(သမိုင်းဝါသနာရှင်များအတွက်)
ရန္တပို ငြိမ်းချမ်းရေးစာချုပ်ကောက်ကြောင်း..
ဤစာချုပ်ကို အမရပူရဘကြီးတော်မင်းလက်ထက်ကအင်္ဂလိပ်ကိုစစ်ရှုးံပြီးနောက် ၁၈၂၆ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင်ချုပ်ဆိုခဲ့သည်။ စာချုပ်၏အမည်အပြည့်အစုံမှာ "အရှေ့အိန္ဒိယကုပ္မဏီနှင့်အင်းဝဘုရင်မင်းမြတ်တို့ အကြားချုပ်ဆိုသည့်ငြိမ်းချမ်းရေးစာချုပ်"(Treaty of Peace between the East India Company and Majesty of the King of Ava) ဖြစ်သည်။ချုပ်ဆိုသည့်နေရာမှာ အင်းဝအနောက်ဖက် မိုင် ၅၀ အကွာရှိ ရန္တပိုရွာဖြစ်သည်။ (ထိုခေတ်က နေပြည်တော်မှာ အမရပူရဖြစ်သည်။)
ထိုစစ်ပွဲသည် အင်္ဂလိပ်တို့ ကနိုင်ခဲ့သော်လည်း အင်္ဂလိပ်အင်ဒီးယားသမိုင်းတလျှောက်တွင်အင်္ဂလိပ်တို့ သေကျေဆုံးရှုံးမှု အများပြားဆုံးနှင့်ကြုံရသောစစ်ပွဲဖြစ်ခဲ့သည်။
ယင်းစစ်ပွဲတွင်အင်္ဂလိပ်ဘက်က စကော့လူမျိုး ဗိုလ်ချု ပ်အာချီဘော (Archibald Campbell) စစ်ဦးစီးသည်။ အင်္ဂလိပ်ဘက်တွင် အရှေ့အိန္ဒိယကုပ္မဏီ၏တပ်မတော်၊ စယမ်(ယခုအခေါ် "ထိုင်း") ဘုရင့်စစ်ကူတပ်များနှင့် ရခိုင် အလှည့်ကျတပ်(Levie)များ ပါဝင်ပြီး စုစုပေါင်းအင်အား ၅၀,၀၀၀ ခန့်ရှိခါ ၃၈,၁၅၀ သေကျေသည်။ ဘကြီးတော်မင်းဘက်တွင် စစ်သူကြီးမဟာဗန္ဓုလစစ်ဦးစီးပြီး ဘုရင့်တပ်မတော်နှင့် ရှမ်းပြည်မှအလှည့်ကျပေးဆောင်ရသော တပ်(Levie)များအပါအဝင်အင်အား ၆၀,၀၀၀ကျော်ခန့်ရှိခါ ၄သောင်းကျော်ခန့်သေကျေခဲ့သည်။
ရခိုင်၊မဏိပူရနှင့်အာသံတပ်များမှာ အနော်ရထာမင်းလက်ထက် (၁၀၄၄-၁၀၇၇)
ကသိမ်းပိုက်ထားခဲ့သော အာရကန်(ရခိုင်)၊ မဏိပူရနှင့် အာသံပြည်များမှ တိမ်းရှောင်သွားခဲ့ကြသည့်တော်လှန်ရေးအင်အားစုများဖြစ်သည်။ အင်္ဂလိပ်ကအားပေးသဖြင့်အင်္ဂလိပ်ဘက်ကပါဝင်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။
အင်္ဂလိပ်စစ်ဆင်ရေးမှူး ဗိုလ်ချုပ်အာချီဘောက နတ်မြစ်ဝရှိရှင်မဖြူကျွန်းကို အရှေ့အိန္ဒရိယတပ်အနည်းငယ်အပါအဝင်စယမ်ဘုရင့်တပ်မတော်စစ်ကူ၊ အာသံ၊မဏိပူရ၊ရခိုင် အလှည့်ကျတပ်များ အလုံးအရင်းဖြင့်ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်စေခြင်းဖြင့်ဘကြီးတော်မင်းအား အရောင်ပြစစ်ပြုခါလှည့်စားမြူဆွယ်သည်။ ဘကြီးတော်ကတောင်ပိုင်းတွင်ရှိနေသော စစ်သူကြီးမဟာဗန္ဓုလကိုစစ်အင်အား ၆သောင်းဖြင့် ရခိုင်သို့အပျင်းချီတက်ခါ အင်္ဂလိပ်တပ်များကိုလာရောက်တိုက်ထုတ်စေသည်။
ဗန္ဓုလ၏တပ်များမှာ မိုင်ပေါင်း ၆၀၀ကျော်ခန့်ဝေးကွာသော အင်းဒီးယားနှင့် မြစ်ဝကျွန်းပေါ်အကြားဟိုချီဒီရွှေ့အကြိမ်ကြိမ်လုပ်နေရသဖြင့်ပမ်းနာကျနေသောအနေအထားတွင်ရှိနေသည်။ ဤတွင်မော်တင်စွမ်း၌ အသင့်လျိုထားသော အင်္ဂလိပ်နှင့်အင်ဒီးယားတပ်သား ၅ထောင်ကျော်စီပါဝင်သည့် ရေတပ်အင်အား တသောင်းကျော်ခန့်မျှ ဖြင့် မြို့စောင့်တပ်ကလေးမျှသာကျန်ရှိသောရန်ကုန်မြို့ကို ဗိုလ်ချုပ်အာချီဘောကလျှပ်တပျက်တက်သိမ်းလိုက်ပြီး ရွှေတိဂုဏ်တွင် ချက်ခြင်းခံတပ်ကြီးအခိုင်အမာတည်ဆောက်လိုက်သည်။