Civil society (စီဗဲဆိုစိုက်တီး) ဆိုတဲ့ “လူထုအခြေပြု လူမှုလှုပ်ရှားမှု” ဆိုတဲ့ အယူအဆဟာ နှစ်ပေါင်း တရာကျော် နှစ် ရာနီးပါး တိမ်မြုပ်နေရာကနေ ၁၉၆ဝ ကျော် ၁၉၇ဝ ကာလ လောက်ကစပြီး အနောက်နိုင်ငံ တွေမှာ ပြန်လည် ဆန်း သစ် လာခဲ့ပါတယ်။ ၂ဝ ရာစု ကုန်ခါနီး တဝိုက်ကနေ အခု ၂၁ ရာစု ထဲမှာတော့ စီဗဲဆိုစိုက်တီး အယူအဆနဲ့ သူရဲ့အသံ ဟာ ပိုမိုပြီး ကျယ်လောင် အားကောင်းလာပါတယ်။
ယေဘုယျအားဖြင့် ပြောရမယ်ဆိုရင် စီဗဲဆိုစိုက်တီး လှုပ်ရှားမှုမှာ အသင်းအပင်းတွေ အဖွဲ့အစည်းတွေ အမျိုးမျိုး အ ထွေထွေ ရှိကြပေမယ့် အစိုးရမဟုတ်တဲ့ အသင်းအဖွဲ့တွေက လူ့အဖွဲ့အစည်း အကြားမှာ ဦးဆောင်မှုကို ပိုပြီး ရယူထား တယ် ဆိုရင်လည်း မမှားပါဖူး။ အခုခေတ်မှာတော့ အစိုးရမဟုတ်တဲ့ အသင်းအဖွဲ့တွေကို အဲန်ဂျီအို NGO တွေလို့ သတ် မှတ်ကြပါတယ်။ Non-Governmental Organizations ဆိုတဲ့ အင်္ဂလိပ်စကားလုံးကို အတိုကောက် ပြန်ရေးထားတာ ဖြစ်ပါတယ်။ အဲဒီမှာ နောက်ထပ် ဆင့်ပွားထွက်လာတဲ့ စကားလုံးများ ရှိလာ ပါတယ်။ INGOs ဆိုတာဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ International NGOs များကို ဆိုလိုတာ ရည်ညွှန်းတာ ဖြစ်ပါတယ်။ အိုင်အဲန်ဂျီအိုလို့လည်း အတို ကောက် ခေါ်ကြပါသေးတယ်။ အဲဒီ အင်တာနေရှင်နယ်လို့ ခေါ်တဲ့ နိုင်ငံတကာအဆင့် အိုင်အဲန်ဂျီအိုတွေဟာ များသော အားဖြင့် ရန်ပုံငွေ တောင့်တင်းအားကောင်းတဲ့ အဖွဲ့အစည်းများ ဖြစ်ပါတယ်။
အတော်များများသော နိုင်ငံတကာအဆင့် အိုင်အဲန်ဂျီအိုတွေဟာ ပိုက်ဆံချမ်းသာတဲ့ နိုင်ငံကြီးတွေမှာ အခြေစိုက်လေ့ ရှိပါတယ်။ အဲဒီကနေမှတဆင့် ဆင်းရဲတဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာရှိတဲ့ အကူအညီ လိုအပ်နေတဲ့ လူတွေအတွက် သက် ဆိုင်ရာ နယ်ပယ်အလိုက် သွားရောက်ကူညီပါတယ်။ အဲသလို အခြေအနေမျိုးမှာ ဘာကိုထပ်ပြီး တွေ့လာရသလဲ ဆို တော့ Local NGOs ဆိုတာ ဖြစ်ပါတယ်။ နိုင်ငံခြားသား မပါဘဲ ဒေသခံလူများနဲ့ ဖွဲ့စည်း ထားတာမို့ ဒေသခံ အဲန်ဂျီအိုလို့ ဆိုလိုတာပါ။ ဒေသခံ အဲန်ဂျီအိုတွေဟာ အိုင်အဲန်ဂျီအိုတွေနဲ့တွဲပြီး အတူတူ အလုပ်လုပ်ကြပါတယ်။ ယေဘုယျအားဖြင့် ပြောရမယ်ဆိုရင် အိုင်အဲန်ဂျီအိုက လူများဟာ သူတို့ကိုယ်တိုင် (သို့မဟုတ်) တခြားသော ကျွမ်းကျင်သူများကို ငှားရမ်း ပြီး ဒေသခံ အဲန်ဂျီအို လုပ်သားတွေနဲ့ အလုပ်လုပ်ပါတယ်။ ဒေသခံ အဲန်ဂျီအိုတွေ လုပ်ဆောင်မယ့် စီမံကိန်းတွေ အ တွက် ငွေကြေး ထောက်ပံ့ပါတယ်။ လိုအပ်တဲ့ သင်တန်းတွေ အတွက်လည်း နိုင်ငံခြားက ကျွမ်းကျင်သူများကို ခေါ် ဆောင်လာပြီး ပို့ချခိုင်းပါတယ်။
အိုင်အဲန်ဂျီအိုတွေ ကိုယ်တိုင်လည်း ဘယ်ကနေ ငွေကြေးရသလဲ။ ချမ်းသာတဲ့ အစိုးရများဆီကနေ ရရှိပါတယ်။ အစိုးရ ဆီကနေ သူတို့လိုအပ်တဲ့ ငွေကြေးရရှိအောင် အစိုးရများကို လော်ဘီလုပ် (ဆွဲဆောင်) ရပါတယ်။ အဲတာကြောင့် သူ တို့ဟာ များသောအားဖြင့် ချမ်းသာတဲ့ နိုင်ငံကြီးတွေမှာ အခြေစိုက်ခြင်း ဖြစ်ပါတယ်။ အစိုးရတွေကလည်း အဲဒီ ပိုက်ဆံ တွေ ဘယ်ကရသလဲ။ သက်ဆိုင်ရာ နိုင်ငံက နိုင်ငံသားတွေ ပေးဆောင်နေတဲ့ အခွန်တော်ငွေများကနေတဆင့် ရရှိတာ ဖြစ်ပါတယ်။ ငွေကြေး ချမ်းသာတဲ့ အစိုးရများက ဘာဖြစ်လို့ အိုင်အဲန် ဂျီအိုတွေကို ငွေကြေးထောက်ပံ့သလဲ။ စီဗယ် ဆိုစိုက်တီး အတွင်း အစိုးရ မဟုတ်သော အဖွဲ့အစည်းများ အားကောင်းလာမှသာ ဒီမိုကရေစီဖြစ်ထွန်းမှု ပိုမိုအား ကောင်းလာမယ်လို့ ယူဆသတ်မှတ်ထားလို့ ဖြစ်ပါတယ်။ အဲဒီတော့ စီဗယ်ဆိုစိုက်တီးလို့ခေါ်တဲ့ “လူထုအခြေပြုလူမှု လှုပ်ရှားမှု” အဝန်းအဝိုင်းမှာ အန်ဂျီအိုများ ပိုပြီး အားကောင်းလာအောင် ထောက်ပံ့ကူညီရမယ်ဆိုတဲ့ မူပေါ်လစီမျိုး လည်း ရှိထားလို့ ဖြစ်ပါတယ်။
တခါ ဒေသခံ အဲန်ဂျီအိုတွေကနေ တဆင့် ပေါက်ဖွားလာတဲ့ နယ်မြေအလိုက် အောက်ခြေ အဖွဲ့အစည်း သေးသေးတွေ လည်း ရှိပါသေးတယ်။ သူတို့ကိုတော့ (စီဘီအို) CBO တွေလို့ ခေါ်ကြပါတယ်။ Community Based Organizations ဆိုတဲ့ အင်္ဂလိပ်စကားရဲ့ အတိုကောက် ဖြစ်ပါတယ်။ “ရပ်ရွာအခြေပြု လူမှုအဖွဲ့အစည်းများ” လို့လည်း သတ်မှတ်ပါ တယ်။ ဒေသခံ အဲန်ဂျီအိုတွေက အဲဒီ စီဘီအို အဖွဲ့အစည်းတွေကို ဆက်ပြီး သင်တန်းတွေ ပေးသလို၊ သက်ဆိုင်ရာ စီ မံကိန်းများအလိုက်လည်း ငွေကြေး ထောက်ပံ့ပါတယ်။ ဒီနေရာမှာ ဖြတ်ပြောလိုတာ တခုကတော့ စီဘီအိုတိုင်းဟာ ဒေသခံ အဲန်ဂျီအို၊ အိုင်အဲန်ဂျီအိုတွေရဲ့ ထောက်ပံ့မှုကို ရယူနေတဲ့ လက်အောက်ခံ အဖွဲ့အစည်းဆိုပြီး သတ်မှတ်လို့ မရပါ။ ဘာကြောင့်လဲ ဆိုတော့ တချို့သော စီဘီအိုများဟာ သူတို့ စွမ်းဆောင်နိုင်တဲ့ ဘောင်ထဲကနေ သူတို့ဘာသာ ကိုယ့်အားကိုယ်ကိုး ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းမျိုးလည်း ရှိနေသေးတယ် ဆိုလို့ ထောက်ပြခြင်လို့ပါ။ သူတို့ကတော့ ငွေကြေးအနေနဲ့ များများစားစား တတ်နိုင်လေ့ မရှိပါဖူး။ ကိုယ့်ဒူးကိုယ်ချွန် လုပ်ကြရအောင်ဆိုတဲ့ မူပေါ်မှာ အခြေခံ ထားပြီး တနိုင်တပိုင် လုပ်ကိုင်ကြတဲ့ သဘာဝမျိုးနဲ့ ဆောင်ရွက်နေကြတာပါ။
ဒီနေရာမှာ ဘာတွေ့လာရသလဲ ဆိုတော့ အိုင်အဲန်ဂျီအိုတွေ၊ ဒေသခံအဲန်ဂျီအိုတွေနဲ့ စီဘီအိုတွေအကြားမှာ ရိုးရိုးသား သားနဲ့ အပြန်အလှန် လုပ်ကိုင်နေကြတာ ရှိသလို အကျိုးစီးပွားကို အခြေခံပြီး လုပ်ကိုင်လာတာတွေကိုလည်း တွေ့ လာရတာ ပါပဲ။ အကျိုးစီးပွားဆိုတာ ဒီလိုပါ။ အိုင်အဲန်ဂျီအိုမှာ လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား လုပ်သားတွေက သူတို့ ဝင်ရောက်လုပ် ကိုင်နေတဲ့ နိုင်ငံအတွင်းက စီမံကိန်းတွေဟာ အောင်မြင်မှုရတယ်၊ ကျဆုံးမှုနည်းတယ်ဆိုတဲ့ အခြေအ နေမျိုးကို အမြဲ လိုလားပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ စီမံကိန်းတွေ ထင်သလောက် အောင်မြင်မှု မရဖူးဆိုရင် ငွေကြေးထောက်ပံ့နေတဲ့ အစိုးရဖက်ကလည်း အဲသလို ငွေကြေး အတိုင်းအတာမျိုး ဆက်ပြီးပေးသင့် မပေးသင့်ဆို တာ စဉ်းစားလာရလို့ ဖြစ်ပါတယ်။ အဲဒီတော့ ဒေသခံ အဲန်ဂျီအိုတွေကို သူတို့လိုချင်တဲ့ ရလဒ်အတိုင်း ရာခိုင်နှုန်းများ များ ရလာစေဖို့ အမျိုးမျိုး ဖိအားပေးတာ ရှိလာပါတယ်။ ဒေသခံ အဲန်ဂျီအို ခမြာလည်း သူတို့ပုံမှန်ဝင်နေတဲ့ ငွေကြေး ရပ်ဆိုင်းသွားမှာမျိုး၊ လျော့နည်းသွားမှာမျိုး ဖြစ်မှာကို စိုးရိမ်ပါတယ်။ နောက် ဒေသခံ အဲန်ဂျီအိုကလည်း