Sunday, May 5, 2013
“လူထုအားကို အများကြီးလိုသည်” by Soe Min (Notes) on Monday, April 29, 2013 at 10:26am
          ရုပ်သေးပွဲတွေမှာ တိုင်းတော်ပြည်တော် တည်ကြတဲ့အခါ ကမ္ဘာပျက် ကမ္ဘာတည်၊ဟိမ၀န္တာခန်းပြီးတာနဲ့ သပြေပန်းတွေထိုးထားတဲ့ ၀ါးကျည်တောက်ကလေးကို ဇာတ်စင်အလယ် လာထားလိုက်ရင်ပရိသတ်က သဘောပေါက်တယ်။ ဒါဆို နောက်တစ်ခန်းက ၀န်လေးပါးထွက်လာပြီး စကားပလ္လင်ခံ၊ ဘုရင်မင်းတရားကြီးနဲ့ ညီလာခံခေါ်ပြီး ဇာတ်ပန္နက်ရိုက်တော့မှာ။ တကယ့်လက်တွေ့ဘ၀မှာလည်း သိပ်တော့ မကွာပါဘူး။တိုင်းပြည်တစ်ခုတည်ချင် ဘယ်သူက အုပ်ချုပ်မှာတုန်း၊ ဘယ်ပုံစံနဲ့ အုပ်ချုပ်မှာတုန်း။ဝန်ကြီးတွေက ဘယ်သူပါသတုန်း။ ဘယ်သူက ဘယ်သူ့ကို ဘယ်လိုရွေးကောက်ခွင့်ရှိသတုန်း၊ စတာတွေအတွက်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ အစိုးရအဖွဲ့ ဖွဲ့စည်းရတယ်။ ဒါကြောင့်သူတို့လည်းလွှတ်တော်တွေ ညီလာခံတွေ အကြိမ်ကြိမ်ခေါ်ရတယ်။ ဒါပြီးရင်တော့ တိုင်းပြည်ဆိုတာ ရှင်ဘုရင်၊မူးမတ်၊ စစ်သူကြီးချည့်ပဲ ဇာတ်လမ်းဆင်ကပြီး တိုင်းသူပြည်သားကို ဖြတ်လျှောက်နောက်ထ ဝေလေလေလေးငါးယောက်လောက်နဲ့ ပြီးသွားလို့ မရဘူး။ တကယ့်အပြင်မှာ အဲသည်လူတွေက သန်းခြောက်ဆယ်တောင်ရှိတာ။ နည်းနည်းနောနော မှတ်လို့။ ဒါကြောင့်မို့လို့ သူတို့ပါးစပ်က တဖွဖွအော်နေကြတဲ့ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီး တည်ဆောက်ချင်တယ် ဆိုလို့ရှိရင် အဲသည်တိုင်းသူပြည်သားတွေရဲ့အင်အားအပေါ်မှာ အများကြီး အခြေခံပြီးမှ တည်ဆောက်ယူလို့ရမယ်။ ဒါကို သူတို့ဆီကအခေါ်အဝေါ်ကCapacity Building တဲ့။ တိုက်ရိုက် ဘာသာပြန်ရင် ဗူးလုံးနားမထွင်းနဲ့မို့ ဥပမာလေးနဲ့ရှင်းပြပါ့မယ်။
          မိုးရွာလို့ ရေခံကြတဲ့အခါ စဥ့်အိုးရှိတဲ့သူက စဥ့်အိုးလောက်၊ ဖျဉ်းအိုးရှိတဲ့သူကဖျဉ်းအိုးလောက်၊ အုန်းမှုတ်ခွက်ပဲ ရှိတဲ့သူကတော့ အုန်းမှုတ်ခွက်လောက်ပဲ ရလိမ့်မယ် မဟုတ်လား။ အခွင့်အလမ်းဆိုတာကတော့
ကောင်းကင်ကရွာတဲ့မိုးများလို ဖြိုင်ဖြိုင်ရွာချင်ရွာမယ်။ ဖွဲဖွဲကျချင်ကျမယ်။ ကိုယ့်အတွက် ရေဘယ်လောက် ရလိုက်သလဲဆိုတာကတော့ ကိုယ့်ဆီမှာခံတဲ့ အိုးပေါ် မူတည်လိမ့်မယ်။Capacity ဆိုတာ အဲဒါကို ပြောတာ။ နိုင်ငံတစ်ခုကို တိုးတက်အောင် ကြိုးစားတဲ့နေရာမှာလည်းအဲသည်နိုင်ငံက ပြည်သူတွေရဲ့ ခံယူနိုင်စွမ်းအားကို အတတ်နိုင်ဆုံး မြှင့်ထားပေးမှ တိုင်းယက်တဲ့ပက္ကလာ မိုးရွာတော့အသင့်ဖြစ်လိမ့်မယ်။ အခုပြောတဲ့ခံယူနိုင်စွမ်းအားဆိုတာက ၁၅၀၀တန်ဖုန်းချပေးရင်ဘယ်လောက်များများတန်းစီပြီး ရအောင်ယူနိုင်သလဲဆိုတာမျိုးကို မဆိုလိုဘူး။ တိုင်းပြည်လူထုဆီမှာရှိတဲ့ ငွေအင်အား၊ လူအင်အား၊ ကာယစွမ်းအား၊ ဥာဏစွမ်းအားတွေကို ပြောတာ။ အဲဒါကြောင့် တို့နိုင်ငံထူထောင်ခါစကဗိုလ်ချုပ်အောင်ဆန်းပြောခဲ့ဖူးတယ်လေ။ “လူထုအားကို အများကြီး လိုသည်” တဲ့။
          ပထမဦးဆုံးကတော့ ငွေစကားကြေးစကားပဲ စပြောကြတာပေါ့ဗျာ။ ကိုယ့်တစ်ကိုယ်စာစားဝတ်နေရေးတောင် ဘယ်လောက်ရုန်းကန်ရသလဲ လူတိုင်းအသိ။ တိုင်းပြည်ကြီးတစ်ခုလုံး ရပ်တည်နိုင်ဖို့အတွက်အဆက်မပြတ် လိုအပ်နေတဲ့ ငွေကြေးဘဏ္ဍာတွေဆိုတာ မိုးပေါ်က ကျမလာဘူးဗျ။ နတ်ရွာစံ၊ နန်းကျဘုရင်ကြီးတွေကတိုင်းပြည်ကထွက်တဲ့ ရွှေတွင်းငွေတွင်း၊ ပယင်းဒုတ္ထာတွေကို အမွေချန်ထားခဲ့တာ မဟုတ်ဘူး။နောင်လာနောက်သားတွေ ဆပ်ရစ်ကျဖို့ ကြွေးမြီကုဋေကုဋာချန်ပြီး အကုန် အိပ်ထဲအပါ ယူသွားကြပြီ။အရင်ခေတ်ကလို နန်းမွေပေးမရတဲ့အတွက် ကိုယ်သေရင် မိသားစုအရေး စိတ်အေးရအောင် စီမံသွားနိုင်မှတော်ကာကျတာကိုး။ (မလိမ်မာရင် မုန့်ဟင်းခါးအိုး မျက်စောင်းထိုးနေရမစိုးလို့) ဒါကြောင့်မို့တက်လာတဲ့အစိုးရဆိုတာ “မှားပါတယ် ကိုသောင်းရယ်။ ရှင့်မလဲ အကြွေးတွေနဲ့။ ကျုပ်မလည်း ကလေးတွေနဲ့။”လို့ ထိုင်မငိုရယုံတမယ်ပဲ။ သည်အရေတွေမြင်လို့ အောင်ဆုပန်ထီလက်မှတ် ပေါက်မဲကြီး အကြီးကြီးပါတဲ့စုဖုရားမယ်မယ်ကို သူတို့ မချစ်သော်လည်း အောင့်ကာနမ်းလိုက်ကြတာ။ သူသာမကယ်ရင် လွှတ်တော်ကြီးထွန်းတဲ့မီတာခတောင် ပေးစရာရှိမယ် မထင်ဘူး။ ကဲဗျာ။ “အမေလာပြီ။ ငွေပါသည်” ဆိုယုံနဲ့လည်းမပြီးသေးဘူး။ တစ်သက်လုံး သူများပေးစာကမ်းစာ ထိုင်စားနေလို့ မကြီးပွားဘူး။ နိုင်ငံတော်အတွက်ဝင်ငွေဘဏ္ဍာ ရရာရကြောင်း ဘယ်လိုရှာကြမလဲ။
             ထျန်ပလန်စီကအဲဒီနေရာမှာသာ မရှိတာပါအေ။ ရှိချင်တဲ့နေရာကျတော့ ဘယ်သူ့မှ ဂရုမစိုက်အောင်ကို ရှိတယ်။အမည်မဖော်လိုသူ ဘဘကြီးက (ကိုယ်ကသာ နံမယ်ဖုံးရေးနေတာ သူကဖြင့် အဲသည်မျက်နှာကြီး မမြင်မြင်အောင်ထုတ်ပြရတာ အမော။ ကြွားစရာများ မှတ်နေလားမသိ) မင်းသမီးချောလေးအတွက် သိန်း၈၅၀တန် ကားဝယ်ပေးသွားတာရန်ကုန် ပွဲစားတန်းတစ်တန်းလုံးသိတယ်။ ဗြောင်လာဝယ်တာ။ သည်လိုပြောလို့ မင်းသမီးကလေး မကောင်းမမြင်လိုက်နဲ့ဦးနော်။သူတို့ချင်းဆက်ဆံရေးက သိပ်သန့်ရှင်းတာ။ ဘာအနှောင်အဖွဲ့မှ မပါဘူး။ ကလေးမလေးက မေတ္တာဖြင့်ကူညီတာတစ်ခုခု ရှိခဲ့လို့ ဘဘဘက်ကလည်း မေတ္တာတုန့်ပြန်ရုံသက်သက်။ ဘတို့ချင်း မေတ္တာပြိုင်ကြပုံများတော့နောက်တစ်ယောက်ကလည်း စိန်ဆိုင်မှာ သိန်း ၃၅၀တန်နားကပ် ဘောက်ချာတောင် မဖြတ်ပဲ ၀ယ်ပေးသတဲ့။ကဲ ဘယ်လောက် မေတ္တာတရားကြီးမားကြသလဲ။ အမယ်။ အဲဒီပိုက်ဆံလည်း သူတို့ ပေးရတာ မဟုတ်ပြန်ဘူးတဲ့။အထုတ်ကြီးပိုက်ပြီး လိုက်ရှင်းတဲ့ လုပ်ငန်းရှင်သူဌေးကြီးက သပ်သပ်ရှိတယ်။ သူတို့ချင်းချင်းမေတ္တာနှင်းကြတဲ့ ကိစ္စမှာ ဘယ်သူတွေက မေတ္တာခွန်၊ စေတနာခွန် ၀င်ကောက်လို့ရမှာတုန်း။ ခင်ဗျားတို့ဝင်ငွေခွန်ကောက်ချင် လခထုတ်တော့ လာကောက်လှည့်။ အဲဒီစေတနာ မေတ္တာတွေက အခွန်လွတ်ဗျ။
                ပွဲစားတန်းကပေါက်ပန်းဈေးသတင်းတွေကို စာမျက်နှာပေါ်လာတင်နေပြန်ပြီ ထင်ဦးမယ်နော်။ သူများအတင်းတုတ်ရတာမကောင်းဘူး။ ကိုယ့်ဘက် မြားဦးလှည့်မလာခင် ကိုယ့်ဘာသာကိုယ် လှည့်ပလိုက်ဦးမယ်။ လာလေ့။ကိုယ်တို့ ဆရာဝန်တွေကရော ဘာထူးလို့တုန်း။ စေတနာရှင်ပြည်သူတစ်ဦးက ၀င်ငွေခွန်အကြောင်းစကားလေး စလိုက်မိပါတယ်။ ပဒူအုံ တုတ်နဲ့ထိုးမိသလား မှတ်ရ။ ပြောကြပါလိမ့်မယ်။ ဆရာဝန်ဆိုတာချမ်းသာတဲ့ လူတန်းစား မဟုတ်ဘူး လို့။ မချမ်းသာရုံ ဘယ်ကမလဲဗျ။ ဆင်းကိုဆင်းရဲတာ။ သူများမကြည့်နဲ့။စာရေးသူ မောင်စံဖားကလေး လာကြည့်လှည့်။ ဒါပေသိ ကိုယ့်မရှိတိုင်း တိုင်းပြည် မရှိဘူးလို့တော့မမှတ်နဲ့ဗျ။ အထင်သေး မခံနိုင်လို့ ထုတ်ကြွားလိုက်ဦးမှ။ သားသားတို့ ဆရာကြီးတွေထဲက မြန်မာပြည်မှာထိပ်ရွှေမိဆေးလိပ်ဆိုတဲ့ ဆရာကြီး တစ်ယောက်ဟာ ပင်စင်သွားတော့ စိတ်အေးလက်အေး အိမ်အပိုကလေးအငှားချပြီး စားပါတယ်။ သူ့အိမ်ငှားကလေးက ဘာရှိမှာလဲ။ မစို့မပို့ရယ်။ တစ်လမှ ဒေါ်လာရှစ်ထောင်ပဲရရှာသတဲ့။ နိုင်ငံခြားမှာဆိုရင်တော့ အခွန်ဦးစီးမှူးဆိုတာ အိမ်အလည်မခေါ်ရတဲ့ အစားထဲပါတယ်နော်။ ရုပ်ရှင်ထဲမှာ ကြည့်ဖူးတာ အိမ်ရောက်လာလို့ ဧည့်ခံရင်တောင် ဘယ်တော့မှ အရက်ကောင်းမတိုက်လေနဲ့။ ရှာလကာရည်ဆားခပ်ပြီး ဟုမ်းမိတ်ဝိုင်ပါ လို့ ပွဲထုတ်ရသတဲ့။ (နောက်ဆို အိမ်အလည်မခေါ်သင့်တဲ့အထဲမှာ မောင်စံဖားလည်း ပါသွားပြီ) ကိုယ်တို့ဆီက ဆရာကြီးတွေ တစ်နှစ်တစ်နှစ်တိုင်းပြည်အတွက် ဆောင်ထားတဲ့အခွန်တွေလည်း နည်းမထင်ပေါင်ဗျာ။ တိုင်းသိပြည်သိထဲကဆို ကြည်ကြည်ဌေး၊၀င်းဦး၊ တွံတေးသိန်းတန်ဆိုတဲ့ လက်ဖျားကရွှေသီးတဲ့ အနုပညာရှင်ကြီးတွေ အားလုံး အမြတ်တော်ကြေးနဲ့မွဲပြာကျသွားပါသတဲ့။ ဒီအစွန်းနှစ်ဘက်ကြားမှာ ကျုပ်တို့တတွေ ဘယ်လို အခွန်ဆောင်ကြမလဲဆိုတာမေးနေစရာ လိုသေးလို့လား။ တော်လောက်ပြီကွယ်။ ကိုယ့်ဖြင့် ခြူးတစ်ပြား မကပ်ပဲ ငွေစကားကြေးစကားတွေပြောနေရတာ လျှာယားလိုက်ပါဘိ။
            တကယ်တမ်းဖြည့်တင်းဖို့လိုတာတစ်ခုရှိသေးတယ်။ အဲဒါကတော့ ပြည်သူတွေရဲ့ ကာယ ဥာဏ အင်အားတွေပဲ။ Human Resource ဆိုပါတော့။ပြောသာပြောရ သည်စကားတွေက မဆလာစော် အတော်နံလှတယ်။ ဒါပေသိ မပြော မပြီး လို့ ပြောရဦးမယ်။တိုင်းပြည်ကြီးတိုးတက်ဖို့ စီးပွားရေး အခွင့်အလမ်းတွေ ပေါ်ပေါက်လာလို့ ပြည်တွင်းပြည်ပကရင်းနှီးမြှုတ်နှံမှုနဲ့ ကုန်ထုတ်လုပ်ငန်းတွေ အသစ်ပေါ်ပေါက်လာရင် အဲသည်နေရာတွေမှာ အလုပ်လုပ်ကြဖို့လုပ်သားအင်အား အများအပြား လိုမယ် မဟုတ်ဘူးလား။ ကိုယ့်ဆီမှာ ဘာတွေ ရှိနေသလဲ အရင် တွေးကြည့်ပါဦး။ငယ်ရွယ်သန်မြန် ထက်မြက်တဲ့သူတိုင်းက သူများနိုင်ငံတွေမှာ ထွက် ကျွန်ခံနေကြရတာ။ ကိုယ့်ပြည်တွင်းမှာအိုနာကျိုးကန်းနဲ့ ထားမကောင်း ရောင်းမစွံတွေပဲ ကျန်တယ် လို့ ပြောရင် ဘယ်လောက် အသည်းနာစရာကောင်းသလဲ။ ကိုယ့်ဆီကလူတွေက အထည်ချုပ်သမအဆင့်လောက်ပဲ ရှိရင် အထည်ချုပ်သမနေရာပဲ ရမယ်ဗျ။မန်နေဂျာလောက် လုပ်ငန်းကျွမ်းကျင်မှ မန်နေဂျာနေရာကို ရမယ်။ ရိုးရိုးရှင်းရှင်း မညာတမ်းတွက်စမ်းပါ။ ဘယ်နေရာမှာ မြန်မာတွေ များမလဲ။ ကိုယ်မတတ်လို့ သူများခေါ်လုပ်ရရင် တခြားမကြည့်နဲ့ အိုင်အန်ဂျီအိုတွေကိုပဲ ကြည့်။ ၀န်ထမ်းလစာရဲ့ ဘယ်နှစ်ရာခိုင်နှုန်းကို အဖြူဘယ်နှစ်ယောက်ကပြန်ယူသွားသလဲဆိုတာ။ အဲသည် အချိုးအစားနဲ့တော့ ဗာရာဏသီတောင် တည်လို့ မရဘူး။
            ဒါကြောင့်မို့ဟိုတလောက တို့မေကြီးက ပြည်ပမှာရောက်နေတဲ့ မြန်မာလူငယ်တွေကို ကိုယ်တတ်ကျွမ်းတဲ့ပညာနဲ့တိုင်းပြည်တည်ဆောက်ရေးမှာပါဝင်ကြရအောင် ပြန်လာပါခေါ်ပြန်တော့ ကိုယ်ကပဲ အသည်းနာမိသေးတယ်။တကယ်တော့ သူ့ဘက် ကိုယ့်ဘက်၊ အာဏာရ အတိုက်အခံဆိုတာ မရှိဘူး တိုင်းပြည်ကောင်းဖို့ဆိုတာတစ်ဘက်တည်းရှိတယ်။ (ဒါပေမယ့် ဘယ်သူမှ မရပ်တဲ့ဘက်ပါဗျာ) တရုတ်ပြည်မကြီး တဟုန်ထိုး တိုးတက်လာတာပြည်ပကို