Wednesday, October 3, 2012

Aung Khaing Myint ဒေါ်စုနဲ့ ၃၉ ဗိုက်ပူကြီးလို မြန်မာ့နိုင်ငံရေး....အပိုင်း(၁) by Swe Swe Kyi on Sunday, September 30, 2012 at 11:36pm ·


ဒေါ်စုနဲ့ ၃၉ ဗိုက်ပူကြီးလို မြန်မာ့နိုင်ငံရေး



မန်ကျည်ဒိန်ယိန်း



ဒေါ်စု လွှတ်တော်ထဲဝင်မယ်ဆိုတော့ ဒေါ်စုက ပွား နိုင်တဲ့စွမ်းရည်ရှိတယ်ဆိုပီး လိုတာထက် ပိုပီး ဦးဝင်းတင်က မြှောက်ပေးခဲ့တယ်။



တခါ ကျမ်းကျိန်စာသားနဲ့ ပတ်သက်ပီး ဒေါ်စုတယောက် လွှတ်တော် တက်ရကောင်းနိုး မတက်ရကောင်းနိုး ဝေခွဲမရ ဖြစ်နေချိန်မှာ လွှတ်တော်ထဲက တိုင်းရင်းသားပါတီတချို့က ဒေါ်စုကို လာသာလာပါဆိုပီး ပင့်ကြတယ်။ ဒေါ်စုကို လိုတာထက်ပိုပီး အထင်ကြီးတဲ့ တိုင်းရင်းသားပါတီတွေအဖို့တော့ ဒေါ်စုသာ လွှတ်တော်တက်ရင် လွှတ်တော် အင်အား ချိန်ခွင်လျှာ ပြောင်းသွားမယ်လို့ ထင်ခဲ့ကြပုံရတယ်။



တကယ်တန်း ဒေါ်စု လွှတ်တော်ထဲရောက်တော့ ဒေါ်စုတယောက် ထဘီ အကျီ စုံချပ၀ါတွေ ပွား နေတာကလွဲပီး နိုင်ငံရေးအရ ဘာမှ မပွားနိုင်တာကို မြန်မာပြည်သူတွေ ပြည်တွင်း သံဃာတော်တွေ သတိထားမိလာတာ တွေ့ရပါတယ်။ ဒါပေမဲ့ ဒေါ်စုကို အားနာတဲ့စိတ်နဲ့ ပွင့်ပွင့်လင်းလင်း မဝေန်ဖန်ဘဲ စောင့်ကြည့်နေတာ ဖြစ်ပါတယ်။



အခြေခံဥပဒေ ပြင်ဆင်မယ် စစ်တပ်ကို စည်းရုံးမယ်ဆိုတဲ့ ဒေါ်စုဟာ လွှတ်တော်ထဲက စစ်ဗိုလ်တယောက်တောင် စကားပြောခွင့်ရရဲ့လားဆိုတာ မေးစရာပါ။

သေချာတာကတော့ ဒေါ်စုဟာ လွှတ်တော်တက်တဲ့အချိန်ကနေ ဒီနေ့ထိ ပြည်သူအတွက် နိုင်ငံရေးပြုပြင်မှုတွေ ရွေးကောက်ပွဲ ရည်မှန်းချက်တွေ ဘာမှ အကောင်အထည် မဖော်နိုင်တာ ထင်ရှားပါတယ်။


လူငယ်တို့ နိုင်ငံကို ဦးဆောင်မယ်ဆိုရင် by Myanmar Online News on Thursday, September 27, 2012 at 8:35pm ·




လူ့ဘောင်တွင်းမှာ လူငယ်နဲ့ လူကြီး ခြားနားမှုတွေ အရမ်းများလာပါတယ်။ လူကြီးပြောတဲ့ စကား လူငယ်နားထဲ မဝင်တော့သလို၊ လူငယ်ပြောတဲ့ စကားလည်း လူကြီးနားထဲ မဝင်တော့ ပါဘူး။ တက္ကသိုလ်စာသင်ခန်းတွေထဲမှာ လူစုံမနေတော့ပါဘူး။ မိဘထမင်းဝိုင်း မှာမစုံတော့ပါဘူး။ အိမ်အချိန်မှန် ပြန်မရောက်တော့ပါဘူး။ ကလပ်မှာ၊ ဘီယာဆိုင်မှာ၊ အနှိပ်ခန်းမှာ၊ ပျော်ပွဲစားတန်းမှာ၊ လောင်ကစားဝိုင်းမှာ၊ လက်ဘက်ရည်ဆိုင်မှာ၊ ဂိမ်းဆိုင်မှာ၊ ပန်းခြံမှာ လူငယ်အရေအတွက်တွေ တိုးသထက်တိုးလာပါတယ်။

ဒီတော့ လူငယ်တွေထဲမှာ အကြမ်းအားဖြင့် နှစ်မျိုးထွက်ပေါ်လာပါတယ်။ တစ်မျိုးက စာကြမ်းပိုးနဲ့ တစ်မျိုးက ဖြစ်သလို ဖြစ်ပါတယ်။ စားကြမ်းပိုးဆိုတာကတော့ ထုံးစံအတိုင်း ပတ်ဝန်းကျင် လေ့လာမှုအားနည်းပြီး အရာရာကို မျက်ကွယ်ရှုပြီး ကိုယ့်လမ်းကိုလျှောက်နေ သူ ဖြစ်ပါတယ်။ နောက်တစ်မျိုးကတော့ စာလည်း လုပ်ချင်လုပ်မယ်။ မလုပ်ချင်မလုပ်ဘူး။ အလုပ်လည်း လုပ်ချင်လုပ်မယ်။ မလုပ်ချင်မလုပ်ဘူး။ အပျော်အပါး ခုံမင်မယ်။ ကြားနေကျ အတိုင်းဆိုရင် ဂိမ်းဆော့မယ်၊ ဘော်ဒါတွေနဲ့လိမ့်မယ် အစရှိသဖြင့်တို့ ဖြစ်ပါတယ်။ စားကြမ်းပိုးလည်း မကောင်းသလို၊ ဖြစ်သလို လူငယ်လည်း မကောင်းပါဘူး။

ဒီတော့ လူကြီးတော်တော်များများက ထွက်တဲ့ လေသံက ဒီလိုပါ “ဒီခေတ်ကလေးတွေ တော်တော်ပျက်ဆီး နေပြီ၊ မင်းတို့ဆီ ငါတို့နိုင်ငံလက်ဆင့်ကမ်းရမှာ ရင်လေးသကွာ” ဆိုတာပဲ ဖြစ်ပါတယ်။ စာဖတ်သူတို့ ခံနိုင်ပါသလား။ ကိုယ်တိုင်ကရော် တကယ်ပျက်ဆီး နေပြီလား။ အမှန်တော့ လူကြီး လူငယ်ကြား ခြားနားမှု ကြီးမားလာခြင်းကြောင့် ဒီလို အသံများ ထွက်လာခြင်း ဖြစ်ပါတယ်။ ဒီတော့ ပညာ သင်ကြားဆဲနဲ့ လုပ်ငန်းခွင် စတင်ဝင်ရောက်နေတဲ့ လူငယ်များအတွက် ဒီစာက ရည်ရွယ်ပါ တယ်။

၁။ ပညာသင်ကြားခြင်း

တော်တော်များများ ပြောကြပါတယ်။ သင်သာသင်နေတာ၊ ဘာမှအကျိုးမရှိဘူး။ စာမေးပွဲတွေလည်း တစ်ခုပြီးတစ်ခု၊ အစရှိသဖြင့် ငြီးငြူတတ်ကြပါတယ်။ ဒီမှာ ငြီးငြူပြီး အကြောင်းပြချက်အမျိုးမျိုးကို ပညာကို အလေးမထားသူဟာ တကယ် လူညံ့ဖြစ်ပါတယ်။ အချို့ ကဥာဏ်ကောင်းတယ်။ တို့နိုင်ငံ ပညာရေးက အဆင့်နှိမ့်လို့ စာမလုပ်ချင်ဘူး လို့ဆိုပါတယ်။ အမှန်ဆို ဒီလိုနှိမ့်ပါတယ်လို့ ယူဆရင် ကိုယ်က အများထက်သာအောင် လုပ်ပြရမှာ ဖြစ်ပါတယ်။ ခရီးတစ်ခုကို ဆုံးအောင်မသွားရသေးပဲ ဒီခရီးက မပင်ပန်းဘူး (သို့မဟုတ်) မခက်ခဲဘူးလို့ ဟစ်ကြွေးနေလို့မရပါ။ ကိုယ်က ခရီးတစ်ခုလုံးကို ဆုံးအောင် လျှောက်ထားမှ အမျိုးမျိုး ပြန်လည်ဝေဖန်နိုင်မှာဖြစ်ပါတယ်။ ခက်တယ်ဆို လဲခက်တယ်၊ လွယ်တယ်ဆိုလည်း လွယ်တယ် ပြောပြနိုင်အောင် ကြိုးစားခြင်းဖြင့် သက်သေပြရမှာ ဖြစ်ပါတယ်။ ဒါမှ ကိုယ်က အများအားထားရမယ့် လူတစ်ယောက် ဖြစ်လာ မှာ ဖြစ်ပါတယ်။

