Thursday, January 24, 2013

သူယုတ်လက္ခဏာ- လင်းထင် by Lin Htin on Thursday, January 24, 2013 at 4:42am ·


သူယုတ်လက္ခဏာဆို အစဉ်အလာ ညွှန်းတဲ့ဟာတွေအပေါ် သိပ်ဘ၀င်မကျချင်ဘူး။

ပထမ- ရုပ်ဆင်းသွင်ပြင်ကို သူယုတ်လက္ခဏာ ကပ်လိုက်တဲ့ ဟာမျိုးတွေ (ဥပမာ- ဦးပုည ဆဒ္ဒန်ဇာတ်ထဲက သောနုထ္ထိုရ်ကိုအဖွဲ့၊ ဦးသြဘာသ ဝေဿန္တရာထဲက စူဇကာပုဏ္ဏား အဖွဲ့) ရှေးစာထဲပါပြီး၊ နှောင်းလူတို့ ပြဌာန်းစာသဖွယ် အသင်ခံရတဲ့အခါ၊ စာပေဂုဏ်မြောက်တဲ့ အရေးအသားကို လေ့လာရမယ့် အဖြစ်နဲ့ ဆောင်သင့် ရှောင်သင့်သော စာရိတ္တတရားတို့ကို နီတိထုတ် မှတ်ယူရမယ့်အဖြစ်၊ နှစ်ခုသောကိစ္စရပ်တို့ ရောထွေးကုန်ကြတယ်။

ဗမာ့လူ့အဖွဲ့အစည်းမှာ ရုပ်ဆင်းသွင်ပြင်နဲ့ စာရိတ္တတရားကို ညီမျှခြင်းချလိုတဲ့ အယူမှား စွဲဝင်တာပဲ။ ယိုးဒယားကနေ ရိုဟင်ဂျာတွေကို ပင်လယ်ထဲ ပြန်လွှတ်တဲ့ နောက်ဆက်တွဲ ဂယက်တွေမှာ အဲဒီ့အချိန် ဟောင်ကောင်က မြန်မာကောင်စစ်ဝင်ရဲ့ ရိုဟင်ဂျာဆိုတာ အသားမည်းတယ် ရုပ်ဆိုးတယ်၊ မြန်မာက ရုပ်ရည်ပြေပြစ်တယ် ဆိုတဲ့ နှုတ်ထွက်စကားဟာ ဗမာ့လူ့အဖွဲ့အစည်းမှာ Racism စွဲဝင်မှန်းမသိ စွဲဝင်နေတဲ့ အဖြစ်ရဲ့ ရောဂါလက္ခဏာပဲ။

ဒီလိုစိတ်အခံဟာ နိုင်ငံသားဖြစ်မှုရော ဌာနေဖြစ်မှုရော မျိုးနွယ်စုဖြစ်မှုအပေါ်မှာပါ အများနဲ့ အသားရောင် ဘာသာစကား ဘာသာတရား တူညီမညီ စမ်းစစ်လိုတဲ့ အခြေခံကလွဲတဲ့ တင်ကြိုပြဌာန်းနှင့်ပြီး သဘောထားတို့ စမ်းပေါက်ရာပဲ။


ဒုတိယ- လောကနီတိလို့ အဖိုးထားတဲ့ စာထဲက သူယုတ်လက္ခဏာအဖြစ် ညွှန်းဆိုတဲ့ လူ့အမူအကျင့်တွေ။ သူမခေါ်ဘဲ သူ့အိမ်သို့ သွားဖန်များသောသူ၊ သူမမေးဘဲ စကားများများ ပြောတက်သူ၊ မိမိဂုဏ်ကျေးဇူးကို ပလွှားတတ်သောသူတဲ့။ ဒါတွေတစ်ချက်ခြင်းဆီဟာ အပေါင်းသဘောရော အနှုတ်သဘောရော အခြေအနေ အချိန်အခါလိုက် ကောက်ယူချည်းကပ်နိုင်တဲ့ ဒွိသဘောဆောင်တယ်။

သာသနာပြုလိုသူ၊ ကုန်ပစ္စည်း ကြော်ငြာရောင်းချလိုသူ၊ အများဆန္ဒ အများသဘောတူမှု လိုက်လံကောက်ခံသူတို့ဟာ မခေါ်လည်းသွား မမေးလည်းပြော ကိုယ့်ဂုဏ်ရည်ကို ကိုယ်အမွှမ်းတင်ရမှာပဲ။ အခု ကျနော်လည်း မမေးပဲပြော မတီးပဲမြည်နေတဲ့ သူယုတ်ပဲ။ ပါတီမဲဆွယ်တဲ့ နိုင်ငံရေးသမားကစလို့ မြို့ပတ်ရထားပေါ်က ကြွက်နို့သတ်ဆေးသည်ထိ ဒီသဘော ပြေးမလွတ်။ လောကနီတိ ဖြစ်စေချင်တာ မလုပ် မရှုပ် မပြုတ် ခပ်ရို့ရို့နေ ကိုယ့်အသံ ကျယ်ကျယ်မထုတ်နဲ့လို့ ပဒေသရာဇ်ခေတ် ကျေးတော်မျိုး ကျွန်တော်မျိုးတွေ အသက်ရှည်နည်းကား ဆုံးမတာပဲ။