လွင့်စင်ထွက်သွားတဲ့ တရုတ်လူငယ် ပညာတတ်တွေက နည်းပညာ၊ လုပ်ငန်းအတွေ့အကြုံ၊စုဆောင်းထားတဲ့ အရင်းအနှီးတွေနဲ့ သူတို့ပြည်တွင်းကို ပြန်ဝင်လာကြလို့ပါတဲ့။ ကိယ့်ဆီမှာလည်းတူတူပါပဲ။ ပြည်တွင်းမှာ ဟန်မပျက်ကလေး လူတန်းမစေ့တစေ့ နေနိုင်စားနိုင်တဲ့ မိသားစုတိုင်းမှာနိုင်ငံခြားက ပိုက်ဆံရှာပြီး ပို့တဲ့သူ တစ်ယောက်ယောက်တော့ ရှိကြတယ်။ ကိုယ့်တိုင်းပြည်မှာကိုယ့်အစွမ်းအစနဲ့ကြီးပွားဖို့ဆိုတာ မအေပေးမျိုးတွေပဲ တက်လမ်းရှိသဗျ။ (ဟုတ်တယ်လေ။ သူတို့ခမျာမအေတောင် ကြိုပွိုင့်နဲ့ပေးထားမိလို့ ဒယ်ဒီဖားသားဖေဖေက ကြည်ဖြူတာ။ နို့မို့ မေမေလေးတွေဆီအပ်ပလိုက်မှာပေါ့)
            ဘယ်သူမဆိုသူများနိုင်ငံထွက် အလုပ်လုပ်ပြီး ငွေလေးကြေးလေး စုမိရင် အရင်ဆုံးလုပ်တဲ့အလုပ်ကတော့မိသားစုကို ပြန်လည်ထောက်ပံ့တာပါ။ အဲသည်ကမှ ပိုလျှံရင် ဘ၀ရှေ့ရေးအတွက် စုဆောင်းရင်းနှီးတယ်။နောင်သံသရာအတွက် လှူတာတန်းတာလည်း ပါတာပေါ့။ ဒါပေမယ့် တိုင်းပြည်အတွက် လို့ ပြောလိုက်ရင်ငါတို့ အခွန်ဆောင်ထားတယ်လေ လို့ အမေရိကန်ဆန်ဆန် ပြောလိမ့်မယ်။ မဟုတ်သေးပါဘူး။ သူတို့ဆီကတိုင်းပြည်အတွက် လိုအပ်နေတာ လစာဝင်ငွေထဲက တစ်ကျပ်တစ်ပြား မဟုတ်ဘူးဗျ။ အဲ့ဒီထက် အရေးကြီးတယ်။ဦးနှောက်ကလေး တဖဲ့တပိုင်းလောက် ပါဝင်စေချင်တာပါ။ အတွေ့အကြုံလည်း ရှိခဲ့ပြီ။ ဥာဏ်ရည်လည်းထက်ကြတယ်။ ပညာတတ်ဆိုတဲ့ အလွှာတွေများတယ်။ ပြည်တွင်းကလူတွေအနေနဲ့ သူတို့ကို လိုက်မမီနိုင်တာတွေအများကြီးပဲ။ ဥပမာဗျာ။ ရွာမှာ သာအေးတို့လယ်ထွန်ရင် ဘယ်လောက်ကြိုးစားကြိုးစား လူရောနွားပါဘုန်းဘုန်းလဲသေဦးတော့။ အမေကြီးကားမှာ ထွန်စက်ကြီးမောင်းပြ သွားသလောက်တော့ မြန်ကောင်းသက်သာမဖြစ်ဘူး။ ပစ္စည်းကိရိယာနဲ့ နည်းပညာဆိုတာတွေက သည်ကလူတွေ ပြတ်ကျန်ခဲ့တာ ရာစုနှစ်လောက်မကဘူး။ ဟိုနိုင်ငံက ပိုက်ဆံကလေး လှမ်းလှူနေသလောက်ကဖြင့် ပျင်းတောင်ပျင်းသေးတယ်။
            သည်လထဲရင်နာစရာ ကာတွန်းကလေး တစ်ပုဒ် ဖတ်မိတယ်။ ကလေးတွေကို မာလတီမီဒီယာရွမ်းကြီးမှာ သင်ပေးနေတာ“သားတို့ သမီးတို့ရေ။ သည်ဘက်က ကွန်ပြူတာ  နှစ်လုံးနဲ့ဟိုဘက်က ကွန်ပြူတာ လေးလုံးပေါင်းလိုက်ရင် ကွန်ပြူတာ ဘယ်နှစ်လုံး ရသလဲကွယ်။” တဲ့။ မရယ်နိုင်ပါဘူး။နင်သွားပါတယ်။ ရန်ကုန်မြို့ရဲ့ အကြီးဆုံးဆေးရုံကြီးပေါ်မှာတောင်မှ ကျွန်ပြူတာဆိုတာ စာစီစာရိုက်ဖို့၊ပါဝါပွိုင့်တင်၊ ပရင့်ထုတ်ဖို့ထက် ဘာတစ်ခုမှ ပိုပြီး အသုံးပြုလို့မရဘူး။ လူနာကို ဆေးဝယ်ခိုင်းရင်စာရွက်ပိုင်းကလေးနဲ့ ရေးရေးလွှတ်ရတာ ရှင်ဘုရင့်ယောက်ဖ နန်းတော်အောက် ခွေးကြည့်ခိုင်းတာထက်ခေါက်ရေများဦးမယ်။ သွေးပုလင်း သွားတောင်းပါဦး။ ရော့ သွေးဖောက်ပြီးပြီ။ ပြန်ပို့ချေပါဦး။အဖြေဘယ်တော့ ရမတဲ့လဲ။ သွားရွေးပါဦး။ ဆိုတာတွေက ပလူကိုပျံနေတာပဲ။ အဲဒါတွေကို ကွန်ပြူတာတစ်လုံးနဲ့မှာလိုက်၊ တင်လိုက်၊ ငွေချေလိုက်၊ အဖြေဖတ်လိုက် လုပ်လို့ရင် ဘယ်လောက်ကောင်းမလဲ။ ထုံးသုတ်တာခြုံခုတ်တာလောက်ကို အဆင့်မြှင့်တင်တယ် ပြောပြောနေရတာ ရှက်စရာကြီး။
             ဒီအလုပ်တွေကိုနိုင်ငံခြားမှာ လုပ်လာတဲ့သူတွေကျတော့ ဘယ်နေရာ ဘာလုပ်လိုက်ရင် ဘယ်လိုမြန်တယ် မှန်တယ်အကုန်သိတာဗျ။ သူတို့ဆီက အဲသည်အသိကလေးတွေ မျှပေးလိုက်ဖို့ပဲ လိုတာ။ ကျုပ်တော့ လာမမျှနဲ့ဗျာ။ပါဝါမရှိဘူး။ အထက်က ဘိုးတော်ဘတော်တွေသာ “သည်မှာကြည့် တစ်လကိုးသီတင်း ထွန်းချင်တိုင်းထွန်းမကုန်ဘူးတော့။” လို့ ပြပေးလိုက်စမ်းပါ။ သည်တော့မှပဲ တို့ရွာသားတွေ အားလုံး ဓူဝံအင်ဗာတာသုံးရတော့မယ်။ ကျွန်တော်တို့ဆီမှာ ခရက်ဒစ်ကဒ်သုံးလို့ရတဲ့ ဘဏ်စံနစ် မရှိဘူး။ ရုံးလုပ်ငန်းတွေလုပ်ကိုင်နိုင်တဲ့ ကွန်ပြူတာ ကွန်ယက်စံနစ် မရှိဘူး။ နိုင်ငံခြားငွေလက်ထဲမိရင် ထောင်ချမယ်ဆိုတဲ့ဥပဒေကြီးဖျက်သိမ်းတယ် မကြားမိသေးဘူး။ ဖက်အီးစီတွေ ခေါက်ရိုးထင်ရင် မယူဘူး။ ခဲခြစ်ရာပါရင်မယူဘူး။ ဟောင်းသလိုလိုလေး နွမ်းချင်ရင် မယူဘူး။ ဒေါ်လာအကြွေလာ မပေးနဲ့ မယူဘူး။ ပိုက်ဆံကိုဆာလာအိတ်နဲ့ထမ်းပြီး ကားနဲ့တိုက်သယ် ငွေချေရတဲ့နိုင်ငံ။ အဲဒါတွေ အားလုံး ကျုပ်တို့ကတော့ဘာမှ လုပ်တတ်ဘူး။ နိုင်နံဂျားဘျန်တွေမှ နားလည်မယ့်အရာတွေ။ ကူကြကယ်ကြပါဦး။ Capacityဆိုတဲ့အထဲမှာ အဲသဟာတွေ ပါသဗျား။
             ကျွန်တော်တို့ဘက်ကိုယ့်ဘာသာကိုယ် ဖြည့်ဆည်းယူရမယ့် အရာလည်း ရှိသေးတယ်။ အဲဒါကတော့ အသိဥာဏ်ပါ။ သနားစရာကောင်းလောက်အောင်ကို နုံနဲ့ပါတယ်။ ပညာသင်တာချင်းတူရင်တောင် ရန်ကုန်နဲ့နယ်နဲ့ မတူဘူး။တက္ကသိုလ်တွေ မှိုလိုပေါက်လာလို့ ပညာတတ်ကြီးတွေ တစ်နှစ်ဘယ်လောက်ထွက်နေတယ် လာမပြောနဲ့။ကိုယ်တွေ့ တစ်ခုတည်းကိုပဲ ထောက်ပြမယ်။ ကျွန်တော်တို့ ဆရာဝန်တွေကသာ နယ်ကိုလွှတ်ရင် တီဆားနဲ့တို့သလို တွန့်လိန်တွန့်လိန်နဲ့ အလုပ်ထွက်ကုန်တာ။ တက္ကသိုလ်က ကျူတာဆရာလေးတွေဆိုနယ်ကို အလွှတ်ခံရဖို့ ငွေတွေ နင့်နေအောင် ပေးရတယ်။ အထူးသဖြင့် အဝေးသင်တွေ အတန်းရှိတဲ့အချိန်ဆို သင်္ကြန်တွင်း ချောင်းသာကဟိုတယ်တွေလိုပဲ။ နယ်ပြောင်းကြေးက မြင့်လာတယ်။ ဟိုမှာအနီးကပ်ကျူရှင်ပေးရမှာကိုး။ ခေတ်တွေ ပြောင်းသွားပုံများနှယ်။ ကျူရှင်ဆိုတာ အသင်အပြကောင်းမှလို့ ထင်မနေနဲ့တော့။ သင်ချင်သင် မသင်ချင်နေ။ တက်တက် မတက်တက်၊ ကျူရှင်အပ်ပြီး ခုံနံပတ်ပေးထားလိုက်ပွဲသိမ်းပြီ။ ဒါကြောင့်သူတို့တတွေ နယ်ကောလိပ် ထွက်တယ်ဆိုတာ မိုင်းရှူး၊ ဖားကန့်တက်သလိုပဲလို့ဆိုကြတယ်။ အဲဒါ ကျွန်တော်တို့ဆီမှာရှိနေတဲ့ Capacity ပါပဲ။
              အမှန်တရားဟာနားခါးတယ် မဟုတ်လား။ “The truth is ugly.” တဲ့။ ဘယ်လိုနည်းနဲ့ပဲ ဘွဲ့ရဘွဲ့ရ။ ဘွဲ့ရပညာတတ်ဖြစ်ပြီဆိုရင်တော့ တောနဲ့မတန်တော့ဘူး။ မြို့တက်ပြီး ရုန်းကန်ကြရတယ်။ အစွမ်းအစရှိရင်နိုင်ငံခြားအထိထွက်ပေါ့။ ဒါနဲ့ပဲ တောမှာကျန်ခဲ့တဲ့သူတွေဟာ အလုပ်ကြမ်းကို နေမမြင်လမမြင်လုပ်ချင်လုပ်၊ မလုပ်ရင်လည်း ဘောလုံးပွဲ။ ချဲထီ၊ ဘီယာ၊ အရက် နဲ့ မကင်းသူတွေချည့် ဖြစ်ကုန်တယ်။အခု ပြသနာတွေ ဖြစ်တော့ အဲသည်နေရာတွေမှာ ဖြစ်လာတယ်။ ဆင်ခြင်တုံတရားနဲ့ အတွေးအခေါ်ကောင်းတဲ့သူတွေတစ်ယောက်မှ မရှိဘူး။ လူယုတ်မာကြီးတွေ မြှောက်ပေးတိုင်း အကုန်လုပ်ကြတာပေါ့။ သတင်းစာဂျာနယ် မရှိတဲ့တောကလူတွေကို အပြစ်မတင်ပါနဲ့လေ။ နေ့စဉ်နေ့တိုင်း အင်တာနက်ပေါ်ရောက်ပြီးဖေ့စ်ဘုတ်သုံးပါတယ် ဆိုတဲ့သူတွေမှာတောင် သူများမလှည့်ရပဲ ချာလပတ်ရမ်းနေတဲ့သူတွေ တွေ့ဖူးဘူးလား။ဒီအတွက်ကြောင့် အမိနိုင်ငံတော်ကြီးကို ကယ်တင်ရန် သင့်ဦးနှောက်နှင့် အတွေးအခေါ်များကိုလည်းလိုအပ်ပါသည် လို့ ပြောချင်တာ။
            အမေကျော်ပြီးဒွေးတော်လွမ်းနေလိုက်တာ။ ပြည့်အင်အားသည် ပြည်ကြီးမှာသာ ရှိသည်ဆိုတဲ့ သီချင်းလေးတောင်အားနာမိပါရဲ့။ ကျွန်တော်တို့ဆီမှာ စံနစ်တကျ ပြုစုပျိုးထောင်ထားတဲ့ မျိုးဆက်သစ်လူငယ်လေးတွေမရှိဘူး ထင်လို့လား။ ရှိတယ်။ ရှိတယ်။ သိပ်ရှိတာပေါ့။ သေသေချာချာကို လေ့ကျင့် ပျိုးထောင်ထားတယ်။လိုအပ်ရင် နိုင်ငံခြားကိုလည်း လွှတ်ပြီး ပညာတွေ သင်ခိုင်းတယ်။ ဟိုအထဲမှာလေ။ သို့ပါသော်ငြားအနာဂတ်အတွက် အားကိုးလောက်ဖွယ်ဖြစ်ဖို့ အရေးကြီးဆုံးအရာတစ်ခု ချို့တဲ့နေရှာတယ်။ အမိန့်နာခံမှုမှာအားနည်းသွားမစိုးလို့ တွေးခေါ်မျှော်မြင်မှုဘက်ကို