လွယ်ပါသလား။ လွယ်တယ်ဆိုရင် နံပါတ်တစ်ဖြစ်အောင်ကြိုးစားပြီး သက်သေပြလိုက်ပါ။ သင်ယူရန် ခက်ခဲနေပါသလား အကောင်းဆုံး ဖြစ်အောင် ကြိုးစားပြီး ဒီအခက်အခဲကို သက်သေပြနိုင်အောင် ကြိုးစားပါ။ ဒါဆို ပညာရေးစနစ်တစ်ခုလုံး ပြောင်းလဲမသွားတောင် ကိုယ်က ဒီထဲမှာ အကောင်းဆုံး ဖြစ်နေပါပြီ။ ကျောင်းမလစ်ပါနဲ့။ အတန်းမပျက်ပါနဲ့၊ ဆရာ၊ဆရာမများကို လေးစားပါ။ ပညာကို လေးစားပါ။ ပညာဆိုတာ အမြဲသင်ကြားနေ ရတာဖြစ်ပါတယ်။ ကျောင်းပြီးပေမယ့် ကိုယ်ရောက်ရာအရပ်မှာ အမြဲတမ်း သင်ယူလေ့ လာနေရတာ ဖြစ်ပါတယ်။

Tuesday, October 2, 2012

ကရင်ရိုးရာ ချည်ဖြူလက်ချည်ပွဲ၊ ဘားအံ KIC (Karen Information Center)/shared ခွန်ခမ်းဒွမ် သာမည's photo.

စနစ်ကျတယ်...။
ကရင်ရိုးရာ ချည်ဖြူလက်ချည်ပွဲ၊ ဘားအံ
KIC (Karen Information Center)
ဒီပုံကိုကြည့် ပြီးကျနော်ကမှတ်ချက်ပေးလိုက်တယ်၊ပွဲပြင်ဆင်သူတွေ၊ပွဲကျင်းပရေးကော်မတီများကို
လည်းလေးစားသွားမိတယ်၊အထူးသဖြင့် ဒီပုံလေးကိုရိုက်လိုက်တဲ့ ကင်မရာမင်ကိုမလေးစားပဲမနေ
နိုင်လောက်အောင်ဖြစ်သွားလို့ ပါပဲ၊စနစ်ကျတယ်..ဗျာ။
 
 

လွှတ်တော်ဟာ မြန်မာနိုင်ငံရဲ့ တန်ဘိုးရှိတဲ့ ဥပဒေစနစ်တစုံလုံးကို ဖျက်သိမ်းပစ်တော့မှာလား။ (အောင်ထူး) by Aung Htoo on Tuesday, October 2, 2012 at 12:50pm ·



ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး တရားသူကြီးကိုးဦးအား အရေးယူ ဖိအားပေး နုတ်ထွက်စေလိုက် ပြီး နောက် လွှတ်တော်သည် ဥပဒေစနစ်တစုံလုံးကိုပါ အနှစ်သာရအားဖြင့် ဖျက်သိမ်းတော့မည့် စိုးရိမ်ဘွယ်အနေအထားများအား တွေ့မြင်နေရ သည်။ မြန်မာနိုင်ငံသည် ငါးပါးသာမက သံဃာစင်ပါ မှောက်ပါတော့မည်။ အဘယ်ကြောင့်နည်း။

လွှတ်တော်တရပ်ခြင်းစီက ဖွဲ့စည်းလိုက်သည့် ကော်မတီ များသည် ပြည်ထောင်စု အဆင့်မရှိကြောင်း တိုင်းပြည်၏ အမြင့်ဆုံး ခုံရုံး က ချမှတ်လိုက်သော စီရင်ချက်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အတည်ဖြစ်နေပါလျှက်  ဤဆုံးဖြတ်ချက်ကို မလိုက်နာဘဲ လွှတ်တော်သည် ၄င်း၏ ကော်မတီများအား ပြည်ထောင်စု အဆင့်ဖြင့် ဇွတ်အတင်းကျင့်သုံးစေလျှင်၊ မြန်မာနိုင်ငံ၏ ဥပဒေစနစ်အား အခြေခံအားဖြင့် ဖျက်သိမ်းပြီးရာ ရောက်သွားသောကြောင့်ဖြစ်သည်။

ဖွဲ့စည်းပုံဆိုင်ရာခုံရုံးတရားသူကြီးအားလုံး နုတ်ထွက်သွားပြီ ဖြစ်သဖြင့် ၄င်းတို့ချမှတ်ထားခဲ့သော ဆုံးဖြတ်ချက်မှာ အလိုအလျှောက် ပျက်ပြယ်သွားပြီဟူ၍ လွှတ်တော်အမတ်တဦး
ဖြစ်သူ ဦးသိန်းညွန့်က ပြောဆိုသွား ခဲ့ကြောင်း ဘီဘီစီက စက်တင်္ဘာလ (၆) ရက်နေ့ တွင် အသံလွှင့်သွားခဲ့သည်။ ဤအတိုင်းပင် လွှတ်တော်အမတ်အများစုကလည်း ထင်မှတ်
နေကြပုံရသည်။ ယင်းအချက်မှာ လုံးဝ လွဲမှား နေပါသည်။ ယင်းကို သာမန်လူထုများ နားလည်နိုင်ရန်မှာ မြန်မာနိုင်ငံ၏ ဥပဒေစနစ်ကို ပြန်လည်လေ့လာဘို့ လိုပါမည်။

ကမ္ဘာတွင် အဓိကအားဖြင့် ဥပဒေစနစ်နှစ်ခုသာ ရှိပါသည်။ အင်္ဂလိပ်ဘာသာအားဖြင့် Common Law နှင့် Civil Law ဥပဒေ စနစ်များ ဟူ၍ခေါ်သည်။ မြန်မာနိုင်ငံသည် ဗြိတိသျှ ကိုလိုနီ အုပ်ချုပ်မှုအောက်တွင် နေခဲ့ ရစဉ်အတွင်း ကွန်မွန်းလော Common Law ဥပဒေ စနစ်ကို အမွေဆက်ခံခဲ့သည်။ နယ်ချဲ့စနစ်ကို မည်သူမျှ မကြိုက်ကြပါ။ သို့ရာတွင် နယ်ချဲ့စနစ်အောက်မှ ရရှိခဲ့သော ကွန်မွန်းလော ဥပဒေစနစ်ကို မူ မြန်မာနိုင်ငံ သမိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် မည်သည့် နိုင်ငံရေးခေါင်းဆောင်၊ မည်သည့် ဥပဒေ ပညာ ရှင် ကမျှ တိုက်ခိုက်ပြောဆိုခဲ့ခြင်း မရှိ၊ ယနေ့တိုင် တန်ဘိုးထားကာ လက်ခံကျင့်သုံးနေဆဲဖြစ်သည်။

ပြည်ထောင်စုတပ် လိုအပ်နေဆဲ ******************* ဗညားရံ ဇူလိုင်လ ၁၃၊ ၂၀၁၂။



လက်ရှိအစိုးရ အနေအထားဟာမှာ ဒုသမ္မတက ဦးမြင့်ဆွေ ဖြစ်လာစရာရှိလို့ သမ္မတ ဦးသိန်းစိန်က အစိုးရအဖွဲ့တွင်းမှာ အပြောင်းအလဲ အနည်းငယ် လုပ်ရပါတယ်။ ကြည့်ရတာ အရေးကြီးလို့ သူ့လက်စွဲတော် ဦးအောင်ကြည်နဲ့ ဦးအောင်မင်းကို အနားမှာ ခေါ်ထားချင်ပုံ ရတယ်။ သမ္မတ ဦးသိန်းစိန် အနေနဲ့ ဒါတွေကို လုပ်သင့်လုပ်ထိုက်ပါတယ်။

