ဒဏ်ရာများ
အမေထားခဲ့တဲ့ ကျနော့အတွက်ဒိုင်ယာယီလေးအကြောင်းပြီးသွားတော့ ကျနော် စိတ်ပန်းကျသွားသလိုဖြစ်ပြီး ဘာမှ ဆက်ရေးချင်စိတ်မရှိဖြစ်နေတယ်။ ကျနော်တို့လက်နက်ကိုင်တော်လှန်ရေးလုပ်ကြတဲ့ ကျောင်းသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေအများကြီးရှိတယ်။ တကယ်တော့ ကျနော်တို့ အိပ်မက်ထဲမှာတောင် ထည့်ပြီးမမက်ခဲ့တဲ့ ဘ၀အတွေ့အကြုံဖြတ်သန်းမှုတွေက ဒဏ်ရာတွေပေးခဲ့တာ။ တစ်ချို့က တိုက်ပွဲ တွေထဲမှာ ကိုယ်လက်အင်္ဂါတွေဆုံးရှုံးခဲ့ကြတယ်။ တစ်ချို့က အသက်ပေးခဲ့ကြတယ်။ တောထဲမှာရခဲ့တဲ့ ငှက်ဖျားလို သေဘေးနီးတဲ့ရောဂါတွေကလည်း တစ်ချို့ရဲဘော်တွေဆိုရင် အခုအထိ စိတ်မူမမှန်တာမျိုးတွေ ခံစားနေရတုန်း။ ရုပ်ပိုင်း၊ စိတ်ပိုင်းခံစားမှုတွေဟာ တစ်ဦးချင်း နည်းမျိုးစုံနဲ့ရှိနေတာ အမှန်။
တစ်ချို့ဆိုရင် ကျန်းမာရေး၊ အိမ်ထောင်ရေး စသဖြင့် အကြောင်းကြောင်းကြောင့် အဖွဲ့အစည်းက ထွက်ခွာခဲ့ပြီး အိမ်နီးချင်းနိုင်ငံတွေက ဒုက္ခသည်စခန်းတွေမှာ ဒါမှမဟုတ် နယ်စပ်မြို့တွေမှာ ရရာအလုပ်လုပ်ပြီး ရပ်တည်နေကြရင်းက ဒီအနှစ် ၂၀ ကျော်အတွင်း မျှော်လင့်တဲ့အခြေအနေတွေထက် မမျှော်လင့်တာတွေကိုပဲ ကြားရမြင်နေကြရတော့ စိတ်ပျက်လက်ပျက်နဲ့ အရက်အလွန်အကြွံသောက်ရင်း အသက်ဆုံးကုန်ကြတာတွေအထိပါ ရှိလာတယ်။ ဒုက္ခသည်စခန်းရောက်ပြန်တော့လည်း အမေရိကန်က ၉-၁၁ (၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့) မှာ ဘင်လာဒင်တို့ရဲ့ လေယာဉ်ပျံနဲ့ အဆောက်အဦတွေကို ၀င်တိုက်တဲ့ စစ်ဆင်ရေးအပြီး Patriot Act ဆိုတဲ့ ဥပဒေကိုထုတ်ပြန်ပြီး အကြမ်းဖက်အဖွဲ့အစည်းစာရင်းထဲမှာ ABSDF ကိုပါ ထည့်ထားတဲ့အတွက် ဒုက္ခသည်စခန်းကနေ တတိယပြည်ပနိုင်ငံတစ်ခုခုကို ဒုက္ခသည်အနေနဲ့ သွားကြမယ့် ကျောင်းသားရဲဘော်တွေဟာ အမေရိကန်နိုင်ငံသာမက တစ်ခြားအနောက်နိုင်ငံတွေကိုပါထွက်ခွာခွင့်တွေ ကြံ့ကြာခဲ့တယ်။ ဒုက္ခသည်စခန်းဆိုတာဟာလည်း ထားရာနေစေရာသွားလို အိမ်နီးခြင်းနိုင်ငံ အာဏာပိုင်တွေရဲ့ပေါ်လစီနဲ့ သဘောထားအတိုင်း နေကြရတာဆိုတော့ တစ်ခါတလေ အကျယ်ချုပ်ကျ နေသလိုခံစားရတဲ့ မွန်းကြပ်မှုတွေရှိနေတာပဲ။ ဆန်၊ ဆား၊ ငါးပိ၊ ငြုပ်သီးလို အခြေခံအစားအသောက် လောက်ပဲ ရာရှင်ရပြီး စခန်းအပြင်မှာလည်း အလုပ်လုပ်ခွင့်မပေးတော့ မြို့ပေါ်ကလာကြတဲ့ ကျောင်းသား သူပုန်တွေအတွက် အခက်အခဲ အတော်ဖြစ်ရတယ်လေ။
အနှစ် ၂၀ ကျော် ကြိုးစားဖြတ်သန်းခဲ့ပြီး ဒီမိုကရေစီရေးအတွက် ကိုယ်ယုံကြည်တဲ့လမ်းကြောင်းပေါ်မှာ ရင်ဆိုင်ဖြတ်သန်းလာကြတဲ့အခါ ဘယ်သူဘယ်ဝါကြောင့်ဘဲဖြစ်ဖြစ် လွတ်လပ်ပြီးတရားမျှတတဲ့စနစ် ပေါ်ထွန်းလာမယ် အဲဒါတွေလက်တွေ့ဖြစ်လာမယ်ဆိုရင် ကျနော်တို့အားလုံး ကြေနပ်နေပြီးသား။ ငါလုပ်မှ ဖြစ်မှာ ဆိုတဲ့ ‘ငါ’စွဲက အများအကြိုးအတွက်လုပ်တဲ့နေရာမှာ မကောင်းဘူး။ ထားလည်း မထားသင့်ဘူး။ အများအကြိုးအတွက်ဆိုရင် ‘ငါမှ’ ဆိုတာကြီးကို လွှင့်ပစ်ခဲ့။ တကယ့် စေတနာမှန်နဲ့လုပ်တဲ့ အလုပ်ရဲ့ ရလဒ်ကောင်းကို တွေ့ရမယ်လို့ ယုံကြည်တယ်။
ကြည့်လေ… ကျနော်တို့တော်လှန်ရေးမလုပ်ခင်ကတည်းက ကျနော်တို့ထက် အပင်ပန်းခံခဲ့တဲ့သူ အမတော်၊ နောင်တော်တွေ ရှိနေပြီးသား။ စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ဖို့တိုက်ပွဲဝင်ရင်း နည်းမျိုးစုံနဲ့ ကျနော်တို့ထက် စွန့်စားခဲ့သူတွေ၊ ကျနော်တို့ထက် ပေးဆပ်ခဲ့ရသူတွေ တပုံတပင်ရှိနေခဲ့သလို ရှစ်လေးလုံး အရေးတော်ပုံကနေ အခုအချိန်အထိ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားနေရတဲ့သူ တွေဟာ တိုက်ပွဲဝင်ရဲဘော်တွေတွင်မဟုတ်ဘူး၊ သူတို့ရဲ့မိသားစုဝင်တွေအထိ ရိုက်ခတ်ခဲ့တာတွေ မြန်မာပြည်အနှံ့ နေရာတိုင်းမှာရှိနေတယ်။ ဒါဟာ လက်နက်ကိုင်တော်လှန်ရေးလုပ်တဲ့သူတွေချည့်မဟုတ်၊ လက်နက်မဲ့ အကြမ်းမဖက် ဆန့်ကျင်လှုပ်ရှားခဲ့တဲ့ရဲဘော်တွေနဲ့ မိသားစုဝင်တွေပါ အားလုံးပါတယ်။ ကျနော့ရဲ့ဖြတ်သန်း မှုဆိုတာ ကြမ်းတမ်းတဲ့ဖြတ်သန်းမှုထဲက အမှုန်အမွှားတစ်ခုပါပဲလေ။ ကိုယ်ဖြစ်ချင်တာကို ကိုယ်လုပ်ကြ တယ် ဆိုပေမယ့် ရိုက်ခတ်မှုမျိုးစုံကြောင့် မွန်းကြပ်မှုနဲ့ စိတ်ဒဏ်ရာတွေကတော့ ကျနော်တို့ကြားထဲမှာ အနည်းနဲ့အများ ခံစားကြရတာပါဘဲ။
တောသားမြို့ရောက်
တောထဲမှာ နှစ်တွေအများကြီးနေလာခဲ့ပြီးမှ အရေးပေါ်လိုအပ်ချက်အရ ရုံးလုပ်ငန်းတွေအတွက် ဘန်ကောက် နိုင်ငံခြားရေးဌာနက ဆင့်ခေါ်လို့ ဘန်ကောက်ကို မျက်စေ့သူငယ်နဲ့ သွားရတယ်။ နယ်စပ်မြို့ရုံး ခွဲက ရဲဘော်တစ်ယောက်က ကားပေါ်တင်ပေးလိုက်တော့ ခပ်တည်တည်နဲ့ စီးသွားပြီး ချင်းမိုင် (ဇင်းမယ်) ကိုရောက်တယ်။ အဲဒီမြို့မှာ တာဝန်ကျနေတဲ့ နောက်ထပ်ညီငယ်တစ်ယောက်က ကျနော့ကို ‘၀ီရ’ ဆိုတဲ့ ထိုင်းနာမည်တစ်လုံးကောက်ပေး၊ ကားလက်မှတ်ဝယ်ပြီး ကားပေါ်တင်ပေးလိုက်တယ်။ အဲဒီနေ့က ဘာသာရေးနေ့ဆိုလား၊ ထိုင်းဘုရင့်အခမ်းအနားနေု့ဆိုလား သူကပြောသေးတယ်။ အဲဒီလိုနေ့မျိုးတွေ လမ်းမှာ အစစ်အဆေးနဲတယ်ဆိုပဲ။ သူပြောတာမှန်တယ်။ လမ်းမှာ ကားရပ်ပေးရပြီး စစ်တာဆေးတာတွေ မရှိဘူး။
ပြဿနာက ကားပေါ်မှာ ထိုင်းစကားလုံးဝမတတ်တဲ့ ကျနော် ခုံမှာဝင်ထိုင်လိုက်ပြီး မကြာပါဘူး၊ ယူနီဖောင်း ၀တ်ထားတဲ့ ကားဝန်ထမ်း ကောင်မလေးချောချောတစ်ယောက်က ကျနော့ကို ဘာတွေမှန်းမသိလာမေးပါ လေရော။ ကျနော်ကနားမလည်တော့ အူကြောင်ကြောင်နဲ့ ရယ်ပြနေလိုက်၊ ဘာမှန်းမသိ တခဗ်ခဗ်နဲ့ (ဟုတ်ကဲ့) လိုက်လုပ်လိုက်ပေါ့။ နောက်တော့ သူက ကျနော်ထိုင်နေတဲ့ ခုံအောက်ကိုလက်ညှိုးထိုးပြီး တစ်ခုခုရှာ စေချင်တဲ့ပုံပေါက်တော့ ကျနော်ဆတ်ကနဲ ထိုင်ရာကထလိုက်တယ်။ အောက်မှာ အနီရောင် အ၀တ်ထုတ် ကွေးကွေးလေးတစ်ခုကိုကျနော် ဖင်ခုထိုင်ထားမိတာကိုး။ သူက အဲဒါကိုတွေ့ပြီဆိုတော့ တခစ်ခစ်နဲ့ သဘောကျနေတယ်။ ကျနော့လက်ထဲကို ပြန်ထည့်ပေးတယ်။ ကျနော့အတွက် ကားထိုင်ခုံ နောက်မှာ စောင်ပါးလေး တစ်ထည်လည်းရှိတယ်လို့ သူပြတယ်။ အိုကေပေါ့။ ကျနော် ဘေးပတ်ဝန်းကျင်ကို လိုက်ကြည့်တော့ ကားထွက်ခါနီး လူတွေတစ်ချို့က စောင်တွေကိုခြုံထားကြပြီ။ အထဲမှာ aircorn (လေအေး စက်) ဖွင့်ထား တော့အတော်လေးအေးတယ်။ ကျနော့လက်ထဲက အထုတ်နီလေးကို တခြားလူတွေကော ဘယ်နေရာမှာ သုံးပါလိမ့်လို့စူးစမ်းတော့ လားလား… သူတို့က လည်ပင်းနောက်မှာ ပတ်ထိုးပြီး ခေါင်းအုံး ထားကြတာတွေ့ရတော့မှ ကျနော်လည်း ကားပေါ်ကနောက်မှီရင်းခေါင်းအုံးလို့ရတဲ့ ခေါင်းအုံးမှန်းသိပြီး သူတို့လို ခေါင်းအုံးပြီး အိပ်လိုက်သွားတော့တယ်။ အေးဗျာ… တောကျပုံများ။ ခေါင်းအုံးကို ခေါင်းအုံးမှန်း မသိ။
