Friday, October 19, 2012

အသွားမှာ ညစ်ပတ် အပြန်ကျ နံဆော် by တကျော့ ပြန်ဟစ် တလာ on Friday, October 19, 2012 at 10:23am ·





By မင်းစိုးစံ
October 19, 2012

ညစ်နေတာအမှန်ပဲ။ စိတ်။
ညစ်တယ်ဆိုတာ မသန့်ရှင်းလို့ပေါ့နော်။ မသန့်ရှင်းဘူးဆိုတော့ ညစ်ပတ်တာပေါ့။
အခုတလော ကျုပ် စိတ်တွေညစ်ပတ်နေတာအမှန်ပဲ။
ဘယ်လိုတွေဖြစ်လို့ ဘာတွေညစ်ပတ်နေသလဲဆိုတာ ကျုပ်မသိဘူး။ မသိတာကို က ပိုညစ်ပတ်နေတာ။ သိနေတယ်ဆိုလျင် ညစ်ပတ်တယ်လို့ မပြောဘူး။
သေခြာတာတခုကတော့ ကျုပ် လမ်းလျှောက်နေရတာကို မကြိုက်ဘူး။

သစ်ရွက်တွေ ကားလမ်းဘေးနဲ့ လူသွားလမ်းပေါ်မှာ ပိုးစိုးပက်စက် ကြွေနေတာကြောင့်လား။ အရွက်တွေမရှိတော့တဲ့ သစ်ပင်တွေကို မကြေမနပ်ဖြစ်နေတာလား။
အေးစိမ့်စိမ့်ဖြစ်နေတဲ့ ခပ်ပြင်းပြင်းတိုက်လာကြတဲ့ လေကိုလား။
လေအဝှေ့မှာ လမ်းတလျှောက် ရှပ်တိုက်ပြေးနေတဲ့ သစ်ရွက်တွေရဲ့ အသံကိုလား။
ဒါမှမဟုတ် အားနည်းနေတဲ့ ခြေအစုံကို အကူပေးနေတဲ့ တုတ်ကောက်ကိုလား။
ကိုက်ခဲနေတဲ့ တုတ်ကောက်ကိုင်ထားတဲ့ လက်ကိုလား။
တုတ်ကောက်နဲ့ လူသွားလမ်း ဖိတိုက်လို့ ထွက်လာတဲ့ အသံကိုလား။
အဲဒါတွေကြောင့်ဆိုလျင် ကျုပ် လမ်းဆက်မလျှောက်ပဲ အိမ်မှာ ပြန် နားလို့ရသားပဲ။
ကျုပ်ခြေလှမ်းတွေ လှမ်းနေတာ မတားဖြစ်ဘူး။ တခုခုကို လုပ်ချင်နေသလိုပဲ။

ရိုက်ချင်တယ်။
ဟုတ်ပါတယ်၊ ကျုပ်ရိုက်ချင်တာအမှန်ပဲ။
တုတ်ကောက်နဲ့တော့ ဟုတ်မယ်မထင်ဘူး။
တုတ်ကောက် က အင်မတန်ပေါ့ပါးတဲ့အတွက် ကျုပ်ရိုက်ချင်တာ လူတစ်ယောက်ယောက် မဟုတ်သလို၊ မှန်ပြူတင်းတစ်ချပ်လည်းမဖြစ်နိုင်ဘူး။
တိရိစ္ဆာန်လားဆိုတော့ ခွေးလည်း ခွေးနေရာနဲ့ခွေး။ ကြောင်လည်း ကြောင်အခွင့်အရေးနဲ့ ကြောင်။
ဒီနိုင်ငံက လူမပြောနဲ့ တိရိစ္ဆာန် တွေတောင် သူ့အခွင့်အရေးနဲ့ သူ့ဥပဒေနဲ့။

နိုင်ငံရေးလုပ်စား အဲလေ လှုပ်ရှားသူတွေပြောသလိုပြောမယ်ဆိုလျင် တရား ဥပဒေ စိုးမိုးမှု ရှိတယ်ဆိုတာ ဒါပဲဖြစ်
မယ်။ ကျုပ်ရိုက်ချင်တာ နိုင်ငံရေးလှုပ်ရှားသူကိုလား။ မသေခြာဘူး။
နိုင်ငံရေး လှုပ်ရှားသူတွေဆိုတာ အင်မတန် ပါးရည်နပ်ရည်ရှိတာ။
ပြီးတော့ ကျုပ်လက်ထဲမှာရှိတဲ့တုတ်က လူရိုက်တဲ့ တုတ်မဟုတ်ဘူး။ ရိုက်စရာလူလည်း ကျုပ်မှာမရှိဘူး။ ရိုက်ချင်စရာကောင်းတဲ့ လူတွေတော့ ကျုပ်စိတ်ထဲမှာ ရှိကောင်းရှိနေမလား ဆိုတာကိုတော့ ကျုပ်လည်းမသိဘူး။ ကျုပ်လည်း လူလေဗျာ။ တဦးချင်းအရ ဖြစ်ဖြစ် အုပ်စုလိုက်ဖြစ်ဖြစ် မတရားလုပ်တာ ခံရဖန်များလာတော့ မကြေနပ်
မှု ခံပြင်းမှု နာကျည်းမှု မချင့်မရဲဖြစ်မှု ဆိုတာတွေကို စုထားတာများလာတဲ့နောက် ပေါက်ကွဲချင်တာပေါ့ဗျာ။

ပေါက်ကွဲချင်နေတာကို မဖေါက်နဲ့ မဖေါက်နဲ့လို့ တားလို့မရသလို၊ ပေါက်ကွဲချင်တိုင်း ပေါက်ကွဲလို့ မဖြစ်တာတွေက အများကြီး။

ဒါကြောင့် ဗမာစစ်အစိုးရ ပြောပြောနေတဲ့စကားတခွန်းရှိတယ် ဘာတဲ့ စည်းကမ်းရှိ ဒီမိုကရေစီ ဆိုလား။
ဒီဗမာစစ်အစိုးရကတော့ ကောင်းရောင်းကောင်းဝယ် လုပ်စားဘို့သာ မတတ်ရှာတာ။ လျှာအရိုးမရှိတိုင်း ပြောဘို့များကျတော့ ကြံကြံဖန်ဖန်ကို ပြောတတ်တယ်။
ရှိပါသေးတယ်။
မိုးလုံးပြည့် မုသားဝါဒ ဆိုတာ။ မီဒီယာကို မီဒီယာနဲ့ ပြန်တိုက်မယ် ဆိုတာတို့။
တော်တော်တတ်နိုင်တယ်။

အခုလည်း လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကသုံးခဲ့ဘူးတဲ့ စကားတခွန်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို အမြုတေပါတီမှ ပြည်သူ့ပါ
တီဖြစ်အောင်လုပ်မယ်ဆိုလား ဘာလား။
အဲဒါ မဆလ လို့ ခေါ်တဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ကိုအကောင်အထည်ဖေါ်ခဲ့တုန်းက အမြုတေပါတီ မှ ပြည်
သူ့ပါတီသို့ ဆိုပြီးလုပ်ခဲ့တာ။
မြန်မာ့အသံကတောင် သီချင်းတွေလွှင့်လိုက်သေး မြန်မာ့နည်းမြန်မာ့ဟန် လမ်းစဉ်အောင်ရမည် ဆိုတာ။
အောင်သလားမမေးနဲ့ ဗမာအောင်ပြီ တို့ဗမာအောင်ပြီ ဆိုတဲ့သီချင်းတောင် ဆိုလိုက်သေး။
အခုတော့ တရုတ်အားကိုး ခေါက်ရိုးမကျိုး ဖြစ်ကုန်ပါရောလား။
နိုင်ငံတကာကိုတော့ မရိုးမသားတဲ့မျက်ခွက်နဲ့ နောက်ပြန်မဆုတ်ပါဘူး။ နောက်ပြန်မလှည့်ဘူးတဲ့။
လျှော့ပေးတာလည်း ခံရရော အကြွေးတွေ ပြန်ဆပ်ဘို့မလိုတော့ဘူး ဆိုတာနဲ့ မျက်နှာဖုံးက ကွာကျလာပြီ။
ခွေးမြီးကောက် ကျည်ထောက်စွပ်.....။ မနှိုင်းတော့ပါဘူး။ ခွေးကို အားနာလို့။

ဆရာဗမော်တင်အောင်ကို ဘားလမ်း အချူပ်မှာ သွားတွေ့တဲ့မြင်ကွင်းအကြောင်း


ဒီတစ်ခါလည်း ကိုမြတ်သူ (Myat Thu) message နဲ့ ပို့ထားတဲ့ စာသားလေးပါပဲ။
ဆရာဗမော်တင်အောင်ကို ဘားလမ်း အချူပ်မှာ သွားတွေ့တဲ့မြင်ကွင်းအကြောင်းကို
ဆရာဒဂုန်တာရာ ရေးထားတဲ့စာတချို့ပါ……. ဖတ်ကြည့်ကြပါဦး .....
------------------------------------------
---------------------------------------
ဆရာဗမော်တင်အောင် ထောင်ကျတဲအချိန်မှာ ဆရာ့ကိုတွေ့ရတဲ့ မြင်ကွင်းလေးကို ဆရာဒဂုန်တာရာ ဆောင်းပါတစ်ခုမှာရေးထားတာတွေ့ရပါတယ်… စာဖတ်သူများ အားလုံး စိတ်ထိခိုက်ရပါတယ် ။ ဆရာ့ကို ဘားလမ်းက အချူပ်မှာ သွားတွေ့တာပါ.. ဆရာဗမော်တင်အောင်ရဲ ရုပ်ပုံလွာကို ဆရာဒဂုန်တာရာက …….

