ဓာတ်မှန်ရိုက်ကြည့်လျှင် မြင်ရမည့်နိုင်ငံရေးလှည့်ကွက်ကြီးတခု....
၁၉၄၅ဩဂုတ်လ ၃၁ရက်နေ့မှ ၁၉၄၈ ဇန္နဝါရီလ ၄ရက်နေ့အထိဒုဗိုလ်ချုပ်ကြီး ဆာဟူးဘရန့် (Sir Hubert Elvin Rance) က ဗြိတိသျှဘုရင်ခံအဖြစ် မြန်မာကိုအုပ်ချုပ်ခဲ့သည်။
၁၉၄၆ တွင် ဘုရင်ခံဆာဟူးဘရန့်ကဗမာပြည်ကိုလွတ်လပ်ရေးပေးရေးအစီအစဉ်ပြေပြစ်ချောမောရန် ဗြိတိသျှအကျိုးစီးပွားအပေါ်ရန်လိုမှူအနဲဆုံးနှင့် အခြားဗမာနိုင်ငံရေးသမားများလောက်အစွမ်းမရောက်ဟုထင်ရသောဦးအောင်ဆန်းကို ဘုရင်ခံ၏ အုပ်ချုပ်ရေးအမှုဆောင်အဖြစ်ခန့်အပ်သဖြင့် ၄င်းနှင့်အတူ ဖဆပလ အဖွဲ့ဝင်တချို့ အင်္ဂလိပ်ဘုရင်ခံ၏ လစာစားအမှုထမ်းများဖြစ်လာကြသည်။ ဗြိတိသျှကအစွန်းရောက်များဟုသဘောထားသောကွန်မြူ နစ်ပါ တီနှင့်အချားအစွန်းရောက်ပါတီများ၏ အင်္ဂလိပ်အစိုးရဆန့်ကျင်ရေးမြေပေါ်မြေအောက်စည်းရုံးလှုပ်ရှားမှုများနှင့်ဆန္ဒပြပွဲများအား ထိမ်းချုပ်နိုင်ရန်အဓိကရည်ရွယ်ချက်ဖြင့်ဦး အောင်ဆန်းနှင့်ဖဆပလ အဖွဲ့အား ခန့်အပ်ခြင်းဖြစ်သည်။
ဦးအောင်ဆန်းကို ခေါင်းဆောင်အဖြစ်တာဝန်ပေးထားသည့်အုပ်ချုပ်ရေးအမှုဆောင်ကော်မီတီ၏လက်တွေ့အနေအထားမှာ ပထမလွတ်လပ်ရေးခေတ် ဒေါက်တာဘမော် အစိုးရ၏အဆင့်ထက် များစွာနိမ့်သည်။ အုပ်ချုပ်ရေးအမှုဆောင်အဖွဲ့က ဘုရင်ခံ၏ညွှန်ကြားချက်များအတိုင်းတာဝန်ထမ်းဆောင်ရင်း အင်္ဂလိပ်အစိုးရဆီတင်သွင်းမည့်ဗမာပြည်လွတ်လပ်ရေးလျှောက်လွှာတွင်မရှိမဖြစ်ထည့်သွင်းဖော်ပြရမည့် ဗမာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို အပြီးသပ်ရေးဆွဲကြရန်ဖြစ်သည်။ ကေအဲန်ဒီအိုဖွဲ့စည်းခွင့်ပေးခြင်းမပေးခြင်းသည်လည်း ဘုရင်ခံ၏ အာဏာအောက်တွင်သာရှိသည်။
ထိုကာလတွင်ဗြိတိသျှထီးနန်းနှင့်တော်ဝင်ဆက်ဆံရေးအဆင့်ရှိသောသျှမ်းပြည်ထောင်စု (Federated Shan States)ကို ဗြိတိသျှအစိုးရက British Protectorate ပြည်နယ်အဖြစ် ပြည်ပရန်မှကာကွယ်စောင့်ရှောက်ထားသည်။ ကရင်နီပြည်နယ် Princely State of the Karenni State)သည်လည်း သျှမ်းဖက်ဒရယ်ပြည်ထောင်စုတွင်ပါဝင်ခဲ့သည်။ဗြိတိသျှအစိုးရက ယင်းသျှမ်းဖက်ဒရယ်ပြည်ထောင်စု၏ပြည်တွင်းရေးကိစ္စများကိုစွက်ဖက်ခြင်းမရှိပေ။ ထိုသျှမ်းပြည်နယ်ကိုသျှမ်းဘာသာဖြင့် "မိန်းဟောင် တွန့်ဂျူအင်တိုင်း" (Muang Hom Tum Jueng Tai)ဟုခေါ်တွင်ပြီး ၁၉၂၂ ကတည်းက ဗြိသျှအစိုးရအသိအမှတ်ပြုပြည်နယ်လည်းဖြစ်ခဲ့သည်။