ဘန်ကောက်ကို ကားဆိုက်တော့ ကားပေါ်က ထွက်ပြီး လာကြိုမယ့် သူကိုထွက်ရှာတယ်။ မတွေ့တာနဲ့ ကားဂိတ်အပြင်က အများသုံးတယ်လီဖုန်းရုံကနေ ရုံးကိုဖုန်းဆက်တယ်။ ရုံးကတစ်ယောက်က သွားကြိုတယ်လေ.. ဆိုတာနဲ့ ကျနော် ကားဂိတ်ထဲပြန်ရှာတယ်။ ဘယ်သူ့ကိုမှ မတွေ့ဘူး။ မတွေ့လိုက် ဖုန်းရုံကိုပြန်သွားလိုက်နဲ့ နောက်ဆုံးရုံးကလူက ခင်ဗျားအခုရောက်တဲ့နေရာမှာ နေနေ။ ကျနော် သွားကြိုတဲ့ ရဲဘော်ကိုစီးကို ပြောလိုက်မယ်တဲ့။ အဲဒီလို ခြေငြိမ်ငြိမ်နေလိုက်တော့မှ လာကြိုတဲ့ကိုစီးနဲ့ တွေ့ရတော့ တယ်။ သူကလည်း ကျနော့ကို လိုက်ရှာနေတာ ၁ နာရီလောက်ရှိပြီတဲ့။ တော်သေးတာပေါ့… ဆက်ပြီး ဟိုရွှေ့ဒီရွှေ့လုပ်နေရင် အဲဒီည ကားဂိတ်က တန်းလျှားတစ်ခုပေါ်မှာ ညအိပ်ရဖို့ရှိမလားပဲ။
ဆ၀ါဒီ
‘ဆ၀ါဒီ’ဆိုတာက ထိုင်းလို မင်္ဂလာပါလို့ပြောတာလေ။ ထိုင်းလူမျိုးတွေက ‘ဆ၀ါဒီ’လို့ပြောရင် လက်အုပ်ချီပြီး ပြောနှုတ်ဆက်ကြတယ်။ ဒါက တစ်နိုင်ငံလုံးမှာတွေ့ရတဲ့ ယဉ်ကျေးမှု။ လက်အနေအထားကလဲ အထက် အောက် ဆက်ဆံရေးဆိုတာမျိုးရှိတယ်။ လက်အုပ်ကို နှာခေါင်းနားအထိချီပြီး ဆ၀ါဒီလုပ်ရင် တစ်ဘက်ကို တစ်ဘက် လေးစားမှုကိုပြတာ။ စပြီး နှုတ်ဆက်တဲ့သူတိုင်း ဒီလိုဘဲ ဆ၀ါဒီလုပ် နှုတ်ဆက်ကြတယ်။ အဲ.. ကိုယ့်ထက်ငယ်တဲ့သူကို ပြန်ပြီးနှုတ်ဆက်တော့ ရင်ဘတ်လောက်မှာပဲ လက်အုပ်ထားပြီး ပြန်နှုတ်ဆက် ကြတယ်။ ရာထူးအကြီးအငယ်ဆိုရင်လည်း ဒီလိုပါဘဲ။ အငယ်တွေက စပြီး လက်အုပ်ချီနှုတ်ဆက် လေ့ရှိကြတယ်။ ဘုရားရှိခိုးတာမျိုးဆိုရင် နဖူးလောက်ရောက်တာရှိတယ်။ ဘုရားရှိခိုးတာဆိုတော့ ဆ၀ါဒီလို့ မပြောတော့ဘူးပေါ့။
အဲဒါကို အထာမသိလို့ အူကြောင်ကြောင်ဖြစ်ခဲ့ရတဲ့ အသိရဲဘော်တစ်ယောက်ရှိတယ်လို့ ကိုစီးက ပြော ခဲ့ဘူးတယ်။ အဲဒီကျောင်းသားက ဘန်ကောက်ကိုရောက်တော့ ဟိုသွားဒီသွားလေး လျှောက်သွားကြည့် တာပေါ့။ ဖြစ်ချင်တော့ သူကတစ်ရက် မြို့လည်ခေါင်က မဟာပိန္နဲနတ်ကွန်းရှေ့မှာ လမ်းကို မျက်နှာမူပြီး မတ်တတ်ရပ်နေတယ်။ ဟိုဖက်လမ်းက ကူးလာတဲ့ ထိုင်းလူမျိုးတွေက မဟာပိန္နဲနတ်ရုပ်ထုရှေ့ရောက်တော့ ခနရပ်လက်အုပ်ချီပြီးမှ သွားချင်တဲ့ဖက်ဆက်သွားကြတယ်။ အမှန်က မဟာပိန္နဲနတ်ကို ရှိခိုးကြတာ။ သူက လူတစ်အုပ်ဖြတ်လာလိုက် သူ့ကို ဆ၀ါဒီလာ လာလုပ်နေတော့၊ ထိုင်းလူမျိုးတွေ အတော်ယဉ်ကျေးကြ တာပဲလို့ ထင်သွားတယ်။ အဲဒါအပြင် သူက ငါက ဒီအတိုင်းရပ်နေရင်တော့ ရိုင်းသလိုဖြစ်နေမယ် ဆ၀ါဒီ ပြန်လုပ်ဦးမှလို့ အတွေးဝင်ပြီး နောက်ထပ် လူတစ်အုပ်ဖြတ်လာပြီး လက်အုပ်ချီနေကြတဲ့အချိန်မှာ သူက လက်အုပ်ချီပြီး ‘ဆ၀ါဒီခဗ်’ ပြန်လုပ်လိုက်တယ်။ ဟိုလူတွေက နတ်ကိုရှိခိုးနေတာကို ရှေ့တည့်တည့်က ရပ်နေပြီး ဆ၀ါဒီလာလုပ်နေတဲ့ သူ့ကို ဘယ်လိုအူကြောင်ကြောင်နဲ့ ငနာတစ်ကောင်က လာနောက်နေ ပါလိမ့်ဆိုတဲ့အကြည့်တွေနဲ့ ကြည့်သွားတာ ခံရပါလေရော။
ထိုင်းရဲ
