“စီမံဂိမ်း နှင့် စာရင်းအင်”
by Soe Min on Thursday, November 29, 2012 at 7:41am ·
ဆုတ်လည်းစူး စားလည်းရူးဆိုတာ ကိုယ်တို့ မြန်မာတွေက ပဒိုင်းသီးကို
ပြောတာပါ။ ရှေ့တိုးထမ်းပိုး နောက်ဆုတ် လှည်းတုတ် လို့လည်း ပြောကြတယ်။
အမှားတစ်ခုကို တော်တော် နောက်ကျပြီးမှ သိလိုက်ရလို့
မရှူနိုင်မကယ်နိုင်ဖြစ်တဲ့အခါ အဲဒီစကားကို သုံးတယ်။ အဖြေရှာမရပဲ
လမ်းပျောက်နေတဲ့ ငိုညည်းခြင်းတစ်မျိုးပဲ။ လောလောဆယ်မှာတော့
ကိုယ်တို့တွေအားလုံး ပဒိုင်းဆိပ်တက်နေပြီထင်တာပဲ။ အိမ်မှာနေရင်း
ဝမ်းပျက်ဝမ်းလျှောဖြစ်ရင်တောင် မနေ့က ငါဘာများ အစားမှားပါလိမ့်လို့
ပြန်ပြန်တွေးကြတဲ့ မြန်မာတွေဟာ အဲဒီပဒိုင်းသီးတွေကို ငါတို့ဘယ်အချိန်ကတည်းက
စားမိနေပါလိမ့်လို့ တွေးကြည့်ဖို့ မကောင်းပါလား။ ဒီအသီးစားလို့
ဒီလိုဖြစ်မှန်းသိရင် နောင်ကို သူများက အတင်းလာကျွေးရင်ကော အလွယ်တကူ
စားဦးမှာလား။ မျောက်တစ်ကောင်ကို ထမင်းတစ်လုပ် တုတ်တစ်ချက် ရိုက်ရိုက်ပြီး
ကျွေးကြည့်စမ်းပါလေ။ နောင်ကျတော့ ထမင်းလုပ်မြင်ရုံနဲ့
ထွက်ပြေးတတ်လာလိမ့်မယ်။ လူသန်းပေါင်းများစွာကို ပဒိုင်းသီးတွေ
အတင်းကျွေးနေတာကိုတော့ ဘာဖြစ်လို့များ ငြင်းဆန်ရကောင်းမှန်း မသိကြသလဲ။
အပေါ်က သကာအုပ်ထားလည်း ပဒိုင်းသီးမှန်ရင် ဖန်တွတွနဲ့ ကန်ကြွကြွဖြစ်လာစမြဲပဲ။
ခုတော့ တစ်နိုင်ငံလုံး ပဒိုင်းသီးဖီလင်တက်လို့
အရူးချေးပန်းဖြစ်ကုန်ပါပေါ့ဗျာ။ ဘာတွေကို စောင်းမြောင်းပြောဆို နေတာတုန်း
ဆိုရင်တော့ အကုန်လုံးပါပဲ။ အဲဒီအထဲမှာမှ လတ်တလော အထင်ရှားဆုံးကိစ္စက
ကြေးနီတောင်ပါတယ်။ ဘာတွေအဆိပ်တက်လို့ အခုလိုဖြစ်ရသလဲဆိုတော့ အစကတည်းက
စာရင်းဇယား၊ ကိန်းဂဏန်း၊ အချက်အလက်၊ အလားအလာ၊ အကျိုးအပြစ် သေသေချာချာ
တွက်ဆမထားပဲ “လာစေပါစေ အာရကေ” လောက်ပဲ မြင်ပြီး
နှစ်နိုင်ငံသဘောတူစာချုပ်ကို ကလေးကစားစရာလိုသဘောထားလျက် “ဘယ်သူမှမသိစေနဲ့။
ရောင်းသူဝယ်သူအသံတူ ပြီးစတမ်း” လို့ လက်ညှိုးထိုးရောင်းစားသွားတဲ့
အတွက်ပါပဲ။