တနှစ်ကုန်လို့ နောက်နှစ်သစ်တခုကို ပြောင်းခဲ့ပါပြီ။ နှစ်သစ်ကူးတို့
ထုံးစံအတိုင်း နိုင်ငံအကြီးအကဲတွေ၊ လူထုခေါင်းဆောင်တွေ၊ အဖွဲ့အစည်းအသီးသီးက
အကြီးအကဲတွေ လူမှုရေး နိုင်ငံရေး နဲ့ အနုပညာလောကက
ထင်ရှားကျော်ကြားသူတွေရဲ့ နှစ်သစ်ကူး ဆုတောင်းတွေကို ကြားရပါတယ်။
အမြင်အမျိုးမျိုး ရှုဒေါင့်အမျိုးမျိုးကနေ အမိမြန်မာပြည်
ငြိမ်းချမ်းသာယာစေကြောင်း ဆုမွန်ကောင်းတွေတောင်းသွားကြရာမှာ သံသယသံလေးတွေ
ကိုလည်း နေရာအတော်များများမှာ ကြားလိုက်ရပါတယ်။ အားလုံးလိုလိုက
၂၀၁၃ခုနှစ်မှာ အကောင်းဘက်ကို ပြောင်းလဲစေလိုတဲ့ဆန္ဒနဲ့ ဆုတွေ
တောင်းခဲ့ကြပါတယ်။ ဘယ်လိုဘဲ အကောင်းမြင်ပြီး ဆုတွေတောင်းတောင်း
တိုင်းပြည်မှာ ဒီနေ့ကြုံတွေ့နေကြရတဲ့ ပကတိဘာဝအခြေအနေတွေ၊
အရှိတရားတွေကိုတော့ မျက်ကွယ်ပြုလို့ မဖြစ်နိုင်ပါဘူး။ ကျွန်တော့်အနေနဲ့တော့
ဆန္ဒတွေ စိတ်စေတနာတွေကို အခြေမပြုဘဲ ပကတိအရှိတရားတွေ အပေါ်အခြေခံပြီး
နိုင်ငံရဲ့ရှေ့ အလားအလာကို ခန့်မှန်းကြည့်ချင်ပါတယ်။ အခြေအနေတခုရဲ့
အလားအလာကို တွက်ချက်ရာမှာ ပကတိအရှိတရားများက ပေးတဲ့အဖြေ တွေကသာ
အမှန်ဖြစ်နိုင်ပါတယ်။ စိတ်ဆန္ဒကိုများများ အခြေပြုလေ များများမှားလေ
ဖြစ်မှာပါ။
ဒီနေ့ မြန်မာနိုင်ငံရဲ့ ရှေ့အလားအလာကို အဆုံးအဖြတ်ပေးမဲ့ အထဲမှာ အရေးအကြီးဆုံး ကတော့ စစ်အုပ်စုရဲ့အာဏာတည်မြဲနေမှုနဲ့ ၂၀၀၈အခြေခံဥပဒေ တည်ရှိနေမှုတို့ကို ဆန့်ကျင်တိုက်ပွဲဝင်နေတဲ့ ပြည်သူတွေရဲ့ တိုက်ပွဲတွေပါဘဲ။ ဒီလိုရေးလို့ ဒီနေ့ဖြစ်ပေါ်နေတဲ့ တိုးတက်ပြောင်းလဲမှုတွေရဲ့ အရှိတရားကို အသိအမှတ်မပြုတာ မဟုတ်ပါ။သို့သော် ပြည်သူတွေရဲ့ တိုက်ပွဲဝင်နေမှုကသာ အဓိကကျသည့် အလားအလာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ စစ်အုပ်စု စစ်အာဏာ တည်ရှိနေသရွေ့၊ ၂၀၀၈အခြေခံဥပဒေ တည်မြဲနေသရွေ့ ဒီနေ့ဖြစ်ပေါ်နေတဲ့ တိုးတက်ပြောင်းလဲမှု၊ ဒီမိုကရေစီတပိုင်းတစရရှိမှု ဆိုတာတွေဟာ အပေါ်ယံပြောင်းလဲမှု (သို့) ယာယီပြောင်းလဲမှု များသာ ဖြစ်နေလို့ပါ။ ပေါ်ပေါက်လာနေတဲ့ အကျိုးကျေးဇူးတွေကို ရတဲ့သူရပြီး မရတဲ့သူတွေမရ ဖြစ်နေသလို အချိန်မရွေးလည်း ပျောက်ကွယ်သွားနိုင်တဲ့ အရာတွေပါ။ ပြည်သူတွေရဲ့ တိုက်ပွဲကသာ စစ်အုပ်စု(သို့) စစ်အာဏာမပျောက်ပျက်မခြင်း၊ ၂၀၀၈ အခြေခံဥပဒေ မပျက်မခြင်း တည်ရှိနေမဲ့ အရာပါ။