ထိုင်းတွေက ယူနီဖောင်း ၀တ်ရတာကို အတော်လေးကြိုက်ကြပုံရတယ်။ သူတို့နိုင်ငံက ကျောင်းဆရာယူနီ ဖောင်း ၀တ်ထားတဲ့သူတွေကို မအူမလည်နဲ့ မြို့ရောက်လာတဲ့ တောသားကျောင်းသားတွေက ရဲမှတ်ပြီး လှည့်ပတ်ပြီး ပြေးနေကြတာ ခဏခဏပဲ။ ဟုတ်တယ်လေ။ ထိုင်းကျောင်းဆရာတွေရဲ့ ယူနီဖောင်းပုခုံးမှာ အပွင့်တွေအခက်တွေတောင် ပါတတ်သေးတယ်။ ယူနီဖောင်းကိုလည်း ဖစ်ဆိုဒ်ဝတ်ရတာ သဘောကျပုံ ရတယ်။ တစ်ချို့စစ်သားတို့ ရဲတို့ဆိုရင် ၀တ်ထားတာ ကောက်ညှင်းထုတ်ကြီးတွေ ထောင်ထားသလိုဘဲ။ အဲဒါက အရေးမကြီးဘူး ရဲအဖမ်းခံရပြီး ပြည်နှင်ဒဏ်ပေး၊ မြန်မာပြည်ပြန်အပို့ခံရလို့ကတော့ အရည်ခွံ အနွှာခံရမှာ။ ထိုင်းတွေကြားထဲမှာ ခပ်တည်တည်နဲ့ ထိုင်းလိုလိုဘာလိုလို အယောင်ဆောင်နေကြပေမယ့် အဖမ်းခံရရင်တော့ မနဲရှင်းရတယ်။ အထူးသဖြင့် ပိုက်ဆံကုန်တာပေါ့။
နယ်စပ်မှာတုန်းက မဲ့စရိယင်းရုံးကနေ မဲဆောက်ကို အသိရဲဘော်တစ်ယောက်ကို လွှတ်လိုက်တယ်တဲ့။ မသွားခင် ရုံးက အတွေ့အကြုံရှိတဲ့သူတွေက လမ်းမှာ ဘယ်သူဘဲ ဘာမေးမေး ‘ပိုင်မဲဆောက်’ လို့သာပြော လို့ သင်လိုက်ကြတယ်။ ‘ပိုင်’ ဆိုတာက သွားတယ်/သွားမယ် လို့အဓိပ္ပါယ်ရတယ်။ မဲဆောက်ကို သွားမယ်ပေါ့။ အဲဒီ ကံဆိုးတဲ့ရဲဘော်က သူစီးလာတဲ့အမိုးနဲ့ ပစ်ကပ်လိုင်းကားကို ရဲတားပါလေရော။ အဲဒီတော့ ရဲက မေးတယ်။ “ပိုင်နိုင်” (ဘယ်လဲ)၊ သူက “ပိုင်မဲဆောက်” (မဲဆောက်ကိုသွားမယ်)။ အဟုတ်သား။ နောက်ထပ်ရဲက ဆက်မေးတယ်။ “မားကျပ်နိုင်” (ဘယ်ကလာလဲ) သူကတော့ “ပိုင်မဲဆောက်”ပေါ့။ “ဘတ်မီမိုင်” (လက်မှတ်ရှိလား) – “ပိုင်မဲဆောက်”။ “ချု့အလိုင်” (နာမည် ဘယ်လိုခေါ်လဲ) လို့ရဲကမေးတော့လည်း သူက “ပိုင်မဲဆောက်”ချည့်ပြောနေတော့။ ရဲက သဘောပေါက်ပြီး ကားပေါ်ကဆွဲချပြီးဖမ်းထားလိုက်ပါလေရော။ ဟုတ်သားဘဲလေ။ သူသိတာက ပိုင်မဲဆောက် တစ်လုံးထဲပဲ ဟာ။ နောက်ကနေ မနဲလိုက်ပြီး ပိုက်ဆံနဲ့လိုက်ထုတ်လိုက်ရတယ်တဲ့။
ထိုင်းရဲတွေထဲမှာ တစ်ချို့က အကြံအဖန်လုပ်ကြတယ်။ သူ့နိုင်ငံထဲကို တရားမ၀င် ရောက်နေတဲ့သူကို တွေ့ရင် ငွေညှစ်တတ်ကြတယ်။ ဒီတစ်ယောက်ကတော့ ထိုင်းစကားနည်းနည်းပါးပါးတတ်တယ် သူ့ကို ရဲက ဘတ်စ်ကားဂိတ်မှာ ကားစောင့်နေတုန်း ဖမ်းတယ်။ တောင်းပန်လို့မရဘူး။ ရဲကလည်း ကားဂိတ်မှာ တခြားကားစောင့်နေကြတဲ့ ထိုင်းလူမျိုးတွေရှိနေတော့ အလုပ်ဖြစ်မှာမဟုတ်တဲ့အတွက် သူ့ဆိုင်ကယ်နောက်ကို အတင်းတက်ခိုင်းတယ်။ လမ်းမှာ ရဲက ဆိုင်ကယ်မောင်းရင်းက ဘတ်ငွေ ၂ သောင်း (ဗမာငွေနဲ့ ခြောက်သိန်းနီးပါး) ပေးရင်လွှတ်ပေးမယ်ပြောတယ်။ သူက ပိုက်ဆံမရှိဘူးလို့ ထိုင်းရဲကိုပြော တယ်။ အဲဒါကနေ တစ်သောင်း၊ တစ်သောင်းကနေ ငါးထောင် လျော့သွားလိုက်တာ နောက်ဆုံးစိတ်တို နေတဲ့ထိုင်းရဲက ဆိုင်ကယ်ရပ်ပြီး နှစ်ရာတော့ပေးကွာတဲ့။ အဲဒါကို သူက ဘောင်းဘီထဲလက်နှိုက်ပြီး လက်ထဲမှာ ထွက်လာတာက ၂၀ တန်တစ်ရွက်။ ဒါဘဲရှိတယ်တဲ့။ အဲဒါနဲ့ ထိုင်းရဲက ဆဲပြီး ဆိုင်ကယ်မောင်း ထွက်သွားဖို့လုပ်နေတုန်း အဖမ်းခံရတဲ့ငနဲက အကိုရယ် ကျနော့ကို အရင်က ကားဂိတ်နေရာကို ပြန်ပို့ပေးပါ ကျနော် အိမ်ပြန်ဖို့လမ်းစားရိတ်က အဲဒီကားဂိတ်ကနေ အိမ်အထိ ၂၀ ပဲကုန်မှာ ပိုက်ဆံအတိဖြစ်နေလို့။ အခုက အကိုခေါ်လာလို့ ကျနော် အဝေးကြီးရောက်နေပြီ။ အိမ်အထိပြန်စရာလမ်းစားရိတ်မရှိတော့ဘူးလို့ ရဲကိုအသနားခံတော့ ကိုရွှေရဲလည်း ထပ်ဆဲပြီး ပိုက်ဆံနှစ်ဆယ်ထုတ်ပေးခဲ့တယ်တဲ့။ ကျနော်သိသလောက် ကျနော်တို့အထဲက ထိုင်းရဲဆီက ပြန်ပြီးပိုက်ဆံရတာ အဲဒီပုဂ္ဂိုလ်ပဲရှိမယ်ထင်တယ်။
တောင်ပိုင်း ထားဝယ်စစ်ဒေသက ရဲဘော်တစ်ယောက်ကျတော့ ရုံးကို ဖြတ်သွားဖြတ်လာ ၀င်တည်းခိုရင်း လမ်းထိပ်ထွက်ပြီး ဟိုဝယ်ဒီဝယ်ဝယ်နေတုန်း အဖမ်းခံရတယ်။ အဲဒါ သူက ရဲကို သူတစ်ယောက်ထဲမဟုတ် ဘူးဆိုပြီး ရုံးကိုခေါ်လာခဲ့လို့ တရုံးလုံး ဒုက္ခရောက်ပါလေရော။ အဲဒါမှ ငွေ ၂ သောင်းလောက်ထွက်သွားတာ။
ခွန်ဖိလစ်ပင်းအတုများ
ထိုင်းနိုင်ငံထဲမှာ ဖိလစ်ပိုင်လူမျိုးတွေလဲရှိတယ်။ သူတိုက မြန်မာတွေနဲ့တူကြပြီး များသောအားဖြင့် တရားဝင် အလုပ်လာလုပ်ကြတယ်လို့ သိကြတော့ တစ်ချို့မြန်မာတွေက ဖိလစ်ပိုင်နိုင်ငံသားယောင်တွေ ဆောင်နေကြ တာရှိတယ်။ ထားဝယ်ဖက်က ရဲဘော်မျိုးသိန်းတစ်ယောက်လား၊ ဘိုးရဲလား ဘန်ကောက်ကိုရောက်တုန်း စာရွက်စာတမ်းတွေကို ကော်ပီကူးတဲ့ဆိုင်မှာသွားကူးရင်း ဆိုင်ကကော်ပီကူးပေးတဲ့ ကောင်မလေးကို အင်္ဂလိပ်လိုပြောပြီး စာရွက်ကူးလေရဲ့။ တစ်ခါနှစ်ခါဆိုတော့ ကောင်မလေးက အင်္ဂလိပ်လိုပြောတဲ့သူ့ကို ဘယ်နိုင်ငံကလဲလို့ မေးတယ်။ သူက ဖိလစ်ပိုင်နိုင်ငံသားလို့ အင်္ဂလိပ်လိုဖြေတော့ ကောင်မလေးက ၀မ်းသာအားရနဲ့ “I’m Philiphine too, I am very happy to meet you here.” (ကျမလဲ ဖိလစ်ပိုင်နိုင်ငံသူပဲလေ။ အကို့ကို ဒီမှာလာတွေ့ရတာ ၀မ်းသာလိုက်တာ) တဲ့။ သွားပါလေရော။ အဲဒီတော့မှ သူက မြန်မာနိုင်ငံသား ဖြစ်ကြောင်းပြောပြီး ညာမိတာတောင်းပန်ခဲ့ရတော့တယ်။
နောက်တစ်ယောက်က လူကြီးထဲက အသိတစ်ယောက်။ ကျနော်တို့ ဘတ်စ်ကားအတူစီးပြီး နယ်စပ်ကနေ ဘန်ကောက်ကို ပြန်တက်ဖြစ်ကြတုန်း ကျနော်နဲ့ ကိုစီးက နောက်ကနှစ်ခုံတွဲ ထိုင်ခုံတွေမှာထိုင်တယ်။ အဲဒီအကိုကြီးက အရှေ့က နှစ်ယောက်ခုံရဲ့ ပြူတင်းပေါက်နဲ့ကပ်ရက်ခုံရတယ်။ ဖြစ်ချင်တော့ အသံ အော်ကျယ်အော်ကျယ်နဲ့ အသက် ၅၀ ကျော် ထိုင်းအမျိုးသမီး၀၀ကြီးတစ်ယောက် တက်လာပါလေရော။ ခုံနံပါတ်လိုက်ရှာရင်း သူ့ဘေးကခုံမှာ ကျတယ်ဆိုတာသိသွားတယ်။ ခရီးသွားဖော်ရပြီဆိုပြီး တို့အကိုကြီးကို ပဋိသန္တာရ စကားစပါလေရော။ ကျနော်တို့လူကြီး အကိုကြီးလဲ ပထမတော့ ခဗ်၊ ခဗ် (ဟုတ်ကဲ့၊ ဟုတ်ကဲ့) ပေါ့။ နောက်တော့ အမျိုးသမီးကြီးက ထိုင်းလူမျိုးမဟုတ်ဘူးလားလို့ ထိုင်းလိုမေးတော့ သူက “I am Philiphine.” (ကျနော်ဖိလစ်ပိုင်လူမျိုးပါ) လို့ အင်္ဂလိပ်လိုပြောလိုက်တယ်။ အဖွားကြီးက အင်္ဂလိပ်လိုနဲနဲရ တယ်။ သူက ဘေးက ခရီးသွားထိုင်းတွေကိုပါ ဟယ်… ဒီမှာ ဖိလစ်ပိုင်နိုင်ငံသားတစ်ယောက်ပါလားလို့ ထိုင်းလိုလှည့်ပြောလိုက်သေးတယ်။ ဘေးက လူတွေလည်း အဖွားကြီးရဲ့ ဆူဆူညံညံအသံကြောင့် ၀ိုင်းပြီး ဂရုစိုက်လာတယ်။ အဲဒီမှာ အမျိုးသမီးကြီးက တစ်ခုနှစ်ခုဆက်မေးပြီး ထိုင်းသံနဲ့ “ယို.. စပိ.. အင်းဂစ်… ၀ဲလီးကု” You speak English. Very good. “အိုင်… စပိ.. အင်းဂစ်…. နော့.. ၀ဲလီးကု” I speak English. Not very good. ရှင်က