.............သေနတ်ကိုင်ထားသော ပုလိပ်သားတွေ ကျွန်တော်တို့ကြားမှ တိုးဝင်လာကာ သံတိုင်မှသော့ကို လာဖွင့်သည်.. ကိုတင်အောင်သည် သံတိုင်ကိုမှီထားရာမှ မတ်လိုက်ကာ သွားရတော့မယ်ဟု တစ်ချက်ပြောပြီး မျတ်နှာညှိုးသွားသည်။ သံချိပ်တွင်ချိတ်ထားသော ပိုးအနက်အပေါ်အင်္ကျီ င်္အနွမ်းကလေးကို ကောက်ဝတ်လိုက်သည်။ ပြည်မှ ဆင်းလာကာစသို့ သေသပ်တောက်ပစွာ မဟုတ်။ ထိုအခါကသူသည် လမ်းလျှောက်ရင်း သူတောင်းစားနှင့်တွေ့ရင် ဟေ့ညီလေးဟုခေါ်ပြီး ပိုက်ဆံပေးတတ်သူ တစ်ခါတရံ
စကားထိုင်ပြောတတ်သူ။ အခု စာပေအကျဉ်းသား ကိုတင်အောင်ဟာ..... ပုလိပ်က တံခါးသော့ကို ဖွင့်ပြီးသောအခါ ဘေးမှထမင်းချိုင့်လေးကို ကောက်ဆွဲလိုက်သည်။ ကျွန်တော့်ရင်ထဲ တမျိုးဖြစ်သွားသည်။ ကျွန်တော်တို့ကိုမကြည့်ဘဲ သေနတ်ကိုင်ပုလိပ်ရှေ့မှ စိုက်စိုက် စိုက်စိုက်နဲ့ ထွက်သွားသည်။
ပုလိပ်များ ဘေးမှခြံရံကာ ပုလိပ်ရုံးကြီးမှ အချုပ်ကားရိုရာသို့ သွားသည်။ မည်သူမှ စကားမပြောနိင်ကြ .....
…..လှမိုးသူဇာ ဒေ၀စ္ဆရာ ပြည်တော်သာခင်ခင်ဦးကသူပုန်တပ်သားကြီးဇေယျအား မြလတ်စွပ်ချွပ်ပေးသော ရူခင်းမဟုတ် ….
……လှပသောသူ၏ စိတ်ကူးထဲမှာကဲ့သို့ ကြည်ပြုံးကာ ချစ်စဖွယ်ကောင်းလှသော ပဒေသရာဇ်အလျာ မျိုးချစ်မယ် ခင်ခင်ဦး၏ နူးညံ့သောလက်က ကမ်းမလာ …
နက်ပြာရောင် ကာကီဝတ် အစောင့်ပုလိပ်က အချုပ်ကားပေါ်ဆွဲတင်လိုက်သည်။ ထို့နောက် နှစ်ယောက်တွဲလက်ထိပ်ခတ်ထားသော အခြားရာဇ၀တ်ကောင် နှစ်တွဲကိုလည်း ကိုတင်အောင်နှင့်အတူ အချုပ်ကားထဲ ထည့်လိုက်သည်။ သံဇကာကြားမှ ကိုတင်အောင်သည် မည်သူ့ကိုမှ မကြည့်ဘဲ ခေါင်းငုံ့ကာ ထိုင်နေသည်ကို လှမ်းမြင်ရ၍ စိတ်ထဲတွင်ထိခိုက်သွားသည်။
စာအရေးအသားကြောင့် ဖဆပလအစိုးရ၏ အကျဉ်းသားအဖြစ် ပထမဦးဆုံး အဖမ်းခံရသည့် စာရေးဆရာ အယ်ဒီတာ ကိုတင်အောင်ကို တင်ဆောင်သော အချုပ်ကားသည် ရန်ကုန်ဗဟိုထောင်ကြီးသို့ မောင်းနှင်ရန် စက်နှိုးနေပြီ ……………….။ (ဆရာဒဂုန်တာရာရေးထားသော ဆောင်းပါးထဲက စာပိုဒ်လေးပါ)

တောင်တန်း၏ဒဏ်ရာများ (ဒေါက်တာမြန်အောင် (ဆေး-၂)) by Zaw Khun Naw on Thursday, October 18, 2012 at 11:31pm ·

ဒေါက်တာမြန်အောင် (ဆေး-၂)၏ ဆောင်းပါးအား ကူးယူဖော်ပြအပ်ပါသည်..။

အရပ်ဘက်အစိုးရ၀န်ထမ်းဖြစ်တဲ့ အဖေပြောင်းတဲ့နောက်လိုက်ရင်းနဲ့၊ ကရင်ပြည်နယ်၊ ခရိုင်မြို့တစ်မြို့မှာ အလယ်တန်းကျောင်းသားဘ၀က ၃နှစ်လောက် နေခဲ့ဖူးပါတယ်..။ မကြာခဏ ဗုန်းသံ၊ သေနတ်သံတွေကြားမှာ ခေါင်းပုနေခဲ့ရတဲ့ဘ၀ကို ခုထိအမှတ်ရနေဆဲပါပဲ..။ ကျနော်တို့နေတဲ့ ရုံးဝင်းကလဲ တပ်ရင်းနားမှာဆိုတော့ မတော်တဆ ဗုန်းဆံလာကျမှာ တွေးပူရတာကို မှတ်မိပါသေးတယ်..။ ကံကောင်းထောက်မစွာ တစ်ခါမှတော့ မှားပစ်တယ်လို့ မရှိခဲ့ပါဘူး..။ မှတ်မှတ်ရရ၊ မြို့ပြင်လယ်ကွင်းထဲတော့ ဗုန်းဆံလာကျဖူးတယ်..။ (ပြောသာပြောရတယ်..၊ ဗုန်းဆံလို့ခေါ်လား၊ အမြောက်ဆံ လို့ပဲခေါ်လား ကျနော်မသဲကွဲပါဘူး.။) မြို့ပြင်က ဒေါနတောင်တန်းရဲ့ တောင်ကုန်းတိုင်းမှာရှိနေနိုင်တဲ့ ကရင်တော်လှန်ရေးတပ်တွေကိုလဲ ကျနော်စိတ်ကူးနဲ့ ပုံဖော်ကြည့်ဖူးပါတယ်..။ မေးခွန်းလဲ ထုတ်ဖူးပါတယ်. “ဘယ်သူက ဘာကြောင့်ပစ်နေကြသလဲ”လို့။

“အဖေ..၊ အဖေက အစိုးရ၀န်ထမ်းဆိုတော့ ကရင်တပ်တွေနဲ့ တွေ့လို့မဖြစ်ဘူးပေါ့နော်။ သူတို့အဖေ့ကို ဖမ်းမှာပေါ့.၊ ဟုတ်လား..။”

ကျနော် အဖေ့ကိုလဲ မေးဖူးတယ်..။ အဖေက အစပိုင်းမှာတော့ ခပ်ပြုံးပြုံးပဲ..။

“ဖမ်း၊ မဖမ်းတော့ မသိဘူးကွ..။ ဒါပေမဲ့ ကရင်တော်လှန်ရေးသမားတွေနဲ့တော့ နေ့တိုင်းတွေ့နေတာပဲ..။ မင်းကြည့်လိုက်ကွာ..၊ ခုတို့ရုံးမှာ ထွန်စက်မောင်းနေတဲ့ ဖိုးခွားကနေ သင်းအုပ်ဆရာ ဦးလူးရွှေအဆုံး ကရင်လူမျိုးတိုင်းကို ကြည့်လိုက်..၊ အေး သူတို့ကိုယ်တိုင်ကတော့ သေနတ်ကိုင်ထားချင်မှ ကိုင်ထားလိမ့်မယ်..။ ဒါပေမဲ့ ကရင်လူမျိုးတိုင်းက သူတို့စိတ်ထဲမှာ သူတို့ဆိုင်ရာအဖွဲ့အစည်းကို ထောက်ခံကြမှာပဲ..။ တော်လှန်ရေးကို..၊ တော်လှန်ရေးသမားတွေကို ထောက်ခံကြမှာချည်းပဲ…။ လူမျိုးခြားထက်စာရင် ကရင်အချင်းချင်းပဲ ပိုယုံကြမှာ သေချာတယ်..။”

“တကယ်လား အဖေ…၊ သူတို့က ဘာကြောင့် တော်လှန်နေရတာလဲ..။”

“အို..၊ တော်လှန်ပါတယ်ဆိုမှတော့ လွတ်လပ်ချင်လို့ပေါ့…။”

“ဒါဆို ခုကျတော့ မလွတ်လပ်တာကျနေတာပဲ..။ မြန်မာနိုင်ငံလဲ လွတ်လပ်ရေးရပြီပဲ။”

“လွတ်လပ်လား၊ မလွတ်လပ်ဘူးလားတော့ မင်း ကြီးလာမှ လိုက်မေးကြည့်တော့ကွာ..၊ ငါလဲ အဲဒီတော့မှ မင်းကို ထောင်ဝင်စာလာတွေ့မယ်..။ တော်တော်စကားများတဲ့ကောင်…။”
နောက်ပိုင်းကျတော့ အဖေစိတ်မရှည်တော့ဘူး…။

အဲဒီတုန်းက သေချာနားမလည်ပေမဲ့..၊ တဖြည်းဖြည်းနဲ့ သဘောပေါက်လာပါတယ်..။ ကရင်လူမျိုး အယောက်တိုင်းဟာ တန်းတူညီမျှမှုတို့၊ ကိုယ်ပိုင်ပြဌာန်းခွင့်တို့ဆိုတာကို ကြားဖူးချင်မှ ကြားဖူးပါလိမ့်မယ်..။ ဖက်ဒရယ်စနစ် ဆိုတာကိုလဲ သိချင်မှသိပါလိမ့်မယ်..။ သူတို့သိတာ တစ်ခုတည်းရှိပါတယ်..။ အဲဒါကတော့ မလွတ်လပ်မှုပါပဲ..။ ဖိနှပ်ခံရမှုပါ..။ ရွာတွေစုစည်းခံရတယ်..၊ ဒုက္ခသည်တွေအဖြစ် ထွက်ပြေးတိမ်းရှောင်ကြရတယ်..။ ကလေးသူငယ်ကအစ ဒုက္ခိတဘ၀ရောက်ကြရတယ်..။ ကိုယ့်ပြည်နယ်မှာ ကိုယ်နေပေမဲ့ အကြောင်တရားကင်းကင်း
မနေရဘူး..၊ သူများမျက်နှာကိုကြည့်နေရတယ်..။ ကရင်ပြည်နယ်လို့ အမည်သတ်မှတ်ထားပေမဲ့၊ ကရင်အမျိုးသား အဖွဲ့အစည်းတွေက သူပုန်လို့အခေါ်ခံနေရတယ်…။ သူတို့မျက်စိအောက်မှာတင် တောတွေ၊ တောင်တွေ ပြုတ်ပြုတ်ပြုန်းကုန်တယ်..။ ဘာမှ မတတ်နိုင်..၊ ဒီအတိုင်း ငြိမ်နေခဲ့ရတယ်..။ လွတ်လပ်သော နိုင်ငံသားအဖြစ်၊ လူအခွင့်အရေးအပြည့်.၊ အကြောက်တရားကင်းမဲ့စွာ မနေခဲ့ရဘူး…။ တကယ်ပဲ လွတ်လပ်ရေး မရခဲ့ကြပါဘူး..။

