရန် စီစဉ်ထားပြီးဖြစ်သည်။ အလုံးစုံပြင်ဆင်ထားသည်။ ရုပ်ဝတ္တုပစ္စည်း ပြင်ဆင်ထားပြီးဖြစ်သည်။ ဘာလိုသေးလဲ၊ စဉ်းစားသော် စိတ်ဓါတ်ခိုင်မာဘို့ လိုသည်။ စိတ်ဓါတ်ခိုင်မာမှ တိုက်စိတ်ခိုင်မာမည်။ စိတ် ဓါတ်နဲ့ တိုက်စိတ်ခိုင်မာဘို့အတွက် တပ်တွင်းစည်းလုံးညီညွတ်ဘို့ လိုသည်။ စည်းလုံးညီညွတ်ဘို့ တန်းတူမှု Equality လိုသည်။
တပ်တွင်းတန်းတူမှုများအနက် ဘာသာရေးတန်းတူမှု မတည်ဆောက်နိုင်ရင်လည်း စည်းလုံးညီညွတ်မှု မရနိုင်ဘူး။ ဟိုဘာသာကို ဦး စားပေးတယ်။ ဒီဘာသာကိုဦးစားပေးတယ်လို့ ဖြစ်နိုင်တယ်။ တပ်မှူးရဲ့ညွတ်ကြားချက်နဲ့ ခရစ်ယာန်ဘုရားရှစ်ခိုးကျောင်းကြီး ဆောက် ထားပြီးဖြစ်တယ်၊ တပ်တွင်းရှိဘာသာစုံ ရဲဘော်များ၏လုပ်အားဖြင့် ဆောက်ထားခြင်းဖြစ်သည်။ ခရစ်ယာန်ဘာသာတခုထဲကိုပဲ ဦးစား ပေးတယ်လို့ မမြင်စေရန်။ မဖြစ်စေရန် အတွက် ဗုဒ္ဓဘာသာဝင် ရဲတော်တွေကို “မင်းတို့ဘာလိုလဲ” လို့မေးရာ “လပြည့်လကွယ် တောင်အောက်ဘုန်းကြီးကျောင်းမှာ ဗီဒီယိုပြခြင်တယ်။ ဆံတလ တအိပ်လှူချင်တယ်” တဲ့။ “ရတယ်” တပ်ရေးဗိုလ်ကြီး စိုင်းမွန်ကို စီစဉ်ပေးရန်ညွန်ကြားလိုက်သည်။
တဆက်ထဲ မွစ္စလင်ရဲဘော်များကို “မင်းတို့ဘာလိုလဲ” လို့မေးရာ။ “ကျနော်တို့က လူလည်းနည်းတယ်။ ရေသုံးတာများတော့။ ဗလီမ ဆောက်နိုင်ဘူး။ တောင်ပေါ်ကို ရေမခပ်တင်နိုင်ဘူး။ တနေ့ နမာစ် ငါးကြိမ်ဘတ်ခွင့်ပေးထားတာ လုံလောင်နေပါပြီး။ တန်းတူမှုအ ပြည့်ရှိပါတယ်” ဟု အသက်အကြီးတဆုံးနှင့် ဝါအရင့်ဆုံး မိုဟာမက် အီစွပ်မှပြောလိုက်သည်။ တပ်တွင်း Equality တန်းတူမှု ကိုတည် ဆောက်ထားပြီးဖြစ်သည်။ ရန်သူထိုးစစ်ဆင်လာရင် တိုက်ဘို့သာရှိတော့သည်။
- တပ်တွင်းတန်းတူမှု Equality တည်ဆောက်ထားပြီးဖြစ်သည်။
- တပ်တွင်း ဒီမိုကရေစီကျင့်သုံးမှု တည်ဆောက်ထားပြီးဖြစ်သည်။
- တပ်တွင်း အပြန်အလှန်လေးစား။ တန်ဘိုးထားမှု တည်ဆောက်ထားပြီးဖြစ်သည်။
- ပြည်ထောင်စုအငယ်စားလေးလို သဘောထား တည်ဆောက်ထားပြီး ဖြစ်သည်။