အင်္ဂလိပ်စကားပြောတာကောင်းတယ်။ ကျမ အင်္ဂလိပ်လိုပြောတာ မကောင်းဘူးပေါ့လေ။ ကျနော်ပြုံးဖြစ်သွားတယ်။ အဲဒီအချိန်မှာဘဲ သူက ခုံမှာထိုင်ရင်း ခုံကိုနောက်ကို လှန်လို့မရလို့ ကူပြီးခလုတ်လေးဆွဲပေးပါဦးလို့ တို့ကိုကြီးကို အကူအညီတောင်းတော့ သဘောကောင်းတဲ့ တို့ကိုကြီးကလည်း ဟိုဘက်ကနေ အမျိုးသမီး၀၀ကြီးအပေါ်ကကျော်ပြီး ခလုတ်ဆွဲပေးလိုက်တာ ထိုင်ခုံက ၀ုန်းကနဲနောက်ကိုလန်ကျလာပြီး ကျနော်တို့ရဲ့ ဇတ်လိုက်ကျော် အကိုကြီးက ဟို၀၀အဖွားကြီးအပေါ် ထပ်ရက်ဖြစ်ကုန်ရော။ တစ်ကားလုံး ၀ိုင်းရီလိုက်ကြရတာ။ နောက်က ထိုင်နေတဲ့ ကျနော်တို့ မနဲကို တခွိခွိနဲ့ ရီနေတာကို အရှိန်သတ်ရတယ်။
နောက်တစ်ယောက်ကျတော့ နာမည်ပါတွင်တယ်။ သူလည်း လူကြီးထဲက အကိုကြီးတစ်ယောက်ပဲ။ သူကတော့ ရုံးကရဲဘော်တွေနဲ့ တစ်ညနေ လမ်းပေါ်က ထမင်းဆိုင်တစ်ခုမှာ စုပြီးထိုင်စားသောက်နေ ကြတယ်။ အဲဒီအချိန်မှာ ကလေးတစ်ယောက်က ဆ၀ါဒီခဗ်ဆိုပြီး လက်အုပ်လေးချီပြီးလိုက်တောင်း နေတယ်။ အဲဒီအထိ ပြဿနာမရှိသေးဘူး။ သူတို့ကလည်း အမှတ်တမဲ့ ဗမာလို စားရင်းသောက်ရင်း ပြောနေကြတယ်။ ကလေးက သူတို့စားပွဲနားရောက်လာပြီးတောင်းတော့ တစ်ယောက်က လက်ခါပြတယ်။ ကလေးကမသွားဘူး အဲဒီတော့ ကိုရှမ်းက ကလေးကိုသွားဖို့ ထိုင်းလိုပြောတော့ ကလေးက “ဦးတို့က ဗမာတွေလား” တဲ့။ အကိုကြီးလည်း ဆတ်ကနဲ ကလေးဖက်ကိုလှည့်ပြီး ဗမာလို “ငါတို့က ဗမာမဟုတ်ဘူး။ ခွန်ဖိလစ်ပင်းတွေကွ” တဲ့။ ကောင်းရော။ အဲဒါ နောက်ပိုင်းအဲဒီအကိုကြီးကို ခွန်ဖိလစ်ပင်းကြီး၊ ခွန်ဖိလစ်ပင်း ကြီးနဲ့ မကြားတကြား ရဲဘော်တွေက နောက်ပြီးခေါ်ကြတယ်။ သူကတော့ ကြိုက်ပုံမရဘူးပေါ့။
အိမ်ရှင်ကောင်းများ
နောက်ပိုင်း ကျနော် ဘန်ကောက်နဲ့ အသားကျလာတယ်။ သမိုင်းထဲမှာ ထိုင်းလူမျိုးတွေအတွက် အမျိုးသား ရေးစိတ်ဓာတ်မြှင့်တင်ဖို့ ပြောကြတဲ့အခါ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက သူတို့ကိုအနိုင်ယူလွှမ်းမိုးခဲ့တဲ့ မြန်မာ လူမျိုးတွေကို ပြန်ပြောကြပေမယ့် အများစုက ဧည့်သည်ကို ကူညီလိုတဲ့စိတ်ထားရှိကြတယ်။ သူတို့က အရမ်းကို အေးအေးဆေးဆေးနေကြတဲ့သူတွေပါဘဲ။ ကိုယ်က အိမ်နီးနားချင်းတွေကို ဆူပူနှောက်ယှက်တာ မျိုးမရှိဘူးဆိုရင် သူတို့ကလည်း ကိုယ့်ကို ဘာအနှောက်အယှက်မှ မပေးကြဘူး။ လူကောင်းတွေအဖြစ် လက်ခံပြီး ဆက်ဆံကြလေ့ရှိတယ်။
ကျနော်တို့ ဘန်ကောက်ရုံးဆိုတာက နှစ်ထပ်တိုက်ခန်းတွဲတွေမှာ ငှားပြီးရုံးဖွင့်ရတာ။ ကျနော်တို့ဘေးအိမ်က အစိုးရက လူကြီးတွေ၊ ဘုရင့်အသိုင်းအ၀ိုင်းတွေထွက်ရင် လိုက်ပြီးစောင့်လျှောက်ပေးရတဲ့ နောက်ဖက်မှာ ၀ိုင်ယာလက်စ် မီးလုံးဆင်ထားတဲ့ ဆိုင်ကယ်အဖြူရောင် အကြီးကြီးနဲ့ ယဉ်ထိမ်းရဲကြီးတပ်ကြပ်ကြီး တစ်ယောက် သူ့မိသားစုနဲ့အတူနေတယ်။ ပထမတော့ ကိုယ်က ထိုင်းစကားမတတ်တော့ ခပ်ရှောင်ရှောင် နေပေမယ့် လမ်းမှာတွေ့တိုင်း သူကစပြီးပြုံးပြနှုတ်ဆက်တော့ ပြန်နှုတ်ဆက်ရင်း ကျနော်နဲ့ ရင်းနှီးလာတယ်။ သူက ညနေပိုင်းမိတ်ဆွေတွေနဲ့ သူ့အိမ်ရှေ့မှာ ဘီယာသောက်တဲ့အခါ ကျနော့ကို ဘီယာတစ်ခွက်လာတိုက် လေ့ရှိတယ်။