နောက်ပိုင်း တက္ကသိုလ်ဝင်တန်းတက်ခဲ့တဲ့ မွန်ပြည်နယ်၊ မော်လမြိုင်မှာလဲ ရိုးသားတဲ့.၊ သိမ်မွေ့တဲ့.၊ တည်ကြည်တဲ့.၊ အားနာတတ်တဲ့ မွန်အမျိုးသားတွေနဲ့ ရင်းရင်းနှီးနှီးပေါင်းသင်းဖြစ်ခဲ့ပါတယ်.။ သူတို့စိတ်ထဲက ခံစားချက်တွေကိုလဲ ထဲထဲဝင်ဝင်ခံစားမိခဲ့ပါတယ်..။ သူတို့ ရင်ထဲမှာ ဘာတွေရှိနေလဲ ကျနော်အထိုက်အလျောက် မြင်ခဲ့ရတယ်..။ ကိုယ့်ဒေသမှာ ကိုယ်နေ၊ ကိုယ့်ထမင်းကိုယ်ရှာစားနေကြပေမဲ့ တစ်ခါတစ်လေ အချုပ်အခြာအာဏာ ပိုင်တဲ့ နိုင်ငံသားတစ်ယောက်ရဲ့ပုံစံမျိုးမရှိတာ တွေ့မိပါတယ်..။

Thursday, October 18, 2012

Thet Zaw တိုင်းသူပြည်သား၊ လူထုညီညွတ်ရေး၊





တန်းတူညီတူ မဖြစ်သမျှကာလပတ်လုံး ဒီတိုင်းပြည်ကြီးဟာ လွတ်လပ်တယ်ဆိုပေမယ့် ဟိုလူ့ မြင်တဲ့အခါ မျက်နှာချိုသွေးရ၊ ဒီလူ့မြင်တဲ့အခါ မျက်နှာချိုသွေးရနဲ့ ဖာသယ် လိုနိုင်ငံမျိုးဖြစ်နေမှာပဲဆိုတ
ာ ခင်ဗျားတို့အတိအလင်းနားလည်ထားစေချင်တယ်။ အားမှမရှိသေးတော့ အဲဒီလိုပဲဖြစ်နေမှာပဲ။ အဲဒီတော့က အင်မတန်ကို ကျွန်တော်တို့ တစ်ခါတည်း ကျွန်တော်တို့တိုင
်းပြည်မှာရှိတဲ့လူတွေ စည်းစည်းရုံးရုံးရှိနေပါမှ ဖာသယ်သဘောမျိုး၊ နိုင်ငံမျိုးမဖြစ်စေရမှာ။
အဲဒီတော့ တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး၊ တိုင်းရင်းသားလူထုညီညွတ်ရေး၊ စားဖားသမားတွေ ညီညွတ်တာ ကျွန်တော်မလိုချင်ပါဘူး။ တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး၊ တိုင်းသူပြည်သား၊ လူထုညီညွတ်ရေး၊ အဲဒီညီညွတ်ရေးနှစ်ခု မရှိသမျှကာလပတ်လုံး ဒီတိုင်းပြည်ဟာ လွတ်လပ်ပင် လွတ်လပ်ငြားသော်လည်း ဘယ်ပါတီတက်တက်၊ ဘယ်အစိုးရလုပ်လုပ်၊ ဖာသယ်တိုင်းပြည် ဖြစ်နေမှာပဲဆိုတာ ကျွန်တော်ပြောချင်တယ်။ အဲဒီတော့ကာ ဒီနှစ်ခုကို ခင်ဗျားတို့မပျက်ပြားစေပါနဲ့။ ဘယ်သူကဘာလုပ်လုပ် မပျက်ပါစေနဲ့။ အဲဒါ အင်မတန်အရေးကြီးတယ်။

(အောင်ဆန်း)

အရှင်ဧသက ဗြဟ္မ၀ိဟာရ (အဇူဇာကျောင်း) လော့စ် အိမ်ဂျလိစ်မြို့၊ အမေရိကန် www.ashinayethaka.com (မြတ်ပဋ္ဌာန်း)

နိုက်ကလပ်မှ မြတ်ဗုဒ္ဓ (၁-၂) အရှင်ဧသက

by Ye Min Tun on Wednesday, October 17, 2012 at 8:11pm ·
ကျနော်ကို ဘုန်းဘုန်းကပေးပို့လို့ ၂၀၁၀ တုန်းက ကျနော်ဘလောက်မှာ တင်ထားပေးပါတယ်။ အခု FaceBook ပေါ်မှာ စိတ်ဝင်စားကြတာတွေ့လို့ အကုန်ဖတ်ရအောင် ပြန်တင်ပေးလိုက်တယ်။


အမေရိကန်နိုင်ငံ၊ လော့စ် အိမ်ဂျလိစ်မြို့ရဲ့ စားသောက်ဆိုင်ကြီးတစ်ဆိုင်မှာ မြန်မာအလုပ်သမားလေး ရန်မျိုးအောင်ဟာ ဆူရှီလိပ်ရင်း ဘုရားဂုဏ်တော်တွေ တတွတ်တွတ်ရွတ်နေရှာတယ်။
သူ့ဘ၀သူ့အခက်အခဲ သူ့ရည်ရွယ်ချက်တွေ အောင်မြင်ဖို့အတွက် ဘုရားသာ အားကိုးရာရှိ တော့တယ်လို့ သူယုံ ကြည်ထားလို့ပါ။ သူ့ရည်ရွယ်ချက်ဆိုတာ ကြွယ်ဝချမ်းသာဖို့ သူဋ္ဌေးဖြစ်ဖို့ ဘ၀အောင်မြင်ဖို့ ချစ်တဲ့သူနဲ့အတူ လက်တွဲပြီး သာယာတဲ့ ဘ၀ခရီးလျှောက် လှမ်းနိုင်ဖို့ ဆိုတဲ့ လူငယ်တို့သဘာဝ ရှိတတ်တဲ့ မျှော်မှန်းချက်တွေတော့ မဟုတ်ပါဘူး၊ လူငယ်နဲ့ မလိုက်ကိုယ့် အခြေအနေနဲ့ မတတ်နိုင်တဲ့ မျှော်မှန်းချက်တစ်ခု သူ့မှာရှိနေလို့ပါ။ သူ့မျှော်မှန်းချက်ဆိုတာ ၂၀၁၀ခု၊ သြဂုတ်လက စတင်ခဲ့တာပါ။


သူအလုပ်လုပ်တဲ့ စားသောက်ဆိုင် ကလူသုံးရာကျော်  စားနိုင်တဲ့ဆိုင်ကြီးပါ။
အာရှအစားအစာ မျိုးစုံရနိုင်ပါတယ်။ ဂျပန်စာဖြစ်တဲ့ ဆူရှီဌာနမှာ ရန်မျိုးအောင်က ဆူရှီလိပ်ရသူပါ။
ရန်မျိုးအောင်ဟာ တနေ့တော့အလုပ်က အပြန် ရေမိုးချိုးပြီး အနားယူနေချိန်မှာ နိုက်ကလပ်သွားချင်
တဲ့စိတ်တွေ ပေါ်လာခဲ့တယ်။ အသောက်အစား အပျော်အပါးလဲ ၀ါသနာ ပါသူမဟုတ်တော့လို့ သွားချင်တဲ့စိတ်တွေ မဖြစ်ခဲ့တာလည်း ကြာခဲ့ပါပြီ။ ဒီနေ့ တော့ ဘာကြောင့်လို့ရယ်မသိ သွားချင်တဲ့စိတ်တွေ ပြင်းပြင်းပြပြ ဖြစ်နေတယ်လေ။

မတော်ပါဘူးဆိုပြီး တီဗွီကြည့်လိုက် ပုတီးစိတ်လိုက်နဲ့ဖြေ ဖျောက်ဖို့ကြိုးစား ခဲ့တယ်။မရဘူး၊ မသွားရ မနေနိုင်လောက်အောင်ဖြစ်နေတယ်။ ကဲ ဒီလောက်တောင်ရှိရင်သွား မယ်ဆိုပြီး ဘယ်သူမှ မခေါ်ဘယ်သူမှ မတိုက်တွန်းပဲ သွားချင်လှတဲ့ဆန္ဒကို ရှေ့တန်းတင်ပြီး ထွက်ခဲ့တော့တယ်။
နိုက်ကလပ်ဆိုလို့  အခြားဆိုင်တော့ မဟုတ်ပါဘူး။ သူအလုပ်လုပ်တဲ့ဆိုင်ပါ။နေ့ခင်းမှာ စားသောက်ဆိုင် လုပ်ပြီး ည၁၀-နာရီကျော်မှ ၂-နာရီအထိ နိုက်ကလပ်အဖြစ် ဖန်တီးပြင်ဆင်လိုက်တာပါ။ ဆိုင်ထဲရောက်သွားရင်ပဲ “ဘုရား-- ဘုရား--”လို့ ရေရွတ်တမ်းတမိပြီး တအံ့တသြ ငေးမောကြည့်နေမိတယ်။ တဘက်နံရံမှာရှိနေတဲ့ (၁၀)ပေခန့်ရှိတဲ့ ဘုရားဆင်းတုတော်ကြီးကို သူအလုပ်လုပ်တိုင်းမြင်နေကျပါ။
ဆိုင်မှာ အလှအပ အဖြစ်ထားတယ်လို့ပဲ သူနားလည်ထားခဲ့ပါတယ်။ ဒီမြင်ကွင်းမျိုး မြင်ရလိမ့်မယ်လို့ သူမမျှော် လင့်ခဲ့ဘူး။ ခုတော့ ဘုရားခမျာဗယုတ်သုတ်ခနဲ့  လှုပ်လှုပ်ရွရွ မြူးတူးပျော်ပါးနေတဲ့ ကာမမှောင်တောထဲမှာ သီတင်းသုံး တော်မူနေရရှာတယ်။

လူငယ် လူရွယ် (၁၀၀)ခန့်တို့က ရုပ်ပွားတော် ကြီးဝန်းကျင်မှာ ဖိုမအစုံစုံ ယစ်မူးအဟုန်ဖြင့်အစွမ်း ကုန် မြူးတွန့်နေကြတယ်။ဘုရားရဲ့ရှေ့တည့်တည့် (၁၀)ပေခန့်အကွာမှ ခုံပေါ်မှာတော့ လက်တစ်ဝါးခန့် အ၀တ်လေးများဖုံးအုပ်ထားတဲ့ ညဥ့်ငှက်မလေးများက သူတို့ ကိုယ်အလှ သူ့တိုအကတွေနဲ့  ကာမမှောင်ကို မှောင်သည်ထက်မှောင်အောင် ဆွဲဆောင်နေပြန်တယ်၊၊
ဘုရားနောက်ကြောနံရံမှ ထွက်လာတဲ့မှိတ်ချီဖွင့်ချီရောင် စုံမီးဆလိုက်များက ဘုရားဦးခေါင်းတော်ဘေးဝန်းကျင် ကိုဖြတ်ကျော်ပြီး ညဥ့်ငှက်မလေးများရဲ့ကိုယ်အလှကို မြင်သာအောင်ထိုးပြနေပြန်တယ်လေ။ဘုရားက ရောင်ခြည်တော်ဖြင့်ထိုးပြနေသလို စီမံထားလေသလားတော့မသိ။

ကျူးကျော်သူ by Myat Thi Ha on Thursday, October 18, 2012 at 5:10am ·



  ခရိုနီတွေရဲ့ မလိမ့် တပတ် ကျူးကျော်မှု တွေကျ တော့ နှာစေးပြီး
ရူးချင်ယောင် ဆောင်ကာ အကာအကွယ် ပေးနေကြတယ်။


ပြည်တွင်းကလာတဲ့ သတင်းတွေနဲ့ အင်တာနက် စာမျက်နှာတွေပေါ်မှာ ဆင်းရဲသားပြည်သူတွေနဲ့ တောင်သူလယ်သမား တွေကို ရဲ၊စစ်တပ်နဲ့  စည်ပင်သာယာတို့က ကျူးကျော်သူတွေလို့  သတ်မှတ်ပြီး အတင်း မောင်းထုတ်နေတဲ့ သတင်းတွေ ဘူဒိုဇာတွေနဲ့ သူတို့ရဲ့ အိမ်လေးတွေကို ကော်ထိုး ဖျက်ဆီးနေတာတွေ၊ ခပ်စပ်စိပ် ဖတ်ရှုလာရ၊ ကြားနေရတယ်။တော်တော့်ကို စိတ်မချမ်းမြေ့ စရာပါ။

 အဲဒါနဲ့ ကျူးကျော်သူဆိုတဲ့ စကားရပ် ရဲ့  အဓိပ္ပာယ်ကို နားလည်ဖို့ ကြိုးစားမိတယ်။ ကျွန်တော် တွေးမိသလောက် ကတော့ ကိုယ်မပိုင်ဆိုင်တဲ့ (သို့) ၀င်ထွက်သွားလာခွင့် မရှိတဲ့ အဆောက်အဦး၊ မြေယာ၊ နယ်နိမိတ် အပိုင်းအခြား၊ လုပ်ငန်းတစ်ခုကို တရားမ၀င်(သို့) မူလဌာနေ ပိုင်ရှင် ဇာတိသားတို့ရဲ့ နှစ်လို လက်ခံမှု မရယူဘဲ ဝင်ရောက်နေထိုင်သူ၊ ဖြတ်သန်းသွါးလာ အသုံးပြုသူလို့ အများအားဖြင့် သတ်မှတ်လေ့ ရှိကြတယ်။

 ဒါပေမယ့် ထပ်ပြီးအငြင်းပွါးစရာက တရားဝင်မှု၊ မဝင်မှု၊ မူလ ပိုင်ရ၊ှင် မှန်မှု၊ မမှန်မှု တွေနဲ့ ပတ်သက်ပြီး မေးခွန်း ထုတ်စရာတွေ ရှိလာတာပါပဲ။လက်ရှိတည်ဆဲ ဥပဒေတွေကိုလည်း မှန်ကန်မှု ရှိမရှိ၊ အများပြည်သူရဲ့ ကိုယ်ကျိုးကို ကိုယ်စားပြုမှု ရှိမရှိ၊ လူနည်းစု(သို့) လူတစ်ဦးချင်းစီရဲ့ လူဖြစ်တန်ဖိုးကို အသိအမှတ်ပြု၊ မပြု စတာတွေနဲ့ ဆန်းစစ်ကြည့်ဖို့ လိုလာပါပြီ။ ဥပဒေဆိုတာ လူတြွေဲပဌာန်း ထားတာ ဖြစ်လို့ အခြေအနေနဲ့ မကိုက်ညီတော့ရင် ပြုပြင်ပြောင်းလဲ ပစ်ကြရမှာပါ။

ကျူးကျော်သူနဲ့ ပတ်သက်ပြီး ရှေ့က စကားကို ဆက်ရရင် နယ်မြေ ကျူးကျော်သူ၊ စစ်ရေး ကျူးကျော်သူ၊ စီးပွါးရေး ကျူးကျော်သူ၊ နိုင်ငံရေး ကျူးကျော်သူ စသည်ဖြင့် အများအပြား ရှိပါတယ်။နိုင်ငံ တနိုင်ငံဟာ ကျူးကျော်သူ ဖြစ်နိုင်သလို၊ ကျူးကျော် ခံရသူလဲ ဖြစ်နိုင်ပါတယ်။

ဖက်ဆစ်ဂျပန်၊ နယ်ချဲ့ ဗြိသျှ၊ တရုပ် မန်ချူးရီးယား၊ မွန်ဂိုနဲ့ နန်ချောင်တွေဟာ မြန်မာ နိုင်ငံအတွက် ကျူးကျော်သူတွေ ဖြစ်သလို၊ ဗမာက ထိုင်းကို အကြိမ်ကြိမ် ဝင်ရောက်သိမ်းပိုက်တာတွေ ရှိခဲ့တယ်။ မြန်မာ ပြည်ထဲမှာတောင် ရခိုင်၊ရှမ်း၊မွန် စတဲ့ တိုင်းရင်းသား တွေအမြင်မှာ မြန်မာ(ဗမာ) လူမျိုးဟာ ကျူးကျော်သူတွေ ဖြစ်ခဲ့ဖူးတာလို့ လူမျိုးလိုက် သမိုင်းမှာ သာဓကတွေနဲ့ ပြောဆိုကြတာ ရှိခဲ့ပါတယ်။ သမိုင်းကို ဖုံးကွယ်စရာ၊ လိမ်ညာ စရာ အကြေင်း မရှိပါဘူး။

ကရင်အမျိုးသားအစည်းအရုံးအတွင်း စည်းရုံးရေးပြသနာ နှင့် ပြည်တွင်းငြိမ်းချမ်းရေး အပိုင်း (5) by Aung Htoo on Thursday, October 18, 2012 at 6:22am ·


အခြား အကြောင်းအရာများကို ရွေးချယ် မရေးဘဲ ကရင်အမျိုးသား အစည်းအရုံးနှင့် ဆက်စပ်၍ ငြိမ်းချမ်းရေး ပြသနာ ဆိုင်ရာ
 ဆောင်းပါး များကို အဘယ်ကြောင့် ဆက် တိုက်ရေးနေကြောင်း မိတ်ဆွေအချို့က မေးကြသည်။ ဖြေပါမည်။ စစ်မှန်သည့်
 ပြည်တွင်း ငြိမ်းချမ်းရေး မရှိလျှင် လူထုများအတွက် လွတ်လပ်မှု၊ တရားမျှတမှု နှင့် စီးပွားရေး တိုးတက်မှု မရနိုင်သည့် အပြင်
ဆင်းရဲပင်ပမ်းမှုများ၊ မျက်ရည်များ၊ ကြေကွဲမှုများ၊ အာဃာတ များသာ ဖုံးလွှမ်းနေမည်ဟု ယုံကြည် သောကြောင့် ဖြစ်သည်။
 ဤသည်မှာ ပထမ တချက်ဖြစ်ပြီး ပြည်တွင်းငြိမ်းချမ်းရေး၏ အရေးပါမှုကို ရည်ညွန်းသည်။

ဒုတိယ အချက်မှာ ပြည်တွင်းငြိမ်းချမ်းရေးကို မည်သို့ ရှာဖွေမည် ဟူသော နည်းလမ်းနှင့် သက်ဆိုင်သည်။ ငြိမ်းချမ်းမှု ကို ရှာဖွေရာ၌
ခေါင်းဆောင်များသည် အရေးကြီးသော အခန်းမှ ပါဝင်ကြောင်း အသိအမှတ်ပြုပါသည်။ သို့ရာတွင် နှစ်ပေါင်း ခြောက်ဆယ်ကျော်မျှ
 ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်ကြီးကို အပြီး အပိုင် ငြိမ်းသတ်နိုင်အောင် ကြိုးပမ်းရာ၌ ခေါင်းဆောင် အဓိက အားကိုးရေးဝါဒ မျှနှင့်
 မလုံလောက်ပါ။ လူထုလမ်းစဉ် ကို ကျင့်သုံးဘို့လိုပါမည်။

အခြေခံလူထုများကိုယ်တိုင် ရောဂါ၏ အရင်းအမြစ်ကို သိအောင်ကြိုးစား၊ ကုစားသင့်သည့် နည်းလမ်းများအား လက် လှမ်းမီသမျှ
 ရှာဖွေ၊ မိမိတို့ခေါင်းဆောင်များကို တင်ပြ၊ ငြိမ်းချမ်းရေး လှုပ်ရှားမှုများအား ပြည်လုံးအနှံ့ သာမက ကမ္ဘာ တခွင်တွင်ပါ
 အားကောင်းကောင်းပေါ်လာအောင် ပါဝင် လုပ်ဆောင်လာကြ စေခြင်သည်။ ဤသို့သော စေတနာ နှင့် ရေးပါသည်။

"ထာဝရ ငြိမ်းချမ်းရေး" ဟူသည်မှာ မည်သည့် အရာနည်း။

ငြိမ်းချမ်းရေးဝန်ကြီး ဦးအောင်မင်းသည် "ထာဝရ ငြိမ်းချမ်းရေး" ဟူသည့် စကားလုံးကို ကရားရေလွှတ်တတွတ်တွတ်
ရွတ်လျှက်ရှိသည်။ သို့ရာတွင် ဤသည်မှာ မည်သည့်အရာ ဖြစ်ကြောင်းကို လူထုအား တကြိမ်တခါမျှ ရှင်းပြခြင်းမရှိ။
ဟို အဖွဲ့သည်အဖွဲ့များနှင့် တွေ့ဆုံလျှက်ရှိသော ဆွေးနွေးပွဲများတွင် တခွန်းမျှ မြွက်ဟသံမကြားရ။