ကိုယ်စွမ်းရှိသလောက်။ ဥာဏ်စွမ်းရှိသလောက် တည် ဆောက်ထားပြီး ဖြစ်သည်။
တနေ့ ဗဟိုစစ်ဦးစီးဌာနချုပ် ဗိုလ်ချုပ်ကြီးစောဗိုလ်မြ ထံမှ ကြေးနန်းတစောင် ဝင်လာသည်။ ကြေးနန်းစာပါအကြောင်းအရာကတော့… “ဖူးကီးဒိုအား DAB စစ်ကြောင်းတွင်တာဝန်ပေးရန်အတွက် စစ်ဦးစီးဌာနချုပ်သို့ အမြန်သတင်းပို့ရန်” ဖြစ်သည်။ ထိုသတင်းကြောင့် တပ်တွင်း၌ အတော်ဂယက်ရိုက်သွားသည်။ ရဲဘော်တပ်မှူးတပ်သားများ မျက်ရည်မျက်ခွက်နဲ့ လာရောက်တွေ့ကြသည်။ သူတို့လဲပြန် လိုက်ကြမည်ဖြစ်ကြောင်း၊ ဘဝတွေ အတူပေးဆပ်ခဲ့ကြကြောင်း။ မိဘမဲ့ဘဝရောက်ရတော့မည်ဖြ စ်ကြောင်းလာပြောကြသည်။ သူတို့ နဲ့ ခွဲခွာရမည်ကို စိတ်မကောင်းပါ၊ သို့သော် “စစ်သားဆိုတာ မိမိကိုယ်ကို မိမိမပိုင်။ အဖ ကရင်ပြည်ကပိုင်ကြောင်း။ ပေးအပ်လာသမျှ တာဝန်များကို ထမ်းဆောင်ပါ့မယ်။ ဘယ်နေရာ။ ဘယ်အရပ်။ ဘာတာဝန်ပဲပေးပေး ထမ်းဆောင်ပါ့မယ်လို့ သစ္စာဆိုထားကြတယ် မ ဟုတ်လား။ နောက်နှစ်ရက်အတွင်း ဗဟိုစစ်ဦးစီးဌာနချုပ်သို့ သတင်းပို့ရန် ရဲဘော်အချို့နှင့် ချီတက်သွားကြပါပြီ။
ယွားလေလူတိုက်ပွဲ့ ကျဆုံးသွားလေပြီးသော အာဇာနည်ရဲဘော်အပေါင်းအားဦးညွတ်လျှက်…
စာပေသစ္စာဖြင့်…
ဖူးကီးဒို(မန်းရောဘတ်ဘဇန်)
ဒီဇင်လာလ ၁၅ ရက်။၂ဝဝ၉၊
မှတ်ချက်…
ယွာဟေလူတိုက်ပွဲကို မိမိသတ်မှတ်ချက် တလတိတိတိုက်မည်ဟု သတ်မှတ်ထားသော်လည်း ၅ ရက်တိုင် တိုက်နိုင်ခဲ့သည်။ ကျည်ကုန်သွားခြင်း၊ နောက်ပိုင်းက ကျည်မစီစဉ်နိုင်ခြင်းကြောင့်သာ ဆုတ်ပေးလိုက်ရခြင်းဖြစ်သည်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲ လွန်းခြင်းနှင့် လမ်းတလျောက်လုံး ပြောက်ကျားပစ်ခံနေရတာတို့ကြောင့် ဗမာပြည်ပြည် တွင်းစစ်သမိုင်းတွင် ပေါ်တာကို ရဟတ်ယဉ် နှင့် သယ်ယူပို့ဆောင်ပေးရခြင်းမှာ ယွားဟေလူ တိုက်ပွဲတပွဲသာဖြစ်ခဲ့သည်ဟု သမိုင်းတွင်ခဲ့သည်။ ခလရ (၂၂၄) တပ်ရင်း ဖွဲ့စည်းပုံ ပျက်သွားသည်ဟု နောက်ပိုင်း မိမိရဲဘော်များ ပြောပြချက်အရ သိရသည်။
မန်းရောဘတ် ဘဇန်

No comments:

Post a Comment

mr.kyaingtun@gmail.com