နောက်ပိုင်းရင်းနှီးလာတော့။ ပတ်ဝန်းကျင်နဲ့ ခပ်ကင်းကင်းလိုဖြစ်နေကြတဲ့ ကျနော်တို့ကို သူ့ကိုမစိုးရိမ်ဖို့နဲ့ သူက ကျနော်တို့ ဘာတွေလဲဆိုတာတော့မသိဘူး၊ အိမ်ထဲမှာချိတ်ထားတဲ့ အန်တီစုပုံကိုတွေ့တော့ ကျနော် တို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့လူတွေပဲလို့ သူနားလည်တယ်။ အေးအေးဆေးဆေးနေကြတော့ ကျနော်တို့ ကိုလူကောင်းတွေလို့ သူကသတ်မှတ်တယ်။ လိုတဲ့အကူအညီရှိရင် ပြောပါ၊ ကူညီပါ့မယ်တဲ့။ ကျနော်ရောက် ခဲ့တဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ အရာရှိတွေ၊ အစိုးရ၀န်ထမ်းတွေကအစ အန်တီစုကို သိပ်ပြီး ချစ်ခင်လေးစား ကြတယ်။ ထိုင်းနိုင်ငံမှာ ရဲဝန်ထမ်းအားလုံး ယူနီဖောင်းတစ်ရောင်ထဲဝတ်ကြတယ်။ ဦးထုတ်အဖြူဆောင်း ထားရင် ယဉ်ထိမ်းရဲ၊ ဦးထုတ်ရွှေရောင်ဆောင်းထားရင် ရိုးရိုးရဲလို့သိကြတယ်။ ရွှေရောင်ဦးထုတ်ဆောင်းတဲ့ရဲ ကို ရွှေဂေါင်းပြောင်တွေလို့လည်း ကျနော်တို့ အလွယ်ခေါ်ကြတာရှိတယ်။
ကျနော်တို့လမ်းကြားလေးကနေ တစ်နေရာရာကိုသွားဖို့ လမ်းထိပ်ကို အမိုးပါတဲ့ ပစ်ကပ်လိုင်းကားတွေကို ငါးဘတ်ပေးပြီးစီးထွက်ကြရတယ်။ နောက်တော့ သူနဲ့ကြုံရင် ဘယ်သွားမလဲ လမ်းထိပ်ကိုလမ်းကြုံစီးဖို့ သူ အမြဲလိုခေါ်တယ်။ ကျနော်တွင်မဟုတ်ဖူး ကျနော်တို့ ရုံးက ဘယ်သူဖြစ်ဖြစ် သူ့ရဲ့ ဆိုင်ကယ်ကြီးနောက်က လိုက်စီးပြီး လမ်းကြုံလိုက်ဖို့ ခေါ်လေ့ရှိတယ်။ အပြင်က သူပြန်လာလို့ လမ်းထိပ်မှာ ကျနော်တို့ကိုတွေ့ရင် လည်း သူက သူ့အိမ်ဘေးမှာပဲနေကြတဲ့ ကျနော်တို့ကို သူ့ဆိုင်ကယ်နောက်က တင်ခေါ်ပြီးပြန်တယ်။ သိပ် သဘောကောင်းတဲ့လူပါ။ ရဲတွေ ဖမ်းတာဆီးတာများနေတဲ့အချိန် သူ့ဆိုင်ကယ်နောက်က ကျနော်တို့ကို ဘယ်သူမှ မစစ်ဆေးဘူး။ ပိုပြီးတော့လည်း လုံခြုံတာပေါ့။
တစ်ရက် ကျောင်းသားတပ်မတော် ၆၀၁ စခန်းက ဖိုးရဲက မြို့ထဲကပြန်လာပြီး မိုးပျံတံတားတစ်ဖက်ကနေ ဆင်းလာတာကို တာဝန်ပြီးလို့ အိမ်ပြန်ရင်း လမ်းထိပ်မှာ စားစရာဝယ်နေတဲ့ ရဲကြီးကတွေ့တော့ လက်ရပ် လှမ်းခေါ်တယ်။ သူဆိုင်ကယ် နဲ့လိုက်ခဲ့ဖို့ပေါ့။ အဲဒါကို ငနဲသားဖိုးရဲက သူ့ကိုဖမ်းဖို့စောင့်နေတဲ့ ရဲလို့ထင်ပြီး တံတားပေါ်ပြန်တက်ပြေးသွားလို့ ရဲကြီးက တဟားဟားနဲ့ လာပြောပြတာ မှတ်မိနေသေးတယ်။
ကျနော်နောက်ပိုင်း အပြင်တွေကို အဖွဲ့အစည်းရဲ့ အလုပ်ကိစ္စတွေနဲ့ စထွက်ဖြစ်လာတယ်။ ထိုင်းကျောင်းသား သမဂ္ဂတွေရဲ့အကူအညီနဲ့ မြန်မာကျောင်းသားတွေ၊ အတိုက်အခံတွေလုပ်တဲ့ အခမ်းအနားတွေ၊ အစည်း အဝေးတွေကို တက်ရတယ်။ ကိုယ့်အဖွဲ့အစည်းကထုတ်ဝေတဲ့ ဒေါင်းအိုးဝေနဲ့ အင်္ဂလိပ်ဘာသာနဲ့ထုတ်တဲ့ Dawn မဂ္ဂဇင်းတွေကို နိုင်ငံတကာဖြန့်ချိဖို့ စာတိုက်ကနေပို့ရတယ်။ တစ်ရက် ကျနော်စာတိုက်က ပြန်လာပြီး ဘတ်စ်ကားဂိတ်ကိုရောက်တော့ ဘောင်းဘီဘေးအိတ်ကို လက်နှိုက်ပြီး ငွေအကြွေစေ့တွေရှိမရှိစမ်းကြည့် တော့ မရှိတာနဲ့ ဘောင်းဘီနောက်အိတ်က သူငယ်ချင်း သိန်းထိုက်ဦးလက်ဆောင်ပေးထားတဲ့ သရေပိုက်ဆံအိတ်ကိုစမ်းကြည့်တော့ မရှိတော့ဘူး။ ဟာ… ဘယ်ရောက်သွားရတာလဲ။ ပိုက်ဆံအိတ်ထဲမှာ ရုံးကငွေတွေ ဘတ်နှစ်သောင်းဝန်းကျင်လောက် ထည့်ထားသေးတယ်။ ကျနော် စာအုပ်တွေပို့တော့ စာတိုက်ဝန်ထမ်းရှေ့က