"ထာဝရ ငြိမ်းချမ်းရေး" ဆိုသည်မှာ လူ့အဖွဲ့အစည်းက လိုလားမြတ်နိုးသည့် တန်ဘိုး ဖြစ်သည်။ ဤတန်ဘိုးကို ရရှိ စေရန်
တနိုင်ငံလုံး တိုင်းရင်းသားပေါင်းစုံ လူထုကြီးတရပ်လုံး ဦးတည် လျှောက်လှမ်းရမည့် "ပန်းတိုင်" ရှိဘို့ လိုသည်။ ဤသည်မှာ
အဘယ်နည်း။ "ပန်းတိုင်" နှင့် စပ်လျှဉ်း၍ ဦးအောင်မင်းကိုယ်တိုင် ရှင်းလင်းစွာ သိမသိမှာလည်း အတတ် မပြောနိုင်။
 စေတနာကောင်းဖြင့် ဆောင်ကျဉ်းရန် ကြိုးစားသည် ဆိုစေဦး။ "ထာဝရ ငြိမ်းချမ်းရေး" နှင့်စပ်လျှဉ်း၍ ကိုယ် သွားခြင်သည့်
 ပန်းတိုင်ကိုမျှ ကိုယ်ကိုယ်တိုင်ကရေရေရာရာ မသိလျှင် အနှစ်တထောင်ပင် ဦးဆောင် ကြိုးစားသော် လည်း
 ရောက်နိုင်ဘွယ်မရှိပါ။ ဤသို့ဖြစ်လျှင် ဦးအောင်မင်းအတွက်သာမက ထိပ်ပိုင်းက ဦးဆောင်ကြိုးပမ်းနေသည် ဟု
ဆိုသော သမတ ဦးသိန်းစိန်အတွက်လည်း မကောင်းပါ။

၎င်းတို့သည် ကိုယ်သွားခြင်သည့် "ပန်းတိုင်" ကို ရှင်းလင်းစွာသိပြီး လုပ်ဆောင်နေခြင်းလည်း ဖြစ်နိုင် သည်။ "ငါတို့
မင်းထက် ပိုပြီး သိတာပေါ့ကွာ။" ဟု စာရေးသူအားပင် စိတ်ထဲမှ ကြိတ်ပြုံးကောင်းပြုံးနေပါမည်။  မိမိတို့ လျှောက်ခြင် သည့်
"ပန်းတိုင်" အစစ်ကို ဖုံးကွယ်ပြီး လူထုကို အခြားတပါးသို့ တွန်းပို့နေတာများ ဖြစ်လေမလား။ ကြွားတော့ "နိဗ္ဗာန်ဘုံ" ၊
လား တော့ "အ၀ီဇိငရဲ" ပန်းတိုင် ဖြစ်သွားနိုင်သည်။ ဤသို့ဖြစ်လျှင်မူ လူထုကြီးတရပ်လုံးအား လိမ်လည် လှည့်ဖျား ရာ
 ရောက်ပါမည်။ ဤသည်ကို ၀ိုင်းဝန်းဖေါ်ထုတ်ကြဘို့လိုသည်။

တကယ်တန်းအားဖြင့် ဦးသိန်းစိန်၊ ဦးအောင်မင်းတို့ခေါင်းဆောင်သည့် အစိုးရ အာဏာပိုင်များသည် "ထာဝရ ငြိမ်းချမ်းရေး"
ရဘို့ "နိဗ္ဗာန်ဘုံ ပန်းတိုင်" ကို လှမ်းကိုင်ရန် ကြိုးပမ်းနေသည် ဆိုလျှင်မူ ယင်းမှာ မည်သည့်အရာ ဖြစ်သည်ကို ရှင်းလင်းရန်
 တိုက်တွန်း ပါသည်။

"ထာဝရ ငြိမ်းချမ်းရေး" ဟူသည်ကို လူထု ခံစားနိုင်ရေး အတွက် "ပန်းတိုင်" သည် အဘယ်နည်း။

နိုင်ငံသားတဦး အနေဖြင့် ရသင့်ရထိုက်သင့် တဦးချင်းအခွင့်အရေး၊ တိုင်းရင်းသား လူမျိုးစု တခုခြင်းစီ ရသင့်ရထိုက် သည့်
 စုပေါင်း အခွင့်အရေးများအား ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အခြား ဥပဒေများတွင် ထည့်သွင်းပြဌာန်းထားသည့် အပြင်
တိုင်းပြည်အုပ်ချုပ်ရေး အဆောက်အအုံများအား ထိုအခွင့်အရေးများကို လေးစားကာကွယ်ဖေါ်ဆောင်ပြီး လွတ်လပ်၊
ဘက်မလိုက်၊ ထက်မြက်သည့် ယန္တယားများဖြစ်လာစေရန် ပြုပြင်ပြောင်းလဲ ဖွဲ့စည်းရေး ဖြစ်သည်။

Wednesday, October 17, 2012

ပွန်း (စစ်တုရင် ကစားပွဲမှ စစ်သည်ရုပ်) တွေနဲ့ တိုက်နေလို့ ဘာမှမထူးဘူး၊ by Myat Thi Ha on Wednesday, October 17, 2012 at 5:11am ·


သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး (၄၈)
ထက်အောင်ကျော် October 17, 2012

သံရုံးကို ဝင်စီးတဲ့အဖွဲ့ ခေါင်းဆောင် ကိုဂျော်နီကို နယ်စပ်စခန်းတခုတွင် တွေ့ရစဉ်

ရတ်ချပူရီဆေးရုံစီးနင်းမှုကို ဦးဆောင်ခဲ့တဲ့ ကိုဗေဒါ (ဆံပင်ရှည်နှင့် ပုဂ္ဂိုလ်) ကို နယ်စပ်စခန်းတခုတွင် တွေ့ရစဉ်

သံရုံးသိမ်း သေနတ်သမားနှင့် အင်တာဗျုးခြင်း

 အဲဒီလို ဘာ ID မှ မရှိတာကိုက ကံကောင်းသွားတယ် ပြောရမလားပါပဲ။ တခြားသတင်းထောက်တွေ သံရုံးရှေ့ပြေးနေချိန်မှာ သူတို့လို မပြေးနိုင်တဲ့ကျနော်က ရုံးခန်းကျဉ်းကျဉ်းထဲမှာ ဖုန်းတဂွမ်ဂွမ် ဆက်ရင်းနဲ့ NGO သတင်းရပ်ကွက်ဆီကနေ သံရုံးဖုန်းနံပတ်တခု ရလိုက်ပါတယ်။ ရမ်းသမ်းပြီးနှိပ်ထည့်လိုက်တော့ “ဆ၀ါဒီခပ်” ဆိုပြီး ဖုန်းကိုင်တဲ့လူက ထိုင်းလိုပြောပါတယ်။ ဒါပေမဲ့ ဒီလူ့အသံ ထိုင်းအသံ မဟုတ်ဘူးဆိုတာကို ရိပ်မိတာနဲ့ ထိုင်းလိုပြန်မပြောတော့ဘဲ “ကျနော် DVB ကပါ။ အဲ …” ဆိုပြီး စကားဆက်ဖို့ အရှိန်ယူနေတုန်း။ “DVB နော်ဝေလား။ ဘယ်သူလဲမသိဘူး” ဆိုပြီး ဖုန်းကိုင်တဲ့ပုဂ္ဂိုလ်က ပြန်မေးပါတယ်။ တကယ်က ကျနော့်သတင်းထောက်အမည် ”ထက်အောင်ကျော်” ဆိုတာကို ပြောရမယ့်အစား မေ့ပြီးတော့ အမည်ရင်းဖြစ်တဲ့ “၀င်းထိန်ပါ … ကျနော်။ ခင်ဗျားတို့ အဲဒီ … ဟိုကိစ္စ ဘာပြောလို့ရမလဲ၊ နောက်ဆုံးအခြေနေ” ဆိုပြီး အစီစဉ်တကျမဟုတ်တဲ့ မေးခွန်းတွေ ထွက်သွားပါတယ်။

 ”သြော် … နော်ဝေးအသံကိုလား။ ဟုတ်ကဲ့ ကျနော်တို့သိမ်းထားတယ်။ သံရုံးကို စီးထားလိုက်ပြီ” ဆိုပြီး အဲဒီပုဂ္ဂိုလ်က ပြောပါတယ်။ တကယ်က အဲဒီအချိန်မှာ အသေချာ မေးခွန်းဆက်မေးရမယ့်အစား အတွေ့အကြုံမရှိသေးတဲ့ သတင်းထောက်ပီပီ “ဒီနံပါတ်က သံရုံးနံပါတ်ဟုတ်ပါတယ်နော်” ဆိုပြီး သွားမေး မိပါတယ်။ တော်သေးတယ်။ ဟိုဖက်ကပုဂ္ဂိုလ်က စိတ်ဆိုးပြီး ဖုန်းချမသွားလို့။ ပြီးတော့ ကျနော်စမေးတဲ့ မေးခွန်းကကြည့်ပါဦး၊ “ခင်ဗျားတို့ ဘာပြောချင်လဲ။ ပြောချင်တာတွေအကုန်လုံး ပြောထားခဲ့ဗျာ” တဲ့။

 “ကျနော်ဘာမှ မပြောနိုင်သေးဘူး။ စတိတ်မန့်ထဲမှာ ပါသလောက်ပဲ ပြောနိုင်ဦးမယ်။ နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးဖို့ ကျနော်တို့ တောင်းထားပါတယ်။ ခင်ဗျား စတိတ်မန့် ရပြီးပြီမို့လား” လို့ ပြန်မေးပါတယ်။ မရသေးရင် Fax နံပါတ်ပေး၊ သူပို့ပေးမယ်လို့ ဆိုပါတယ်။ ကျနော်တို့ရုံးက ပုန်းလျှိုးကွယ်လျှိုး ဖွင့်ထားရတာဆိုတော့ ပြဿနာဖြစ်နေတဲ့အရပ်ဆီ Fax နံပါတ်ပေးလို့ ဘယ်ဖြစ်မလဲ။ ဒါနဲ့ အသံနဲ့ လိုချင်လို့ပါ။ ဘာညာ ညှိရတာ တမိနစ်လောက်ကြာသွားပါတယ်။ ပြီးတော့မှ ကျနော်မေးမယ်၊ ခင်ဗျားဖြေဗျာ ဆိုပြီးပြောတော့ “အိုကေ” လို့ သူကဆိုပါတယ်။