တတိယ- ဘာသာရေးကပြောတဲ့ သူယုတ်လက္ခဏာ မက္ခနဲ့ ပဠာသ၊ အဘိဓမ္မာအရ သရုပ်ခွဲရင် ဒေါသစိတ်ထဲ ပါသတဲ့။ မက္ခဆိုတာ ကျေးဇူးကန်းတတ်တဲ့ စိတ်သဘော၊ ပဠာသဆိုတာ ကိုယ့်ထက်သာ မနာလိုပဲ အရိုအသေ မပြုနိုင် တန်းညှိယှဉ်ပြိုင်လိုတဲ့ သဘော။ ဒါလည်းပဲ အပေါင်းသဘောရော အနှုတ်သဘောရော အဌကထာ ဖွင့်နိုင်တာပဲ။

ကျေးဇူးရှိတယ်ဆိုတာဘာလဲ၊ ကိုယ့်ကောင်းကျိုး ချမ်းသာကို ဆောင်ကြဉ်းပေးခြင်းဟာ ကျေးဇူး ရှိတာပဲ၊ ဆောင်ကြဉ်းပေးသူဟာ ကျေးဇူးရှင်ပဲ။ ကိုယ့်ကောင်းကျိုး ချမ်းသာဆိုတာ အများကောင်းကျိုး ချမ်းသာနဲ့ရော ယှဉ်သလား၊ ကိုယ့်ကောင်းကျိုး ချမ်းသာကို ဖြစ်စေသူဟာ အများကောင်းကျိုး ချမ်းသာကိုရော ဖြစ်စေသလား။ ကိုယ့်အဖို့ငှာ ကျေးဇူးရှိမှုနဲ့ပဲ ကျေးဇူးရှင်ရဲ့ အပြုအမူ လျော်၏မလျော်၏ မဆင်ခြင်အပ်တော့ဘူးလား။ ဆင်ခြင်ခြင်း ဝေဖန်ခြင်း ထောင်ထား ခြားနားခြင်းဟာ ကျေးစွပ်ရာရောက်သလား။

ဒီတော့ မက္ခဆိုရင် သူတထူးကျေးဇူးကို အလေးမမူ အရာမသွင်းတတ်တဲ့ ungrateful စိတ်သဘောလေးကိုသာ ဆိုလိုတဲ့အပေါ် ပိုင်းခြားနားလည်သင့်တယ်။ ဒီ့နှယ်ပဲ ပဠာသဆိုရာမှာလည်း ကိုယ့်ထက်သာ မနာလိုမှု ဖျက်လိုဖျက်စီး လုပ်လိုမှု စိတ်မနော အုံကြွဖြစ်ထွန်းတတ်တဲ့ သဘောလို့သာပဲ ပိုင်းခြားနားလည်ရမယ်။ နာမည်ကြီး ထင်ရှားသူကို ဝေဖန်စမ်းစစ်ရင် သူယုတ်ဆိုတဲ့အနက် မစွန်းထင်းသင့်။

ခေတ်သစ် သူယုတ်လက္ခဏာတွေ အထူးသဖြင့် နိုင်ငံရေးနယ်ပယ်က သူယုတ်လက္ခဏာတွေကို ဒီ ရှေးစာ နီတိ ဘာသာရေးလာတို့နဲ့ မဟုတ်ပဲ ပိုင်းခြားစီစစ်ရမယ့်တာဝန် ကျနော်တို့မှာ
ရှိတယ်။ ကျနော် စပြီး တစ်ချက်ကို အကြံပြုမယ်။ ကျနော်ပြောလေ့ရှိတဲ့ ကြေးတန်းတိုက်တတ်တဲ့ စိတ်ဟာ နိုင်ငံရေးသူယုတ်လက္ခဏာပဲ။

၆၇လမ်းစဉ်ကို လက်ညှိုးထိုး ကြေးတန်းတိုက်တာ သူယုတ်လက္ခဏာပဲ၊ မကဒတ မြောက်ပိုင်းကိစ္စကို လက်ညှိုးထိုး ကြေးတန်းတိုက်တာ သူယုတ်လက္ခဏာပဲ၊ ကေအိုင်အေလည်း ဘာကောင်းသလဲလို့ ကြေးတန်းတိုက်တာ သူယုတ်လက္ခဏာပဲ။

ဘာကို ကြေးတန်းတိုက်သလဲဆို စစ်အာဏာရှင်စနစ်နဲ့ စစ်စရိုက်ကို ကောင်းပါတယ်လို့ ငြင်းခုံမှု ပြုမရတဲ့အခါ သူတို့လည်း ဘာထူးလည်းဆိုတဲ့ စစ်နောက်မြီးဆွဲတို့ အတိုက်အခံအပေါ် လက်ညှိုးတပြန်ထိုးသော ကြေးတန်းတိုက်မှုကိုဆိုလိုတယ်။ သူတို့လည်း ဘာကောင်းသလဲဆို နည်းနာအမှား လုပ်ရပ်အမှား ပုဂ္ဂိုလ်ရေးအမှားတွေ ရှိသည်ဆိုဦး စစ်အာဏာရှင်စနစ်နဲ့ စစ်စရိုက်ကို လက်သင့်မခံ ငြင်းဆန်တော်လှန်သမှုပြုခြင်း တရားကိုယ်သဘောရဲ့ အနှစ်သာရကို ခြေဖျက်လို့ မရဘူး။ေ၀၀ါးစေခြင်း ရောချခြင်း အားနည်းသူဘက် မလိုက်ဝံ့ခြင်း မတော်ရာမှာမွေ့လျော်ခြင်း စတဲ့ နိုင်ငံရေးသူယုတ်လက္ခဏာတွေ ရှိဦးမှာပါ။ ဖော်ထုတ်ကြပါ။

No comments:

Post a Comment

mr.kyaingtun@gmail.com