သူတို့ကတ ဆင့် ငွေလက်ခံယူထားတဲ့ စီဘီအို အဖွဲ့များကို ဒီလိုလုပ်ပါ ဟိုလိုလုပ်ပါ ဆိုပြီး ဖိအားပေးတာမျိုး ဖြစ်လာပြန်ပါတယ်။ နောက်ဆုံးတော့ ချုပ်လိုက်ရင် သုံးဦး သုံးဖလှယ်လုံး အဆင့်ဆင့် တိုင်းမှာ သူတို့ စီမံကိန်းအောင်မြင်ကြောင်း အစီရင် ခံစာ တင်ကြပါတယ်။ နောက်ဆုံးတော့ အဲဒီ အားလုံးကောင်းပါသည်၊ တိုးတက်မှုတွေ ရှိနေပါသည်ဆိုတဲ့ အစီရင်ခံ စာဟာ ငွေကြေးထောက်ပံ့တဲ့ အစိုးရဆီကို တက်သွားပါတယ်။ ဒီလို ဆင်တူရိုးမှား အဖြစ်အပျက်မျိုးတွေကို ဆင်းရဲ နွမ်းပါးတဲ့ နိုင်ငံတွေမှာ အတွေ့ရများလေ့ ရှိပါတယ်။
မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေကို ပြန်ကြည့်ရင်လည်း အဲသလို နီးပါး ဖြစ်နေတာတွေ ရှိလာပါတယ်။ စစ်အစိုးရလက် ထက်မှာ မြန်မာပြည်ထဲကို ဝင်ရောက်လုပ်ကိုင်တဲ့ အိုင်အဲန်ဂျီအိုတွေအနေနဲ့ လွတ်လွတ်လပ်လပ် ဆောင်ရွက်ခွင့် မရ ကြပါဖူး။ အကန့်အသတ်တွေကြားမှာ လုပ်ကြရပါတယ်။ အိုင်အဲန်ဂျီအိုတွေရယ် သူတို့ရဲ့ လက်အောက်ခံတွေ ဖြစ်တဲ့ ဒေသခံ အဲန်ဂျီအိုတွေရယ်၊ စီဘီအိုတွေရယ်ဟာ သူတို့ စီမံကိန်းတွေ ထင်သလို မအောင်မြင်ဖူးလို့ အမှန်အတိုင်း ဝန်ခံ လိုက်ရင် ဒီစီမံကိန်းတွေအတွက် နောက်ထပ် ငွေကြေးရရှိဖို့ ခက်ခဲလာမှာ ဖြစ်တယ်ဆိုတာကို သူတို့လည်း သဘော ပေါက် နေကြပါတယ်။ ဒါကြောင့် သူတို့ အစီရင်ခံစာတွေမှာ မြန်မာစစ်အစိုးရဟာ ဒီမိုကရေစီ အစိုးရတရပ် မဟုတ်ပေ မယ့် တချို့နယ်ပယ်တွေမှာ ပူးပေါင်းဆောင်ရွက်မှု ရှိကြောင်း၊ အပြင်က လူတွေထင်နေသလို အဆိုးကြီး မဟုတ် ကြောင်း၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တချို့သော ဗိုလ်ချုပ်ကြီးများက သဘောထား တင်းမာဟန်ရှိသော်လည်း ဘယ် ဗိုလ်ချုပ်များနဲ့ ဘယ်ဝန်ကြီးများကတော့ သူတို့ကို လိုက်လိုက်လျောလျော ရှိတဲ့အတွက် အတော်ကလေး အလုပ်လုပ် လို့ ရကြောင်း ထည့်သွင်း ရေးသားလေ့ ရှိပါတယ်။ မြန်မာပြည်မှာတော့ ဘယ်လိုလုပ်လို့မှ မစွံဖူးဗျို့ဆိုပြီး အစီရင်ခံ စာတင်တဲ့ အိုင်အဲန်ဂျီအိုမျိုး အခုအထိ မတွေ့ဖူးသေးပါဖူး။
http://www.jdslanka.org