ရခိုင်လူမျိုး နောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ/by ဦးဦး မှော်ဆရာ


သေချာတဲ့ သမိုင်းအထောက်အထားများဖြင့် ကျနော့် အမြင်မှားယွင်းကြောင်း ၀င်ရောက်ဆွေးနွေးခြင်းဖြင့် ကိုယ့်ကိုယ်ကို အရည်အချင်းရှိကြောင်း ပြပါ

ဦးဦး မှော်ဆရာ

မေးလ်တစ်စောင်မှာ ပြောထားတဲ့အချက်တစ်ချက်ကို ပုံပြင်ပါလို့ ကျနော် ငြင်းလိုက်တာကို မကျေနပ်တဲ့ မည်သူမဆို
အထောက်အထားဖြင့် ၀င်ရောက်ဆွေးနွေးနိုင်သည် ။ ၂၁ ရာစု ပညာခေတ်ကြီးမှာ ဒီလိုပြောတာမကျေနပ်ဘူးကွ လို့
အရူးတစ်ယောက်လိုအော်ဟစ်နေမဲ့အစား သေချာတဲ့ သမိုင်းအထောက်အထားများဖြင့် ကျနော့် အမြင်မှားယွင်းကြောင်း
ဝင်ရောက်ဆွေးနွေးခြင်းဖြင့် ကိုယ့်ကိုယ်ကို အရည်အချင်းရှိကြောင်း ပြပါ ။

မူရင်းပို့စ်

ရခိုင်လူမျိုး နောက်ခံ သမိုင်းကြောင်းနှင့် ပေါ်ပေါက်လာပုံ
======
ရခိုင်ဆိုသော စကားသည် ပါဠိ စကားမှ ဆင်းသက်လာသည်။ ရက္ခိတ (အမျိုးကို
စောင့်ရှောက်သူ) ဟု အဓိပ္ပါယ်ရသည်။

ပျူ နှင့်အနွယ်တူ ကမ်းယံ လူမျိုးများ မြန်မာနိုင်ငံဧရာဝတီမြစ်ဝှမ်း
ဒေသဘက် သို့ဝင်ရောက်သည့် အချိန်ကာလ လောက်မှာပင် အနောက်တိဗက်အနွယ်ဝင်
အခြား လူမျိုးစုများသည်လည်း ရခိုင်ကမ်းရိုးတန်း ဒေသများသို့
့အိန္ဒိယနိုင်ငံ အရှေ့ပိုင်းဒေသ များဘက်မှ ၀င်ရောက်လာကြသည်။
ရခိုင်ကမ်းရိုးတန်းဒေသနှင့် သက်ဆိုင်သည့် သမိုင်းများကို လေ့လာသည့် အခါ
ရှေးအကျဆုံး မင်းဆက်များနှင့် တိုင်းပြည် နယ်ပယ်များသည်
စစ်တွေပတ်ဝန်းကျင် ဒေသတ၀ိုက်လောက်တွင် အခြေခံသည်ကို
အများဆုံးတွေ့ရှိရသည်။

ဘူစတာ/by ဘိုကြည်



၁၉၉၈ခုနှစ် (နွေဦး/ဆောင်းဦး?)တရက်သာယာဝတီထောင်ရဲ့တိုက် ၃၊ အခန်းနံပါတ် ၅မှာ ဟောဒီမေတ္တာဇာတ်လမ်းလေးစခဲ့ပါတယ်။ အဲဒီအချိန်က ကျနော့်အခန်းမှာ ကျနော်ရယ်၊ဟန်ဝင်းအောင်ရယ် (နောက်တခါအဖမ်းခံရပြီး အခုချိန်ထိ ထောင်ထဲမှာ ရှိနေသူ) ၊ ၀တုတ် (ခ) ခင်မောင်ဦးရယ် ၃ ယောက်နေထိုင်ကြပါတယ်။ တနေ့မှာ ဟန်ဝင်းအောင်ကအပျံသင်ခါစခိုလေးတစ်ကောင် မပျံနိုင်ဘဲပြုတ်ကျလာလို့ ကောက် လာတယ်။ အဲဒီ ခိုလေးမှာ ၀ဲတွေ ပေါက်နေတယ်။ တစ်ကိုယ်လုံးအဖုလေးတွေနဲ့ပေါ့။