ပြည်သူတွေရဲ့တိုက်ပွဲဆိုတာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLDအပါအ၀င် တခြားနိုင်ငံရေးပါတီများက ပါလီမန်အတွင်းဝင်ပြီး ၂၀၀၈အခြေခံဥပဒေပြင်ဆင်ရေး လမ်းကြောင်းကိုလျှောက်နေကြသလို၊ ကိုမင်းကိုနိုင်တို့ ၈၈ အုပ်စုကလည်း ပါလီမန်ပြင်ပလမ်းကြောင်းကနေ ဥပဒေတွင်း တိုက်ပွဲ ၀င်နေကြတာပါ။ ကျောင်းသားတွေကတော့ ဗကသ တကသအဖွဲ့တွေဖွဲ့ပြီး ဥပဒေတွင်းရော လိုအပ်ရင် ဥပဒေပြင်ပလမ်းကြောင်းကိုပါရွေးပြီး တိုက်ပွဲဝင်နေကြတာပါ။ ကျေးလက်ပြည်သူတွေ၊ မြို့ပြစက်မှုလုပ်သားတွေကလည်း မိမိတို့ အခွင့်အရေးတွေအတွက်၊ မိမိတို့အသက်ရှင်ရပ်တည်ရေး အတွက် ဥပဒေတွင်းရော ဥပဒေပလမ်းကြောင်းတွေကပါ တိုက်ပွဲဝင်နေကြတာပါ။ တိုင်းရင်းသားပြည်သူတွေကလည်း KIAလိုလက်နက်ကိုင်တိုက် နေတဲ့သူရှိသလို အားလုံးလိုလိုက လက်နက်တွေကို တင်းတင်းဆုပ်ထားကြတဲ့သူတွေချည်းပါ။ ဘယ်တိုင်းရင်းသား အဖွဲ့ကမှ စစ်အာဏာရှင်တွေကို မယုံကြည်ကြပါဘူး။ အခြေအနေအရသာ အပစ်အခတ်ရပ်ထား ကြတာပါ။ ဘာလို့ဒီလို တိုက်ပွဲပုံစံတွေ တကွဲတပြားဖြစ်နေရတာလဲ။ ဒါကတော့ ပါဝင်ပတ်သက်နေတဲ့ လူတန်းစားတွေ လူအလွှာတွေရဲ့ အကျိုးစီးပွားတွေ မတူကွဲပြားနေလို့ တိုက်ပွဲပုံစံတွေလည်း ကွဲပြားခြားနားနေရတာပါ။ သဘာဝကျကျ ဖြစ်ပေါ်နေတာပါ။
စစ်အုပ်စု(သို့) စစ်အာဏာရှင်တွေဟာ ဘာဖြစ်လို့ ပြည်သူတရပ်လုံးကို ဆန့်ကျင်ပြီး အကြမ်းဘက်ဖိနှိပ်နေကြတာလဲ။ အဓိကကတော့ စစ်အုပ်စုရဲ့ အကျိုးစီးပွားအတွက်ပါဘဲ။ စစ်အုပ်စုရဲ့အကျိုးစီးပွား ဆိုရာမှာ စစ်အုပ်စုဝင်အဟောင်းတွေရော လက်ရှိစစ်အုပ်စုဝင်တွေရော စစ်အုပ်စုမျိုးဆက်သစ်တွေအတွက်ပါ ပါပါတယ်။ စစ်တပ်ကအာဏာကိုင်ထားနိုင် ကြိုက်သလို စီမံခန့်ခွဲနိုင်ခဲ့လို့ စစ်အုပ်စုမျိုးဆက်ဟောင်းတို့ ဘီလီယံနာ မီလီယံနာတွေဖြစ်ခဲ့သလို လက်ရှိ စစ်ဗိုလ်ချုပ်တွေ ကလည်းဖြစ်ချင်မှာပါ။ မျိုးဆက်သစ်စစ်ဗိုလ်ချုပ်တွေကလည်း သွားရေကျ နေကြမှာပါ။ စစ်အာဏာမြဲနေမှ သူတို့ဒီအခွင့်အရေးရကြမှာပါ။ သူတို့လူတန်းစား တရပ်လုံး