မစုနိုင်ရင်ဆင်းရဲမည်
အချိန်က ၁၉၈၉ အာဏာသိမ်းပြီးစ လအနည်းငယ်အကြာ။ ကျနော်အပါအ၀င် ကျနော်တို့မြို့ပေါ်က လအနည်းငယ်လောက် ပျောက်သွားကြတဲ့ ကျောင်းသားတွေ တစ်ဖွဲဖွဲရှေ့ဆင့်နောက်ဆင့် ပုန်းနေကြတဲ့ နေရာတွေက ပြန်ထွက်လာကြတယ်။ ပြန်ပြီး စုစည်းမိကြတဲ့အခါ အဓိကအနေနဲ့ ဆက်မလုပ်ချင်ကြတော့တဲ့ သူတွေကလွဲပြီး ကျန်ဆက်လုပ်ကြမယ့်သူတွေကို အုပ်စုသုံးခုခွဲလိုက်တယ်။ ၈၈ လှုပ်ရှားမှုထဲမှာ လူသိများ နေတဲ့သူတွေက ပါတီအဖွဲ့ဝင်တွေအနေနဲ့ ပါတီရိပ်တွေအောက်မှာ ဆက်ပြီးလုပ်ကြဘို့။ အထူးသဖြင့် အလုံခြုံဆုံးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လို့ ရွေးချယ်ခဲ့ပြီး တစ်ချို့လည်း ၈၈ ကျောင်းသားခေါင်း ဆောင်တစ်ယောက်ဖြစ်တဲ့ ကိုမိုးသီးဇွန်ဦးဆောင်တဲ့ လူ့ဘောင်သစ်ပါတီကိုဝင်ခဲ့ကြတယ်။ အဲ သိပ်ပြီးလူသိ ထင်ရှားမဟုတ်တဲ့ အထူးသဖြင့် အလယ်တန်း၊ အထက်တန်းကျောင်းသားတွေလို လူငယ်ကျောင်းသား ကျောင်းသူတွေကိုတော့ ဗကသ (မြေအောက်) အနေနဲ့ပြန်စုစည်းပြီး ဖွဲ့စည်းပေးခဲ့ကြတယ်။
ကျနော်က အရင် မြို့နယ်ကျောင်းသားသမဂ္ဂ ပြန်ကြားရေးဌာနမှာ အဖွဲ့ဝင်ဖြစ်ခဲ့တာရယ်၊ တခါတလေ လူကြားထဲမှာ တရားလှည့်ဟောခဲ့တာတွေရယ်ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လူငယ်) NLD (Youth) ကိုဝင်ခဲ့တယ်။
အဲဒီအချိန်က စိတ်ဝင်စားစရာ ထူးထူးခြားခြားတွေအတော်ဖြစ်တယ်။ ပါတီတွေကို တရားဝင် စည်းရုံးရေး လုပ်ဖို့ ခွင့်ပြုထားတဲ့ တစ်ချိန်တည်းမှာဘဲ ဘဏ်တွေမှာ “မစုနိုင်ရင်ဆင်းရဲမည်” ဆိုတဲ့ စာတမ်းတွေ လိုက် ကပ်လာတယ်။ အဓိပ္ပါယ်က ဒေါ်အောင်ဆန်းစုကြည် (မစု) ရွေးကောက်ပွဲမှာနိုင်ရင် တစ်တိုင်းပြည်လုံး ဆင်းရဲတွင်းကျမယ်ပေါ့လေ။ အဲဒါ ကျနော်တို့ထဲကတစ်ယောက်က လူအလစ်မှာ နောက်ပစ်ကို နောက်ခံ ရောင်တူဆေးသုတ်ပြီး သွားဖျက်လိုက်တယ်။ အဲဒီတော့ “မစုနိုင်ရင်ဆင်းရမည်” ဖြစ်သွားရော။ ဆိုးတာက နောက်တစ်နေ့အရာရှိနဲ့တူတဲ့ လူတစ်ယောက် အဲဒီစာတမ်းကို လက်ညှိုးထိုးပြီး “ဘယ်မအေရိုး က လာပြီး လက်ကမြင်းသွားတာလဲ။ ခုချက်ခြင်းဖြုတ်ပစ်” ဆိုပြီး ဒေါသပေါက်ကွဲနေတာကို ကျနော်တို့ ခပ်လှမ်းလှမ်း က ကျိတ်ရီခဲ့ကြရတယ်။