ဟန်ဝင်းအောင်က ခိုလေးကိုအခန်းထဲမှာမွေးဖို့ အတူနေကျနော်တို့ကိုညှိတယ်။ အတောင်မဖြတ်ရဖူး။ ပျံနိုင်တဲ့အချိန်ကျရင်ပျံခွင့်ပေးရမယ်ဆိုတဲ့ ကျနော့်ညှိနှိုင်းချက် ကိုသူလည်းသဘောတူတာနဲ့ ကျနော်တို့ခိုကလေးကိုမွေးဖြစ်သွားကြတယ်။ အဲဒီ အချိန်တုန်းက ခိုလေးကို အထီးလား၊ အမလား ကျနော်တို့ မခွဲခြားနိုင်ကြပါဘူး။ ဒါပေမဲ့ နာမည်ရှိဖို့တော့လိုတယ်ဆိုပြီး နာမည်စဉ်းစားကြတယ်။ နောက်ဆုံးကျနော် အဆိုပြုတဲ့ booster ဆိုတဲ့ နာမည်လေးကို သဘောတူလိုက်ကြတယ်။ ကျနော်က အဲဒီနာမည်လေးကိုထောင်မကျခင်ကအိမ်တွေမှာအမြဲသုံးနေတဲ့ လျှပ်စစ်မီးအားတိုး မြှင့်တဲ့စက်ကလေးကိုအစွဲပြုပြီးပေးလိုက်တာပါ။တဖက်ကအဓိပ္ပါယ်ကလည်း ကျနော် တို့ အထီးကျန်နေတဲ့အချိန်မှာ ကျနော်တို့ကို ကြည်နူးမူလေးတချို့ ပေးစွမ်းနိုင်တယ် ဆိုတဲ့ အဓိပ္ပါယ်လေးပေါ့။
ဒီလိုနဲ့ခိုလေးရောက်လာပြီးအစပိုင်းရက်တွေမှာ ကျနော်တို့လည်းသူ့ကိုအရိပ် တကြည့်ကြည့်နဲ့ပေါ့။ အစာလေးတွေ ခွံ့ကျွေးကြ၊ ရေတိုက်ကြ။ အနာတွေကို ဆေးလိမ်းပေးကြနဲ့ အရမ်းကို ကြည်နူးနေကြပါတယ်။ ခိုလေးကို တရိစ္ဆန်လို့တောင် သဘောမထားပါဘူး။ ကိုယ့်သားသမီးလိုကို ချစ်နေကြတာပါ။
ရက်အနည်းငယ်ကြာပြီးနောက်ပိုင်းမှာတော့ ခိုကလေးလည်းနေတော်တော် ကောင်းလာပြီပေါ့။ ကျနော်တို့ရဲ့ကြည်နူးမှုတွေမှာလည်း အပျော်တွေထပ်တိုးလာ တယ်။သူဗိုက်ဆာရင် ကျနော်တို့ကိုပွတ်သီးပွတ်သတ်လေးလုပ်။ ကျနော်တို့ကလက် ဖ၀ါးပေါ်ကိုကုလားပဲစေ့လေးတင်ထား၊သူကလက်ပေါ်ကိုခုန်တက်ပြီးအစာစား။ “သိပ်ပျော်စရာကောင်းတဲ့အချိန်လေးတွေပါ။ အဲဒီအချိန်မှာတော့ကျနော်တို့လည်း သူ့ကို သမီးလေးမှန်း ခွဲနိုင်ခဲ့ပါပြီ။
ဒီလိုနဲ့ သမီးလေးအရွယ်ရောက်လာတဲ့အခါမှာတော့ ကျနော်တို့လည်း မိဘ၀တ္တရားကျေပါ့မလား။ ထမင်းဟင်းကျွေးထားရုံနဲ့ လုံလောက်ပါ့မလားဆိုတာမျိုး ပူရပင်ရတာတွေရှိလာပါပြီ။ သူ့ကိုယ်သူရပ်တည်နိုင်အောင် ဘယ်လိုပြုစုပျိုးထောင် မလဲ။ သူ့အမျိုးအဆွေတွေကိုသိအောင်ဘယ်လိုလုပ်ပေးရမလဲ။ အကယ်၍များ ငါတို့ ထောင်ပြောင်းကြရရင်ဘယ်လိုလုပ်ရပါ့မလဲ၊ စသည်ဖြင့်ကျနော်တို့၃ယောက်သား ခေါင်းချင်း ရိုက်တိုင်ပင်မိကြပါတယ်။
သူ့ကိုသဘာဝအကြောင်းသိအောင်သင်ပေးရမယ်။ သူ့ဆွေမျိုးတွေနဲ့ သူ့အ သိုင်းအ၀ိုင်းကို သူသိအောင်လုပ်ပေးရမယ်။ သူ့အသိုင်းအ၀ိုင်းကသူ့ကို ပြန်လက်ခံ အောင်ကြိုးစားရမယ်။ သူဖာသာသူအစာရှာစားတတ်အောင် လေ့ကျင့်ပေးရမယ်။ အဲဒါမှသူ့ကိုချစ်ရာရောက်မယ်။ ငါတို့လူသားတွေကိုသူ့ရဲ့ဆွေမျိုးရယ်လို့ ထင်ယောင် နေတဲ့အမြင်မှားကို ချေဖျက်ပေးရမယ်လို့ကျနော်တို့ဆွေးနွေးဖြစ်ခဲ့ကြတယ်။
‘သမီးရေ--- သမီးဟာငှက်လေးတစ်ကောင်ဖြစ်တယ်။ခိုမျိုးနွယ်စုလေးပေါ့။ ငှက်ဆိုတာဟိုးလွတ်လပ်တဲ့ကောင်းကင်ပြင်ကြီးမှာလွတ်လွတ်လပ်လပ် ပျံသန်းခွင့် ရှိတယ်။ ပျံသန်းနိုင်တဲ့စွမ်းရည်လည်းရှိကြတယ်သမီးရဲ့။ ဒါကြောင့်ပျံနိုင်အောင် ကြိုးစားပါသမီးရေ။ သမီး ပျံသန်းနိုင်အောင် အဖေတို့ ၀ိုင်းကြိုးစားပေးကြမယ်။
သူနားလည်မှာမဟုတ်မှန်းသိပေမယ့်ကျနော်က အဲဒီလိုတတွတ်တွတ်ဆက် ကာ ၊ဆက်ကာပြောနေမိခဲ့ပါတယ်။
‘ဖေဖေ့ဆီမှာ လည်း အဖေနဲ့ အမေ ဆိုတာရှိတယ် သမီးရဲ့။ ဖေဖေရဲ့ အဖေနဲ့ အမေတို့ကအဖေ့ကိုသိပ်ချစ်ကြတာပေါ့။ ဒါပေမဲ့မတရားတဲ့အာဏာရှင်တွေကအဖေ သိပ်ချစ်တဲ့မိဘတွေရဲ့ရင်ခွင်ထဲကနေအဖေ့ကိုအတင်းလုယူလာကြပြီး ဒီလှောင်အိမ် ထဲမှာထားထားကြတယ်။ ဒါပေမဲ့သမီးရယ်အဖေကတော့သမီးကို ဒီလှောင်အိမ်ထဲမှာ မထားနိုင်ဘူး။သမီးကိုအဖေတို့နားမှာအမြဲရှိနေစေချင်ပါတယ်၊ဒါပေမဲ့ သမီးအဖေတို့နဲ့ မနေရဖူး။ ဟိုးလွတ်လပ်တဲ့ကောင်းကင်ကြီးထဲမှာ သမီးမြူးတူးခုန်ပေါက်ပြီး ကခုန်နေ တာကိုဘဲ အဖေမြင်ချင်တယ်။
“ခင်ဗျားကသာဒီလိုပြောနေတာသူ့ကိုလောကကြီးအကြောင်းသိအောင်ဘယ်
လိုသင်ပေးမှာလဲ“ –
ဝတုတ်က ကျနော်ပြောနေတာတွေကို နားထောင်ရင်း ထမေးပါတယ်။ ဒါကလွယ်တော့မလွယ်ဘူး။ ဒါပေမဲ့ကြိုးစားလို့ရပါတယ်။အရင်းအနှီးလိုတယ်။ အချိန် လိုတယ်။ လုပ်ပိုင်ခွင့်လိုတယ်လို့ ကျနော်ပြန်ဖြေလိုက်တယ်။ နောက်တနေ့မှာ ကျနော်ကစပြီး အဆိုပြုတယ်။
“ဟန်ဝင်းအောင်ရေ..ငါတို့ဆီမှာ ရှိနေတဲ့ ကုလားပဲ လက်နှစ်ဆုတ်စာကို ရှေ့က ကွက်လပ်ထဲမှာ ကြဲထားလိုက်။ မင်းအဲဒါကို နေ့တိုင်းလုပ်ပေးပါ။ ပြီးတော့ သမီးကို လက်ထဲမှာ အစာမကျွေးနဲ့တော့။ အောက်မှာ ချကျွေးချေတော့။“
‘မစားရင် ဘယ်လိုလုပ်မလဲလို့’ --၀တုတ်က မေးပြန်ပါတယ်။
“မလိုပါဘူး။ သူဆာရင် စားလိမ့်မယ်။”
ဒီလိုနဲ့ရက်အနည်းငယ်အတွင်းမှာဘဲ သူဟာအစာကိုအောက်ကနေကောက်စားကျင့် ရသွားပါတယ်။ အဲဒီကမှနောက်တဆင့်ပ်တက်ရပါတယ်။
“သူ့ကို အခန်းထဲမှာ အစာမကျွေးနဲ့တော့ဗျာ၊ ကျနော်တို့ အခန်းရှေ့မှာ ချကျွေးမယ်။“
ကျနော်တို့ကကုလားပဲစေ့တွေကို ကျနော်တို့ရှေ့ စိုက်ခင်းထဲကိုကျဲချထားလိုက်တော့ အခြားခိုတွေလာပြီး ကျနော်တို့ကြဲထားတဲ့ကုလားပဲတွေကို လာပြီးစားသောက်နေကြ တာပေါ့။
“သမီးရေ --- ဟိုမှာတွေ့လား။ အဲဒါ သမီးရဲ့ ခိုမျိုးနွယ်စုတွေပေါ့။ အဲဒီထဲမှာ သမီးရဲ့ အဖေ၊အမေ၊မောင်နှမတွေရှိကြတယ်။သွားပြီးမိတ်ဆက်ချည်။ ဆွေမျိုးတွေကိုရှာချည် ပါသမီးရယ်။ဒါမှသမီးဟာကိုယ့်ရဲ့မျိုးရိုးဗီဇကိုသိမှာပေါ့။ ကိုယ့်ရဲ့မိဘဆွေမျိုးကိုသိမှာ ပေါ့ကလေးရဲ့။“
ကျနော်ကတတွတ်တွတ်ရေရွတ်ပြောပြနေပေမယ့် သူမသွားပါ။ စူးစမ်းတဲ့ အကြည့်နဲ့ တော့ကြည့်နေလေရဲ့။ အဲဒီလိုဘဲသူ့ရဲ့ခိုမျိုးနွယ်စုကလည်း သူ့ကိုစူးစမ်းတဲ့အကြည့်
တွေနဲ့ပြန်ကြည့်နေတာကိုကျနော်တို့သတိထားမိခဲ့ကြတယ်။ ခိုတွေကြားထဲမှာလည်း သူတို့အချင်းချင်းမေးခွန်းတွေ မေးရင်းတွတ်ထိုးနေကြတာနေမှာပေါ့။
‘ဒီကောင်မ ခိုဖြစ်ပြီး လူတွေနဲ့ဘာလို့နေနေတာလဲမသိဘူး။ လူဆိုတာက ငါတို့ရဲ့ အသားကိုစားဖို့ အမြဲကြိုးစားနေတာ။ ဒီလိုလူတွေနဲ့အတူတူနေနေတဲ့ခိုမကို ယုံလို့မရဘူး။ သူ့ကိုငါတို့ဆီအလာခံလို့မဖြစ်နိုင်ဘူး။’ အစရှိသဖြင့်ဆွေးနွေးဝေဖန် နေကြမှာပေါ့။
သူတို့ထဲကအကောင်းမြင်တတ်တဲ့ခိုအချို့ကလည်း “အရမ်းတော့သိမ်းကြုံး မပြောပါနဲ့လေ။ လူတွေထဲမှာလည်းကောင်းတဲ့လူတွေရှိသလို၊ ဆိုးတဲ့လူတွေလည်း ရှိတာပါဘဲ ၊ငါတို့ကိုပစ်ခတ်မစားသောက်ဘဲငါတို့စားဖို့အစားကျွေးနေတဲ့လူတွေ လည်းရှိနေတာပါဘဲ။ ဒါကြောင့်လည်း ငါတို့ဒီမှာအန္တရာယ်ကင်းကင်းနဲ့ နေထိုင်စား သောက်နေကြရတာ မဟုတ်လား“ လို့ ပြန်ပြောနေကြတယ်ထင်ပါရဲ့။