ကောင်တာမှာ ပိုက်ဆံအိတ်တင်ပြီးပေးခဲ့တာ သတိရတာနဲ့ ချက်ခြင်း စာတိုက်ကို ပြန်ပြေးရတယ်။ ဟိုရောက်တော့ ကျနော် ၀န်ထမ်းကို အင်္ဂလိပ်လို ပိုက်ဆံအိတ်တွေ့မိလားလို့ မေးတယ်။ သူက သိပ်ပြီး အင်္ဂလိပ်လိုနားမလည်ပေမယ့် နောက်ပိုင်းကျတော့ ကျနော်ဘာရှာနေလဲဆိုတာ သဘော ပေါက်ပြီး ကျနော့ပိုက်ဆံအိတ်ကို သိမ်းထားတဲ့သူ့အံဆွဲထဲကနေ ဒါလားဆိုပြီး ပြန်ထုတ်ပေးတယ်။ ကျနော် အရမ်းဝမ်းသာသွားတယ်။ အဖွဲ့အစည်းပိုင်ငွေလေ။ အချုပ်ကျတာကအရေးမကြီးဘူး၊ တစ်သက်လုံး နာမည် ပါပျက်ဦးတော့မလို့။ သူ့ကိုကျေးဇူးတင်တဲ့အကြောင်း အကြိမ်ကြိမ်ပြောပြီး စားစရာတစ်ခုခုလိုက်စားပါလို့ ခေါ်တော့ သူကအေးအေးဆေးဆေးပြန်ကြည့်ပြီး ကိစ္စမရှိပါဘူးတဲ့။ ကျနော် ပိုက်ဆံအိတ်ပျောက်လို့ ခေါင်းနားပန်းကြီး နေရတဲ့ကိစ္စက အဲဒီလူကောင်းကြောင့် သက်သာရာရတော့တာပေါ့။ ကျနော့ အတွက်လည်း ကိုယ့်ပေါ့ဆမှုအတွက်ကိုယ် သင်ခန်းစာရတယ်။
လူမျိုးနဲ့ သမိုင်း
မြန်မာတွေကို မုန်းကြတဲ့ ထိုင်းတစ်ချို့ ရှိပေမယ့် အများစုကတော့ ကောင်းကြပါတယ်။ ဒါကလည်း တစ်ဦး ချင်း သဘောထားနဲ့ အတွေးအပေါ်ဖြစ်လာတာ။ ပတ်ဝန်းကျင်နဲ့လည်း ဆိုင်တာပေါ့။ တစ်ချိန်က စစ်ဘုရင် တွေရဲ့ ဘုန်းလက်ရုံးတွေကို မှတ်ကျောက်အနေနဲ့ အာဏာဖြန့်ကြက်ဘို့ စစ်တိုက်ကြရင်း လူတွေရဲ့ကြားမှာ အမုန်းတွေကို ထားခဲ့တယ်။ အခုအချိန်အထိ မြန်မာပြည်မှာ တစ်ချို့က ဗြိတိသျှဆိုတဲ့ အင်္ဂလိပ်လူမျိုးတွေကို မုန်းနေသလိုပေါ့။
တကယ်တော့ ကျနော်တို့အခုမြန်မာတွေဟာ ဟိုးလွန်ခဲ့တဲ့ နှစ်လေးငါးရာလောက်က ထိုင်းနိုင်ငံရဲ့ မြိုတော် အယုဒ္ဓယကို သွားတိုက်ခဲ့တဲ့ မြန်မာတွေမဟုတ်ကြတော့သလို ဒီနေ့အင်္ဂလိပ်တွေကလည်း လွန်ခဲ့တဲ့ ၁၈၈၅ ခုနှစ်လောက်က နှစ်တရာလောက် ကိုလိုနီလုပ်ပြီး အုပ်ချုပ်သွားကြတဲ့ ဗြိတိသျှအင်္ဂလိပ်တွေ မဟုတ်ကြ တော့ပါဘူး။ ကျနော်နားလည်တာက သမိုင်းဆိုတာ ရှိရမယ်။ လေ့လည်း လေ့လာကြရမယ်။ အဲဒီသမိုင်းက ကျနော်တို့ သင်ခန်းစာယူရမယ်။ သက်ဦးဆံပိုင်ဘုရင်စံနစ်တွေက လုပ်ရပ်တွေကို ကိုယ့်ဦးနှောက်နဲ့ကိုယ် ကောင်းမကောင်းဆုံးဖြတ်ရမယ်။ ကောင်းတာတွေကို ယူကြမယ်။ မကောင်းတာတွေကိုလည်း ထားခဲ့ကြ ရမယ်။ အလုပ်တိုင်းမှာ အကျိုးဆက်ရှိတယ်။ အဲဒီအကျိုးဆက်တွေက ကိုယ့်နိုင်ငံနဲ့ အနာဂတ်မျိုးဆက် အတွက် ကောင်းမကောင်းစဉ်းစားပြီး လက်ရှိလူဖြစ်နေကြတဲ့ ကျနော်တို့ သမိုင်းရေးကြရမှာပဲ။ ကိုယ့်နိုင်ငံနဲ့ ကိုယ့်လူမျိုးကိုချစ်တဲ့ မျိုးချစ်ဖြစ်တာကောင်းပါတယ်။ ကိုယ့်လူမျိုးပဲကောင်းစားပြီး တခြားလူမျိုးတွေကို သွားပြီးထိခိုက်မယ့် မျက်ကန်းမျိုးချစ်တွေ မဖြစ်ကြဘို့လည်းလိုတယ်။
ကျနော့အဖေရဲ့ဖခင် ကျနော့ဘဘက ကျနော့ကို မှတ်လောက်သားလောက်ပြောသွားတဲ့စကားကို ကျနော် အမြဲနားထဲမှာ စွဲနေတာရှိတယ်။ “လူတိုင်းမှားတတ်တယ်။ လုပ်ရင်မှားမှာမကြောက်နဲ့။ နောက်တစ်ခါမမှား အောင် ဂရုစိုက်။ ဒါပေမယ့် အမှားတစ်ခုထဲကိုပဲ သုံးခါနဲ့ သုံးခါထက်ပိုပြီး အကြိမ်ကြိမ်ကြူးလွန်တယ်ဆိုရင် မင်းဟာ သောက်တုံး” တဲ့။
xxxxxxxxx
ဆက်ပါမည်...
No comments:
Post a Comment
mr.kyaingtun@gmail.com