ကျောင်းသားသူပုန်တို့ရဲ့ ခရီးရှည်အမှတ်တရ (အပိုင်း-၉)
by Myat Thu on Thursday, January 10, 2013 at 4:15am ·
စောထခံစစ်
၉၂ အကုန်လောက် တပ်ရင်းကရဲဘော်တွေအများစုရှေ့တန်းလှုပ်ရှားစစ်ကြောင်းနဲ့ အတူရှိနေတဲ့အချိန် ဗဟို က အရေးပေါ်အထူးစစ်ကြောင်းအတွက် လူလိုတယ်ဆိုပြီးခေါ်ပြန်တယ်။ အဲဒီအချိန် ကိုယ့်တပ်ရင်းက တပ်စိတ်တစ်စိတ်တောင်လူမပြည့်လို့ တပ်ရင်းမှူးကို ကျနော်ပါလိုက်သွားမယ်လို့ ခွင့်တောင်းတော့သူက ခွင့်ပြုတယ်။ တပ်ရင်း ၂၁၀ တပ်ရင်းမှူး ကိုဆန်းလင်းနဲ့အတူ ကိုကျင်သန်းဦးနဲ့ ရဲဘော်သစ်တွေပါ ပါလာ တယ်။ အထူးတပ်သာဖြစ်တာ အားလုံးပေါင်းမှ လူ ၄၀ တောင်မပြည့်ဘူး။ ကျနော်မှတ်မိသလောက် ကျနော် တို့ ၃၆ ယောက်ပဲရှိတယ်။ စောထဒေသဖက်ကို နွားသယ်တဲ့လှေကြီးနဲ့တက်သွားပြီး ကမ်းကပ်တာနဲ့ နောက် ကျောဖက်က တောင်ပေါ်ကိုချက်ချင်းတက်ပြီး နေရာယူရတော့တယ်။ စောထရွာထဲက ရွာသားတွေကတော့ ထိုင်းဖက်ကမ်းကို တစ်ရွေ့ရွေ့ရွှေ့နေကြပြီ။ ရန်သူစစ်ကြောင်းတစ်ကြောင်းပျောက်နေတယ်လို့ ရှမ်းတပ်တွေ က ကရင်ကို သတင်းပို့ထားတယ်တဲ့။ ကိုဆန်းလင်းလည်း ကျနော်တို့ကို သူ့ရဲဘော်သစ်တွေကိုပါ ညှပ်ပြီး ထိမ်းပေးဖို့ မေတ္တာရပ်ခံတယ်။ ကျနော်တို့ သဘောတူတယ်။ ကျနော်တို့ရောက်လို့ ၀ပ်ကျင်းတွေတူး၊ ထမင်း စားပြီး ဘာမှမကြာလိုက်ဘူး၊ အဲဒီညနေ ရန်သူတပ်တက်လာတယ်။