တပ်မတော်မီဒီယာများကို လေ့လာကြည့်ယင် လက်ရှိတပ်မတော်ဟာ ပြည်သူများကို ရန်သူသဖွယ် သဘောထားနေဆဲ ဖြစ်ကြောင်း တွေ့ရမှာ ဖြစ်တယ်။ တပ်မတော်လို့ ဆိုတယ့်နေရာမှာ သာမန်အကြပ်တပ်သားများကို ဆိုလိုတာ မဟုတ်ဘဲ အရာရှိကြီးမျာကိုပဲ ပြောလိုရင်း ဖြစ်တယ်။ သူတို့ဟာ ပြည်သူတို့နဲ့ ရင်းရင်းနှီးနှီး နေယင် ခန့်ညားမှု အားနည်းမှာကို စိုးကြောက်နေပုံလည်း ရတယ်။ သူတို့ကို မချစ်သော် နေပါစေ၊ ကြောက်နေမှ တော်ကာကျမယ်လို့ သဘောထားပုံ ရပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်များကိုတော့ ပြည်တွင်းရန်သူများလို့ သူတို့ သဘောထားပါတယ်။ သူတို့လူတွေကလည်း အဲဒီလိုပဲ ရည်ညွှန်းကြပါတယ်။ ပြည်တွင်းရန်သူများကို အရင်ရှင်းရမယ်လို့ ဆိုပါတယ်။ ဒီရပ်တည်ချက်ဟာ ဒီကနေ့အထိ မပြောင်းလဲသေးပါ။ တိုင်းရင်းသားများကို ကိုယ်ပိုင်ပြဌာန်းခွင့် ပေးဖို့ အင်မတန် ဝန်လေးကြပါတယ်။ တိုင်းရင်းသားများကို တန်းတူသဘောမထားနိုင်ကြပါ။ လူမျိုးစွဲ ပါတီစွဲ ပုဂ္ဂိုလ်စွဲ မထားပါနဲ့လို့ ပြောယင်လည်း လူမျိုးနောက်ခံ၊ ပါတီနောက်ခံ၊ အဖွဲ့နောက်ခံ၊ ပုဂ္ဂိုလ်ရေးနောက်ခံ မရှိဘဲ ဗမာပြည်မှာ ဘာမှ လှုပ်လို့ မရသေးပါဘူး။

အမြဲတမ်း ပြောနေကျတခုကတော့ တပ်က ဥပဒေကနေ သီးခြားရပ်တည်နိုင်စွမ်း ရှိတာကိုပါ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို ဥပဒေဘောင်အတွင်း ဝင်ရောက်ကြဖို့ ဦးသိန်းစိန်တို့ ဆော်သြနေကြတယ့်အချိန်မှာ ဗမာတပ်မတော်ကို ဥပဒေပြင်ပမှာ ရပ်တည်ခွင့် ပေးထားပါတယ်။ ဒါတွေဟာ ခြောက်ပြောတာ မဟုတ်ပါ။ အခြေခံဥပဒေအရ လွှတ်တော်တိုင်းမှာ (၂၅) ရာခိုင်နှုန်း ရထားတယ်၊ အစိုးရအဖွဲ့မှာ နယ်စပ်၊ ကာကွယ်ရေး၊ ပြည်ထဲရေးကို ကိုင်ထားခွင့် ရထားတယ်၊ ဒုသမ္မတတဦး ရှယ်ယာ ရထားတယ်။ ဒါက နည်းနည်းနောနောမှ မဟုတ်တာပဲ။

Monday, October 1, 2012

ဆရာမှတ်စု (၁) by Lu Cifer on Saturday, September 29, 2012 at 6:40am ·




ကျွန်တော်ကျောင်းဆရာဖြစ်စက ငါဘွဲ့ရတစ်ယောက်ပဲ မူလတန်းလောက်တော့ သင်နိုင်မည်ဟု ထင်မှတ်ခဲ့ပါသည်။ ထို့ကြောင့် မူလတန်းဆရာအဖြစ် တာဝန်ကျရာရွာသို့ စတင်ရောက်စဉ်က ကျောင်းအုပ်ဆရာကြီးက သူငယ်တန်းကို ဝင်သင်ခိုင်းခြင်းကို စိတ်ဆိုးခဲ့မိသည်။ သို့သော် ကျောင်းအုပ်ဆရာကြီးကို ဘွဲ့မရ၊ ဟယ်ရီတန် ၇ တန်းနှင့် ကျောင်းအုပ်ဖြစ်လာတာပဲဟု အထင်သေးပြီး သူငယ်တန်းသို့ စာဝင်သင်ပါသည်။ ကျောင်းအုပ်ဆရာ ကြီးက ရုံးခန်းထဲ ဝင်သွားသည်။