အကျိုးစီးပွားအတွက် သူတို့လုံးပမ်း အားထုတ်ကြမှာပါ။ (စစ်ဗိုလ်ချုပ်တွေ ဒီလိုစီးပွား မရှာချင်ပါဘူးဆိုရင် ဦးပိုင် ကုမ္ပဏီကိုဖျက်သိမ်းခိုင်းကြည့်ပါ။ အခု လက်ပံတောင်းကိစ္စဆိုတာ များမြောင်လှတဲ့ ဦးပိုင်ရဲ့လုပ်ငန်းတွေထဲက တခုဘဲရှိပါသေးတယ်။) သူတို့လုံးပမ်းမဲ့ အဓိကအလုပ်ကတော့ စစ်အာဏာတည်မြဲနေဖို့(၀ါ) ၂၀၀၈အခြေခံဥပဒေ တည်မြဲနေဖို့ပါ။ စစ်အာဏာတည်မြဲနေစေဖို့ အဓိကလိုအပ်ချက်ကတော့ စစ်တပ်ဟာ တိုင်းပြည်မှာ မရှိမဖြစ် အမြဲတမ်း အရေးပါနေဖို့ပါဘဲ။ ဒီလိုဖြစ်ဖို့အတွက် တိုင်းပြည်မှာ မတည်မငြိမ်ဖြစ်စေမဲ့ အခြေအနေတရပ် အမြဲတည်ရှိနေအောင် ဖန်တီးထားဖို့လိုအပ်ပါတယ်။ (ဥပမာ ရခိုင်အရေးအခင်းမျိုး၊ KIAလို ကိစ္စမျိုး။) အကောင်းဆုံးကတော့ ပြည်တွင်းစစ်ပါ။ ဒီနေ့စစ်ဗိုလ်ချူပ်တွေကို စစ်အာဏာရှင်တွေ ဖြစ်လာအောင် လုပ်ပေးလိုက်တာလည်း ဒီပြည်တွင်းစစ်ပါ။ တိုင်းပြည်ထဲမှာ စစ်ပွဲလုံးဝမရှိဘဲ ငြိမ်းချမ်းသာယာနေရင် စစ်အာဏာဟာလည်း မတည်မြဲနိုင်ပါဘူး။ ဒါကြောင့်လည်း KIAနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ မအောင်မမြင်ဖြစ်နေရတာပါ။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ မအောင်မြင်လေ စစ်ခေါင်းဆောင်တွေ သဘောကျလေဖြစ်မှာပါ။ စစ်ဖြစ်လို့သေကြေဒဏ်ရာရတာ စစ်ခေါင်းဆောင်တွေ မပါပါဘူး။ ဘယ်သူတွေသေကြေ ဒုက္ခရောက်နေကြတယ်ဆိုတာလဲ အားလုံးအသိပါ။ စစ်စားရိတ်တွေ ဘယ်လောက်ကုန်ကုန် စစ်ခေါင်းဆောင်တွေ အိပ်ထဲကထုတ်ရတာ မဟုတ်ပါဘူး။ ပြည်သူတွေက စားရိတ်ခံကြရတာပါ။ ကေအိုင်အေကိုတင်မကပါဘူး တချို့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို လည်း စစ်ခေါင်းဆောင်တွေက ဓါးကြိမ်းကြိမ်းထားတာတွေ ကြားနေရပါတယ်။ ဒီအဖွဲ့တွေကလည်း အခြေအနေအရသာ ငြိမ်နေကြတာပါ။
တိုင်းရင်းသားတွေအကျိုးစီးပွားဘက်က ကြည့်မယ်ဆိုရင်လည်း ဒီနေ့အထိ ဘယ်တိုင်းရင်းသားမှ တန်းတူရည်တူ အကျိုးခံစားခွင့် မရခဲ့ကြသေးပါဘူး။ ပြည်တွင်းစစ်ရဲ့ဒဏ်ကို အပြင်းထန်ဆုံးနဲ့ အရှည်ကြာဆုံး(နှစ်၆၀ကျော်) ခံခဲ့ကြရတာလည်း သူတို့ပါဘဲ။ စီးပွားရေးမညီမျှမှုဒဏ်ကို ဆယ်စုနှစ်နဲ့ချီပြီး ခံခဲ့ရတာလည်း သူတို့ပါဘဲ။ ( လောပီတ ကလျှပ်စစ်တွေထုတ်နေတာ နှစ်၅၀ကျော်ပါပြီ။ ဒါပေမဲ့ ကယားပြည်နယ်မှာ ဒီနေ့အထိ နေရာအများစုက မှောင်နဲ့မဲမဲပါ။ ကျောက်စိမ်းဆိုတာ ကချင်ပြည်နယ်က ထွက်တာကြာပါပီ။ ဒါပေမဲ့ ဒီနေ့ကျောက်စိမ်းလုပ်ငန်းရဲ့ အကျိုးအမြတ်တွေကို အများဆုံးခံစားနေရတာက ဦးပိုင်နဲ့ ခရိုနီတွေ ဖြစ်နေတာ တွေ့ကြရမှာပါ။ ရခိုင်ကမ်းလွန်က သဘာဝဓါတ်ငွေ့သိုက်တွေက ရလာတဲ့ အကျိုးအမြတ်တွေကို ရခိုင်အမျိုးသားတွေ အရင်ကလည်းမရခဲ့ကြပါဘူး။ အခုလည်းရစရာ အကြောင်းမတွေ့ရပါဘူး။ )
တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကို ဆယ်စုနှစ်၂ခု လောက် အပစ်ရပ်ထားပြီး နောက်ဆုံးမှာ ဘာနိုင်ငံရေးအခွင့်အရေးမှ မပေးဘဲ နယ်ခြားစောင့်တပ် အဖြစ် စစ်အာဏာရှင်တွေရဲ့ စစ်ဘိနပ်အောက်ဆွဲသွင်းခဲ့တဲ့ လုပ်ရပ်ကလည်း တိုင်းရင်းသားတွေရဲ့ စစ်အုပ်စုအပေါ် မုန်းတီးမှု မယုံကြည်မှုတွေကို တိုးပွားစေခဲ့ပါတယ်။ ဒီလိုအခြေအနေတွေအောက်မှာ တိုင်းရင်းသားတွေ လက်နက်ကိုင် တော်လှန်နေကြတာ၊ အပစ်အခတ်ရပ်စဲရေးတွေ မကြာခဏ ကျိုးပေါက်နေရတာ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ မအောင်မမြင်ဖြစ်နေတာ တွေဟာ သဘာဝကျကျဖြစ်နေတာပါ။
ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်ဒီအပါအ၀င် စစ်အာဏာရှင်စနစ်ကို ပါလီမန်တွင်း လမ်းကြောင်းကနေ တိုက်ပွဲဝင်ဖို့ လုံးပမ်းနေတဲ့ ပါတီတွေအားလုံးအနေနဲ ဒီနေ့သူတို့ လုပ်ဆောင်နေတာတွေထက်ပိုပြီး ဘာမှ လုပ်နိုင်ဖို့မမြင်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့က ၂၀၀၈ အခြေခံဥပဒေအောက် ခေါင်းလျှိုဝင်ပြီးမှ စစ်အာဏာဖြိုဖျက်ဖို့ လုပ်နေရတာမို့လို့ပါ။ သူတို့ပါတီဝင် တွေကို ဒီနေ့ပေါ်ပေါက်နေတဲ့ ဥပဒေပြင်ပက ဆန္ဒပြပွဲတွေ (ဥပမာ လက်ပံတောင်းတောင် သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲမှု ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲတွေ ) မှာမပါဝင်ဖို့အထိ တားမြစ်မှုတွေ ရှိနေတာပါ။ ၂၀၀၈ အခြေခံဥပဒေကို ကျော်ပြီးလုပ်မှရမဲ့ ကိစ္စမျိုးတွေမှာ သူတို့ မပါဝင်နိုင်ပါဘူး။ ဒါကဘာကိုပြနေ သလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်ဒီပါတီဟာ လူထုတရပ်လုံးကို ကိုယ်စားပြုနေတယ် ဆိုတာ မဖြစ်နိုင်ဘူးဆိုတာကိုပြသနေတာပါ။ သူတို့ရဲ့ ကိုယ်စားပြုမှုမှာ အကန့်အသတ်တွေရှိနေတယ် ဆိုတာကို ထင်ထင်ရှားရှားပြဆိုနေတာပါ။ ဒီနေ့ စစ်အာဏာရှင် တို့အလိုကျ ကပြအသုံးတော်ခံ နေပြီဖြစ်တဲ့ ၂၀၀၈ အခြေခံဥပဒေ ဇတ်တော်ကြီးမှာ ဘယ်သူကမင်းသား၊ ဘယ်သူကမင်းသမီး၊ ဘယ်သူကလူကြမ်းမင်းသား၊ ဘယ်သူတွေကလူကြမ်းအဖွဲ့၊ ဘယ်သူတွေကဇတ်ရံတွေဆိုတာကို အားလုံးမျက်ဝါးထင်ထင် တွေ့မြင်နေကြရပြီ ဖြစ်ပါတယ်။ ဘယ်သူတွေအကယ်ဒမီရမယ်ဆိုတာလဲ ခန့်မှန်းလို့ ရနေကြပါပြီ။
မြန်မာနိုင်ငံမှာ လယ်သမားလူတန်းစား(ကျေးလက်နေပြည်သူများ)နဲ့၊ အလုပ်သမားလူတန်းစား (မြို့နေဆင်းရဲသားလူတန်းစား) တို့ရဲ့ လူဦးရေပမာဏဟာ တနိုင်ငံလုံးလူဦးရေရဲ့ ၇၀ရာခိုင်နှုံး အထက်မှာဘဲရှိပါတယ်။ ဒီနေ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ တိုးတက်ပြောင်းလဲမှုဆိုတာတွေ ဒီမိုကရေစီအခွင့်အရေးဆိုတာတွေကို ခံစားနေရတဲ့သူတွေထဲမှာ အဲဒီလူတန်းစားတွေ မပါပါဘူး။ ရန်ကုန် နှစ်သစ်ကူးတဲ့ညက ဂီတဖျော်ဖြေပွဲတွေကို လာတက်တဲ့သူ တသိန်းနီးပါရှိတယ်လို့ သိရပါတယ်။ ဒီရွှေပွဲလာ ပရိတ်သတ်တွေကတော့ ဒီကနေ့ ပြောနေကြတဲ့ တိုးတက်ပြောင်းလဲမှု ဆိုတာတွေရဲ့ အကျိုးကျေးဇူးတွေကို မိမိရရခံစားနေရတဲ့ လူတန်းစားအစုဝင်တွေ၊ နိုင်ငံရဲ့ အထက်လွှာပညာတတ်တွေ ဆိုတာသေချာပါတယ်။ ဒီအထဲမှာ လှိုင်သာယာစက်ရုံတွေက အလုပ်သမလေးတွေ၊ ရွှေပြည်သာတော်ဝင်သစ်ချောကိုင်စက်ရုံက အလုပ်သမားတွေ၊ ဧရာဝတီတိုင်းမှာ ဧကသိန်းနဲ့ချီပြီး စပါးတွေမိုးမိလို့ ဒုက္ခရောက်နေကြရတဲ့ လယ်သမားတွေ မပါမှာကတော့သေချာပါတယ်။
၂၀၀၈အခြေခံဥပဒေဆိုတာ ဆင်းရဲမွဲတေလှတဲ့ ကျေးလက်ပြည်သူတွေ၊ မြို့ပေါ်ကစက်ရုံအလုပ်သမား တွေ ဘက်က ရပ်တည်ပြီးရေးထားတာ မဟုတ်ပါဘူး။ စစ်အာဏာရှင်တွေ၊ သူတို့ရဲ့ခရိုနီတွေ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ အကျိုးစီးပွားဘက်က ဘက်လိုက်ပြီး ဖန်တီးရေးဆွဲထားတာပါ။ ဒါကြောင့် ဒီ၂၀၀၈အခြေခံဥပဒေအောက်မှာ တရားဝင်တိုက်ပွဲသာဆင်နွှဲရမယ်၊ ဥပဒေပြင်ပတိုက်ပွဲ မဆင်နွှဲရဘူးဆိုရင် အလုပ်သမားတွေ လယ်သမားတွေအဖို့ ဘာအခွင့်အရေးမှ ရလာစရာ အကြောင်းမရှိပါဘူး။ ထားရာနေ ခိုင်းတာလုပ် ပေးသလောက်ယူ ဆိုတဲ့အဆင့်ဘဲ ဖြစ်နေမှာပါ။ ဒါကြောင့်လည်း လက်ပံတောင်းတောင်ဒေသမှာ သပိတ်စခန်းတွေဖွင့်ပြီး ဆန္ဒပြတာတွေ၊ စက်ရုံအလုပ်ရုံတွေမှာ အလုပ်သမားသပိတ်တိုက်ပွဲတွေ ပေါ်လာရတာပါ။ ဒီလိုသပိတ်တိုက်ပွဲတွေမှာ စစ်အာဏာရှင်တွေဘက်က အကြမ်းဖက်ဖြိုခွဲမှုတွေ(ဥပမာ လက်ပံတောင်းသပိတ်စခန်း အကြမ်းဖက်ဖြိုခွဲမှု) ရှိသလို ရွှေပြည်သာတော်ဝင် သစ်ချောကိုင်စက်ရုံမှာ စက်ရုံပိုင်ရှင်ဘက်က ဆန္ဒပြအလုပ်သမား တွေအပေါ် အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။ ဒါတွေကိုကြည့်ရင်၊ လိုအပ်လာရင် စစ်အာဏာရှင်တွေ စီးပွားရေးလုပ်ငန်းရှင်တွေ ဖက်ကလည်း အင်အားသုံးဖြိုခွင်း နိုင်တယ်၊ ဥပဒေပြင်ပ နည်းလမ်းတွေကိုသုံးလာနိုင်တယ်ဆိုတာ သိသာထင်ရှားလှပါတယ်။ အလုပ်သမားလယ်သမားတွေ ဥပဒေပနည်းလမ်းတွေ သုံးပြီးဆန္ဒပြရင်သာ ဖမ်းဆီးရိုက်နှက် အကြမ်းဖက်ဖြိုခွဲ သော်လည်း အာဏာပိုင်တွေ စီးပွားရေးလုပ်ငန်းရှင်တွေ ကိုတော့ ဒီဥပဒေပြင်ပက လုပ်ရပ်တွေအတွက် အရေးယူတာ မတွေ့ရပါဘူး။
ဒီအခြေအနေတွေကို အခြေခံပြီး တွက်ဆကြည့်မယ်ဆိုရင် ၂၀၁၃ခုနှစ်နဲ့ နောက်လာမဲ့ ကာလတခုအတွင်း မြန်မာနိုင်ငံမှာ စစ်မီးတွေလုံးဝငြိမ်းမသွားနိုင်ပါဘူး။ ပိုတောင်ကြီးလာနိုင်တဲ့ အလားအလာတွေကို မြင်နေရပါတယ်။အလုပ်သမားလယ်သမား တွေရဲ့ ဘ၀ရပ်တည်ရေး၊ စားဝတ်နေရေးတွေအတွက် အခွင့်အရေးတောင်းဆိုမှုတိုက်ပွဲ တွေဟာလည်း အခါမလတ် ပေါ်ထွက်နေမှာဖြစ်ပြီး တခါတရံ အကြမ်းဖက်မှုများအထိ ဆိုက်ရောက်သွားနိုင်ပါတယ်။ ရခိုင်ပြဿနာလို လူမျိုးရေး ဘာသာရေး အဓိကရုဏ်း တွေကိုလည်း အာဏာပိုင်အသိုင်းအ၀န်းက သူတို့အကျပ်အတည်း ဆိုက်ရင်ဆိုက်သလို ဖန်တီးပြီး လိုရာဆွဲအသုံးချမှုများလည်း အချိန်မရွေး ပေါ်ပေါက်လာနိုင်ပါသည်။
ပေါ်လာနိုင်တဲ့ ရေခံမြေခံတွေကလည်း ပေါများလှပါတယ်။
စစ်အာဏာရှင်တွေဆိုတာ သူ့တို့အလိုအလျှောက် အသာတကြည် လူထုလက်ကို အာဏာပြန်အပ် တယ်ဆိုတာ မရှိပါဘူး။ သူတို့အကျိုးစီးပွားတွေကို သူတို့ နောက်ဆုံးအချိန်အထိ ကာကွယ် သွားကြမှာပါ။
၎.၁.၂၀၁၃

No comments:
Post a Comment
mr.kyaingtun@gmail.com