ဆွန်ယက်ဆင်၏ အရေးသုံးပါး
14Jun12
အမျိုးသား စည်းလုံးရေး ဒီမိုကရေစီရေး စားဝတ်နေရေး
ဗမာပြည်မှာ လူမျိုးစုံ ဘာသာစုံ ဆွေးနွေးပွဲ ဝပ်ရှော့ ဆိုတာတွေ တက်ခဲ့ဖူးပါတယ်။ တိုင်းရင်းသား အဖွဲ့တွေ ကြီးမှူးလုပ်တာပါ။ အဲဒီမှာ တိုင်းရင်းသားစုံ ဘာသာစုံက လူငယ် လူကြီး အစုံအလင် သိရ ပြောဆိုရဖူးပါတယ်။ အဲဒိကတခါ နိုင်ငံခြားမှာ ဒီလိုမျိုး ငြိမ်းချမ်းရေး စခန်းသွင်းပွဲတွေ သွားတက်ရပါတယ်။ အဲဒိတိုင်းပြည်မှာ လူမျိုး ဘာသာက ဗမာပြည်လိုပဲ များပြားတော့ အဓိကရုဏ်းတွေ ဖိနှိပ်မှုတွေ ဖြစ်ခဲ့လေတော့ ဘေးဆီးရန်ကာ လူထု လှုပ်ရှားမှုတွေ အဖွဲ့အစည်းတွေလဲ တော်တော်စုံနေပါပီ။ သူတို့ဆီက ပညာတတ် လူငယ် အမျိုးသမီးတွေကလဲ ဒီအရေးကို အတော် ထက်ထက်သန်သန် ပြောနိုင်ကြတာ တွေ့ရပါတယ်။ အစိုးရ အုပ်ချုပ်ပုံပြောင်းပီး နိုင်ငံတကာနဲ့ အထိအတွေ့ ဆိုတာတွေ သိပ်များလာတော့ သူတို့ဆီမှာ ဒီလို အဓိကရုဏ်းတွေ ဖြစ်တာနဲလာပီး ခွဲခြားနှိမ်ချမှု ဆိုတာ ရှက်ရမှန်း သိလာတဲ့ လက္ခဏာ တွေ့ရပါတယ်။ ဒါကြောင့် မွတ်ဆလင် နိုင်ငံကြီးပေမယ့် အတော် သည်းခံ လွတ်လပ်ခွင့် ကျင့်သုံးနိုင်ကြတယ်။
ကျနော်တို့ ဆီမှာလဲ အရင်က ပတ်သက်စရာ မရှိတဲ့ အသိုင်းအဝိုင်း လူမျိုးစုံ စကားပြောခိုင်း နာကြည်းမှုတွေ ဖွင့်ပြောကြတော့ အပြန်အလှန် နားလည်မှု တမျိုး ရှိလာတာကို တွေ့ရပါတယ်။ ဒါကလဲ ပွဲပီးမီးသေပါပဲ ဆိုလဲ ဟုတ်နိုင်တာပဲ။ နေ့စဉ်ဘဝမှာ ဒီလို ခွဲခြားမှုတွေ ဆင်ခြင် ရပ်တန့်သွားဖို့က အစိုးရနဲ့ လူ့အဖွဲ့အစည်း တခုလုံး ပါဝင်လာမှ ဖြစ်တာကိုး။ အန်ဂျီအို တချို့နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းလေးတွေ စာဖတ်တဲ့ လူစုတွေမှာလောက် ကွက်ကွက်မှာ ကျင့်သုံးနိုင်တာက တကယ့် ရပ်ကွက်ထဲ ရွာထဲ ဖေ့စ်ဘုတ်ထဲ ရောက်တယ် မပြောနိုင်ပါ။