လေ့ကျင့်မပေးဘူး။ လူဆိုတာ ပညာတတ်ရင်ကန်တန်တန် နဲ့ရယ်ဗျ။ ဘယ်လို ဘာကြောင့် ဘယ်သူ့အတွက် သိပ်သိချင်လာမယ်။ အဲသလိုရေဗူးအပေါက်နဲ့ဘယ်လိုရေသယ်မလဲ။ ဖောက်ထွင်းတွေးတော တတ်တဲ့သူကလည်း သူတို့အသိုင်းအ၀န်းမှာ အံမ၀င်ခွင်မကျတော့ဘူး။ဝန်ထမ်းလောကမှာ ကြီးစိုးတဲ့ အကျင့်ပျက်ခြစားမှုကြီးတွေကို ချေမှုန်းပစ်နိုင်ရင်၊ သူတို့လောကမှာအဓိကကျတဲ့ ဆရာမွေးတပည့်မွေးစံနစ်ကြီးကို ဖျောက်ပစ်လိုက်နိုင်ရင် ကျုပ်တို့တိုင်းပြည်ဘယ်သူကမှ လိုက်လို့မှီစရာ မရှိဘူး။
           Capacity Building အတွက် ပြည်သူတွေကိုချည့် အပြစ်တွေဖို့ပြီး တောင်းဆိုနေလို့ မဖြစ်သေးပါဘူး။အစိုးရမင်းများဘက်က ဖြည့်ဆည်းပေးရမှာတွေလည်း ရှိသေးသပေါ့။ များများ မတောင်းဆိုပါဘူး။စိန်တွေလည်း မပေးပါနဲ့။ ရွှေတွေလည်း မပေးပါနဲ့။ စားမယ့်ထမင်းလုပ်လည်း ခွဲကျွေးဖို့မလိုပါဘူး။ငါတို့တိုင်းပြည်ကြီးတိုးတက်ဖို့ဆိုတဲ့ စေတနာစိတ်ထားကလေး တစ်ခုပဲ ထားပေးပါ။ အလုံးလည်းမလျော့စေရပါဘူး။ အရပ်လည်း မလျော့စေရပါဘူး။ အကြောင်းကြောင်းကြောင့် သည်အလုပ်တွေကိ လုပ်လိုက်ရင်တိုင်းပြည်နစ်နာရချည်ရဲ့ လို့ အသိတရားလေး တစ်ချက်တစ်ချက် ကပ်သွားရင်၊ ငါ့ဘက်က သည်မာနကလေးလျော့ပေးလိုက်တာနဲ့ ပြည်သူတွေ စိတ်ဝမ်းချမ်းသာသွားရချည်ရဲ့ လို့ ပီတိစိတ်ကလေး မွေးနိုင်ရင်၊မျက်မှောက်၊ နောင်ခါ ဘယ်မှာမဆို အကျိုးစီးပွား ဖြစ်ထွန်းမယ်။ မိမိ၊ သူတပါး၊ တိုင်းသူပြည်သားများလည်းစိတ်ဝမ်းချမ်းမြေ့မယ် မဟုတ်ဘူးလား။ မြတ်စွာဘုရားရှင်ဟာ မာရ်နတ်မင်းကို အောင်တော်မူတော့ဥဒါန်းကျူးရင့်တော် မမူပါဘူး။ ကိုယ်တော့်ထံမှာ သံသရာအဆက်ဆက်က တွယ်ငြိလိုက်ပါလာတဲ့ တဏှာလက်သမားကိုအပြီးတိုင် အောင်မြင်ပြီး သစ္စာလေးပါး အမှန်တရားကို ထိုးထွင်း သိမြင်တော်မူမှသာ အောင်သံကြွေးကြော်နတ်လူသာဓုခေါ်ခဲ့ပါသတဲ့။ ရန်သူဆိုတာ ကိုယ်နဲ့ အမြဲ ကဏ္ဍကောစဖြစ်ခဲ့တဲ့ အတိုက်အခံလုပ်နေသူကိုချည့်ပြောတာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်တွင်းမှာ ကိန်းအောင်းနေပြီး ပစ္စုပ္ပန် သံသရာ နှစ်ဖြာသောဆင်းရဲကိုဖြစ်စေမယ့် မကောင်းသော မထားအပ်သော အကုသိုလ် စိတ်တွေဟာလည်း ရန်သူစစ်စစ်ကြီးပဲ မဟုတ်ဘူးလား။သဗ္ဗေသတ္တာ အဝေရာ ဟောတုပါဗျား။
No comments:
Post a Comment
mr.kyaingtun@gmail.com