ကျွန်တော်တာဝန်ကျရာ မူလတန်းကျောင်းလေးသည် ပေ ၆၀ x ၁၅ ပေ ကျောင်းတစ်ကျောင်းဖြစ်ပါသည်။ စာသင်ခန်း အခန်းခွဲထားခြင်းမရှိ။ ခမ်းမကြီးထဲတွင် သူငယ်တန်းမှ စတုတ္ထတန်းအထိ အတန်း ၅ တန်းခွဲကာ ခုံစီ ထားခြင်းသာဖြစ်သည်။ ထို့ကြောင့် တစ်တန်းမှ စာသင် စာအော်နေလျှင်၊ နောက်တစ်တန်းက စာသင်လို့မရ၊ စာဖတ်ခိုင်း၊ သင်္ချာတွက်ခိုင်းလောက်ရုံသာရသည်။ ဒါကလည်း ဆရာအချင်းချင်း နားလည်မှုနှင့် ထိန်းသိမ်းကာ သင်ကြားရသည့် စနစ်တစ်ခုဖြစ်သည်။

ဆရာပေါက်စ အမှန်တကယ် ချောက်ကျခဲ့ရသည်။ သူငယ်တန်းကလေးတွေက ကျွန်တော့်ကို မျက်လုံလေးတွေ အပြူးသားနှင့် ကြည့်နေကြသည်။ ကျွန်တော်က အလွယ်ဆုံးဖြစ်သည့် မြန်မာစာကိုသင်ရန် ဖြေဖြူကို ကောက်ကိုင်ပြီး ကျောက်သင်ပုန်းပေါ်တွင် ရေးလိုက်သည်။ မြေဖြူချောင်းက ထောက်ခနဲ ကျိုးသွားသည်။ မြေဖြူကို ဖောင်တိန်လိုကိုင်ပြီးဘောပေါ်သို့ရေးလိုက်သဖြင့် ကျိုးသွားခြင်းဖြစ်သည်။ ဖြေဖြူကိုင်တာကအစ ဆရာလောကတွင် စနစ်ရှိပါသည်။

ကချင်လွတ်လပ်ရေး တပ်မတော် (ကေအိုင်အေ) ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်နှင့် တွေ့ဆုံခြင်း Written by မင်းထက်စံ



“အစိုးရနဲ့ ဆွေးနွေးတဲ့အခါ တပ်တွေရွှေ့ဖို့ ကိစ္စတွေမှာ မဆုံးဖြတ် နိုင်ဘူး။ တပ်ကိစ္စတွေပါလာရင် ဆွေးနွေးလို့ မရတော့ဘူး။”

အစိုးရ တပ်မတော်နှင့် ကချင် လွတ်လပ်ရေး တပ်မတော်တို့ တိုက်ပွဲ ဖြစ်ပွားနေသည်မှာ တစ်နှစ်နှင့် သုံးလ ကျော်ခဲ့ပြီ ဖြစ်သည်။ အပစ်အခတ် ရပ်စဲရေး အတွက် တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ် နေသော်လည်း အဆင်မပြေသေးပေ။ လတ်တလော အနေအထားတွင်လည်း တိုက်ပွဲများ ပြင်းထန်လျက် ရှိနေသောကြောင့် ယင်းတိုက်ပွဲ အခြေအနေများနှင့် အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းမှု အဆင်မပြေ ဖြစ်နေရသည့် အခြေအနေများကို ကချင်လွတ်လပ်ရေး တပ်မတော်(ကေအိုင်အေ)၏ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်နှင့် The Voice Weekly တို့ တွေ့ဆုံ မေးမြန်း ခဲ့သည်များမှ ကောက်နုတ် ဖော်ပြ အပ်ပါသည်။

Voice : အစိုးရတပ်နဲ့ ကေအိုင်အေ တိုက်ပွဲ ဖြစ်နေတာ တစ်နှစ် ကျော်နေပြီ။ တချို့ကလည်း ခုဖြစ်နေတဲ့ တိုက်ပွဲ က ခွဲထွက်ရေး အတွက် တိုက်နေ တယ်လို့လည်း ပြော ကြပါတယ်။ ကျွန်တော် တို့ နားလည် ထားတာက ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်း တယ်လို့ ကြားထားပါ တယ်။ အဲဒီအပေါ် မှာ တိကျတဲ့ သဘော ထားကို ပြောပြပေးပါခင်ဗျ။