သူတို့အချင်းချင်းအမြင်ဖလှယ်နေကြစဉ်ကာလမှာ ကျနော်တို့သမီးလေးကို သူတို့ အသိုင်းအ၀ိုင်းထဲ အ၀င်မခံသေးတာဘဲရှိပေမဲ့ ရန်မရှာကြပါဘူး။ ကျနော့်ရင်ထဲမှာ တော့ဒီအခြေအနေလေးကို အတော်လေးကျေနပ်နေမိတယ်။ ငါတို့ အဆင့်တခု တော့ရောက်နေပြီ။ မကြာခင် ငါတို့သမီးလေးသူ့ဆွေသူ့မျိုးတွေကြားထဲမှာ ပျော်ပျော် ရွင်ရွင်နေနိုင်တော့မယ်။
ဒီလိုနဲ့ရက်အနည်းငယ်ကြာတော့ ကျနော်တို့သမီးလေးကြောင့် သူတို့မှာအန္တရာယ်မရှိ နိုင်ဘူးဆိုတဲ့အသိက ခိုအသိုင်းအ၀ိုင်းကြားကိုရောက်ရှိသွားပါတော့တယ်။ယုံကြည်မူ တည်ဆောက်တဲ့ အဆင့်ပြီးသွားခဲ့ပြီပေါ့။
သမီးလေးကလည်း ခိုတွေနားကို တဖြည်းဖြည်းနဲ့ ကပ်ရဲသွားတယ်။ ခိုတွေကလည်း သူ့ကိုနေရာပေးရဲလာတယ်။ ဘာသာစကားချင်းကလည်းတူလို့ထင်ပါရဲ့။ တသား တည်းဖြစ်သွားကြတယ်။ ဒါပေမဲ့အခြားခိုတွေအစာစားပြီးအခြားနေရာကိုထွက်သွား ရင်သမီးလေးက လိုက်သွားလေ့မရှိဘဲ ကျနော်တို့အခန်းထဲကို ပြန်လာလေ့ရှိတယ်။ ညဆိုရင်လည်းကျနော်တို့နဲ့ဘဲအိပ်တယ်။ တကယ်တော့အဲဒါကိုကျနော် အလိုချင်ဆုံး ပါဘဲ။
ဒါပေမဲ့သဘာဝတရားဆိုတာတားမရပါဘူး။ ဒီလိုနဲ့နေနေကြရင်းသမီးကလည်း အပျိုပေါက်ဖြစ်လာခဲ့ပြီပေါ့။ တနေ့တော့ခိုအုပ်လေးထဲမှာကျနော့်သမီးက ထူးထူးခြား ခြားခိုထီးလေးတစ်ကောင်နဲ့တွဲနေတာကို ကျနော်သတိထားမိတယ်။
သူတို့တပူးတွဲတွဲရှိနေတာမြင်ရတာနဲ့တင် ကျနော်ကတော်တော်ဒေါသ ထွက်နေပြီ။ ဒါ့ကြောင့်ကျနော်က ၀တုတ်ကိုစိတ်ဆိုးမန်ဆိုးနဲ့ပြောလိုက်မိတော့တယ်။
“၀တုတ်..ဟိုမှာကြည့်စမ်း၊ ဟိုကောင်ငါတို့သမီးကိုရည်းစားစကားလိုက်ပြောနေတယ် ထင်တယ်၊ ဟိုကောင်မကလည်းပြန်ကြိုက်နေပုံရတယ်ကွ။ အရွယ်က မရောက်သေး ဘူး။ ကိုယ့်ခြေထောက်ပေါ်တောင်ကိုယ်မရပ်နိုင်သေးဖူး။ လင်ကလိုချင်နေပြီ။ အခု ခေတ်ကလေးတွေများတော်တော်ခက်တယ်ကွာ။ ပြန်လာရင်တော့တွေ့မယ်။ နောက် နေ့ကျရင်အပြင်ကိုပေးမထွက်တော့ဘူး“ –
ဒီလိုနဲ့နောက်တနေ့မှာ ကျနော်ကသူ့ကိုအပြင်ပေးမထွက်တော့ဘဲ တံခါး တွေကိုအသေပိတ်ထားလိုက်ပါတယ်။ ရုပ်ရှင်တွေထဲကခတ်နောက်ကျတဲ့ အဖေ တွေရဲ့အမူအယာအတိုင်းသရုပ်ဆောင်ရင်း ဒီနေ့ကစပြီ သမီးအပြင်မထွက်ရဖူး၊ ဘယ်သူမှတံခါးဖွင့်မပေးရဆိုပြီတချက်လွတ်အမိန့်ထုတ်လိုက်ပါတယ်။ အစာနဲ့ရေကို လည်းအခန်းထဲမှာဘဲကျွေးပါတယ်။ ဒါပေမဲ့ သမီးကအာဂခိုမပါ၊ အစာမစားဖူးဗျ။ ရေလည်းမသောက်ဖူး။ အစာငတ်ခံဆန္ဒပြတော့တာဘဲ။ ကျနော်လည်းဘာလုပ်ရမှန်း မသိကို ဖြစ်သွားတော့တယ်။
ဒီကြားထဲသူ့ချစ်သူကလည်း အပြင်ကနေ ဘာသာဘာဝဖိုသံလာပေး တာပေါ့။ သူကလည်းအပြင်ထွက်ဖို့အတင်းကြိုးစား၊ ကျနော်ကလည်းဟန့်တားနဲ့ သုံးပွင့်ဆိုင်အချစ်ပြဇာတ်တစ်ပုဒ် ကနေရသလိုဖြစ်နေခဲ့ပါတယ်။ သုံးပွင့်ဆိုင်ဆိုပေမဲ့ ၅၂၈နဲ့၁၅၀၀ကြားကအားပြိုင်မှုဆိုတော့ အတော်စိတ်ဝင်စားစရာကောင်းနေတာပေါ့။
နောက်ဆုံးတော့မိဘကပဲအလျော့ပေးရတာဘဲ။ ကိုယ့်သမီးစိတ်ဆင်းရဲ၊ဒုက္ခ ရောက်နေတာကိုမကြည့်ရက်ဘူးလေ။ ညနေစောင်းမှာတော့ကျနော်ကတံခါးဖွင့်ပေး လိုက်တယ်။ တံခါးဖွင့်ပေးလိုက်တယ်ဆိုတာနဲ့ နောက်ကိုမကြည့်တော့ဘဲထွက် သွားတော့တာဘဲ။ ဒါပေမယ့်တော်ပါသေးရဲ့။ ညကျတော့အိမ်ပြန်လာတယ်လေ။
နောက်နေ့တွေမှာတော့ပုံမှန်ပါဘဲ။ မနက်ဆိုထွက်သွား။ ညနေဆိုရင်ပြန် လာ။တနေ့တော့ကျနော်တို့သမီးလေးဟာ အခြားခိုတွေနဲ့အတူတူကျနော်တို့ မျက်နှာ ချင်းဆိုင်နှစ်ထပ်တိုက်ရဲ့ခေါင်မိုးပေါ်မှာ ပျော်ရွင်နေတာတွေ့ရတယ်။ အဲဒီအချိန်မှာ မိုးတွေအုံ့ပြီး သည်းကြီးမည်းကြီးရွာတော့မဲ့ပုံပေါ်နေတယ်။ ကျနော့်ရင်ထဲမှာတော့စိုး
ရိမ်နေလိုက်တာ။ မိုးရွာရင်သမီးလေးဘယ်လိုလုပ်မလဲ၊ မိုးလွတ်ရာခိုတတ်ပါ့မလား စိုးရိမ်စိတ်တွေနဲ့ပူလောင်လို့။ သူကတော့ဒါတွေကိုတွေးနေမှာမဟုတ်ပါဘူး။ ကြိုတင် ပြင်ဆင်ရမယ်ဆိုတာကို သူသိမှသိပါ့မလား။ ဒါပေမဲ့သူ့ကောင်လေးကတော့ အတွေ့ အကြုံ ရှိတာဘဲလေ၊ မိုးလွတ်ရာကိုခေါ်သွားမှာပေါ့လို့ ဖြေတွေးတွေးနေတုံးမှာဘဲ အခြားခိုလေးတွေကမိုးလွတ်ရာဖက်ကိုပျံထွက်သွားကြပါတော့တယ်။ သမီးလေးက တော့မိုးးလွတ်ရာကိုသွားရမယ်ဆိုတာကိုနားမလည်ဘဲ ခေါင်မိုးပေါ်မှာရပ်မြဲဆက်ရပ် နေပါ့တယ်။ မကြာခင်မှာ မိုးကသည်းကြီးမည်းကြီးကိုရွာပါတော့တယ်။ ကျနော်တို့က လည်းအခန်းအပြင်ကိုမထွက်နိုင်တော့ အခန်းထဲကနေဘဲ ‘သမီးရေ….ပြန်လာခဲ့ …ပြန်လာခဲ့’ လို့ အော်ခေါ်နေပေမဲ့ သူကမကြားဘဲဆက်ရပ်နေပါတယ်။
မိုးတိတ်သွားပြီးတဲ့အခါကျတော့မှ သမီးလေးကခေါင်မိုးကနေ ပြန်ဆင်းလာပြီး အခန်းထဲကို တလှမ်းချင်းလျှောက်လာပါတယ်။ ကျနော်တို့ကလည်းစိုးရိမ်တကြီးဆီး ကြိုကြရတာပေါ့။
“ဟင်..ဒုက္ခရောက်မှမိဘဆီပြန်လာတယ်--ပြီးရင် ပြန်ထွက်သွားအုံးမှာမဟုတ်လား“ လို့ဗျစ်တောက်ဗျစ်တောက်ပြောနေရင်းနဲ့ဘဲ-- ရေသုတ်ပေးနေမိပါတယ်။
မိုးလုံးဝတိတ်သွားပြီး အခြားခိုတွေလည်းကျနော်တို့တိုက်ရှေ့နားကို အစာလာပြန်စား တဲ့အခါမှာတော့ သမီးက အဲဒီခိုလေးတွေဆီကို ပြန်ရောက်သွားပြန်ပါတယ်။
နောက်တနေ့မှာတော့ ထုံးစံအတိုင်းမနက်ဖက်ထွက်သွားပြီး ညနေပြန် ရောက်လာမယ်ထင်ပေမဲ့ပြန်ရောက်လာနေကျအချိန်မှာပြန်ရောက်မလာတော့ပါဘူး။ သမီးလေးတော့ ငါတို့ကိုခွဲသွားပြီဆိုတဲ့သောကကကျနော်တို့ကို အိပ်မရဖြစ်စေခဲ့ပါ တယ်။
နောက်နေ့တွေမှာသမီးက တရက်ခြားပြန်လာတယ်။ တရက်ခြားသော်ငြား လည်း သမီးကိုမြင်တွေ့ခွင့်နေရသေးတာကိုပဲ ကျနော်တို့ ကျေနပ်ပျော်ရွှင်နေမိပါ
တယ်။တဖြည်းဖြည်းနဲ့နှစ်ရက်ခြား။ နောက်တော့သုံးရက်ခြားမှ ရောက်ရောက်လာ တော့တယ်။ဒီလိုနဲ့ခြားတဲရက်တွေများလာရင်းကနေ သမီးလေးကိုလုံးဝမတွေရတော့ ပါဘူး။
ကျနော်တို့သမီးလေးကိုလွမ်းပါတယ်။ သမီးနဲ့ကယုကလင်ပျော်ရွှင်ခဲ့တဲ့ အချိန်တွေဟာကျနော်တို့ဘ၀ရဲ့ အရေးပါတဲ့အချိန်တွေဖြစ်ခဲ့ပါတယ်။ သမီးရဲ့ချော မွတ်မွတ်ငှက်တောင်မွေးလေးတွေကိုပွတ်သပ်ရင်း သမီးကိုချော့မြူချင်ပါသေးတယ်။
သမီးကတော့ကျနော်တို့ရဲ့အလွမ်းတွေ၊ ကျနော်တို့ရဲ့ဆန္ဒတွေကိုသိနိုင်မှာ မဟုတ်ပါဘူး။လွတ်လပ်တဲ့မိုးကောင်းကင်မှာ ပျော်ပျော်ရွင်ရွင်ပျံသန်းနေမဲ့ သမီးလေး အကြောင်းကိုတွေးရင်း ပီတိဖြစ်နေတဲ့လူ၃ယောက်ကတော့ သမီးခေတ္တနားခိုခဲ့ဖူးရာ လှောင်အိမ်ကလေးထဲမှာပဲရှိနေပါသေးတယ်။
ပျံသန်းနေတဲ့ခိုကလေးတွေကိုတွေ့တိုင်း သူတို့သမီးလေး ‘ဘူစတာ’ လားလို့
လိုက်ရှာကြည့်နေရင်း သူတို့လည်းသူတို့သမီးလေးလို လိုရာပျံသန်းခွင့်ရနိုင်မယ့်ရက် ကို ဆက်စောင့်နေကြလေရဲ့။
မှတ်ချက်။ ။ သူတို့ ၃ ယောက်စလုံး ပြန်လည်လွတ်မြောက်လာကြပြီး တစ်ယောက်ကတော့ဖြင့် ဒုတိယအကြိမ် ပြန်လည် အဖမ်းဆီးခံရပြီး အခုချိန်အထိ အကျဉ်းထောင်ထဲမှာ ရှိနေဆဲပါ။

ဘိုကြည်