Sunday, July 21, 2013

ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူလူထုအား သွေးခွဲရန် စနစ်တကျ အုပ်စုဖွဲ့ ကြိုးပမ်းနေခြင်း အပေါ် လေ့လာ သုံးသပ်ခြင်း (သို့မဟုတ်) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီအား လေ့လာ စမ်းစစ်ခြင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူလူထုအား သွေးခွဲရန် စနစ်တကျ အုပ်စုဖွဲ့ ကြိုးပမ်းနေခြင်း အပေါ် လေ့လာ သုံးသပ်ခြင်း (သို့မဟုတ်) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီအား လေ့လာ စမ်းစစ်ခြင်း

~~~~~~~~~~~~~~~***~~~~~~~~~~~~~~~

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ပါတီစည်းမျဉ်း နှင့် ဖွဲ့စည်းပုံ
နှင့်
နိုင်င်ငံရေး သဘောတရားနှင့် လုပ်ငန်းစဉ်များ
ဟူသည့် NLD ပါတီမှ ထုတ်ဝေထားသည့် စာအုပ်ငယ်လေးအား ဖတ်ရှု လေ့လာ မိသည့် ထဲမှ အချို့သော အချက်အလက် များကို သုံးသပ် တင်ပြ ရလျှင် ……

~~~~~~~~~***~~~~~~~~~
စာမျက်နှာ(၁) နိဒါန်းအောက်တွင်-
~~~~~~~~~***~~~~~~~~~
၁။ ပြည်ထောင်စု မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ ပြည်သူ လူထုကြီး တစ်ရပ်လုံးသည် ဒီမိုကရေစီ နိုင်ငံတော်သစ်ကို တည်ထောင်ရန် အစဉ်တစိုက် အားထုတ် ကြိုးပမ်း ခဲ့ကြသည်။
၂။ ပြည်သူတို့၏ ဆန္ဒနှင့် ရည်မှန်းချက်ကို အောင်မြင်စွာ အကောင် အထည်ဖော်နိုင်ရန်၊ နိုင်ငံတော်၏ အလုပ်သမားများ၊ တောင်သူ လယ်သမားများ၊ ကုန်သည် စီးပွားရေး လုပ်ငန်းရှင်များ၊ လူငယ် ကျောင်းသားများ၊ တတ်သိ ပညာရှင်များ၊ အနု ပညာရှင်များ၊ တိုင်းရင်းသား လူမျိုးများနှင့် လူထု လူတန်းစား အလွှာ အသီးသီးမှ ပြည်သူတို့ကို ကိုယ်စားပြုသော နိုင်ငံရေး အဖွဲ့ပေါင်းချုပ်ကြီး တစ်ရပ် လိုအပ် ပါသည်။
၃။ ထိုအချက်ကို အကြောင်းပြု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် National League for Democracy ကို ဖွဲ့စည်းပုံ အခြေခံ စည်းမျဉ်းနှင့် အညီ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ (၂၇)ရက် နေ့တွင် နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ (ဥပဒေ အမှတ်-၄/၈၈) အရ ဖွဲ့စည်း တည်ထောင် ခဲ့ပါသည်။ .................................……………………………………..

~~~~~~~~~***~~~~~~~~~
စာမျက်နှာ(၃) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အလံ၏ အဓိပါယ် ဖွင့်ဆိုချက် အောက်တွင်-
~~~~~~~~~***~~~~~~~~~
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ အလံတွင် အသုံးပြုထားသော အရောင်များနှင့် ပတ်သက် အောက်ပါအတိုင်း အဓိပ္ပါယ် ဖွင့်ဆိုသည်။
- အနီရောင်သည် ရဲရင့်ခြင်း၊ သူရ သတ္တိရှိခြင်း၊ နိုးကြား တက်ကြွခြင်း။
- အဖြူရောင်သည် ဖြူစင်ခြင်း၊ ရိုးသားခြင်း၊ သစာရှိခြင်း။
- ရွှေဝါရောင်သည် မြင့်မြတ်ခြင်း၊ ဂုဏ်ရည်ပြောင်ခြင်းကို ရည်ညွှန်းသည်။
- အလံတွင် အသုံးပြုထားသော ကြယ်ဖြူကြီးမှာ ပြည်ထောင်စုနှင့် ဒီမိုကရေစီ အရေးတော်ပုံကို ရည်ညွှန်းသည်။
- ခွပ်ဒေါင်းမှာ ခေတ်အဆက်ဆက် အမျိုးသား နိုင်ငံရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့သော ကျောင်းသား လူငယ် မျိုးဆက်၏ အားမာန်ကို ရည်ညွှန်းသည်။

~~~~~~~~~***~~~~~~~~~
အခန်း(၂)
ရည်ရွယ်ချက်
~~~~~~~~~***~~~~~~~~~
၇။ (က) အများ ပြည်သူတို့၏ ဆန္ဒနှင့် ကိုက်ညီ အခြေခံ လူအခွင့်အရေးများကို အာမခံမည့် စစ်မှန်သော ဒီမိုကရေစီ နိုင်ငံတော် ဖြစ်ပေါ် လာစေရန်။
(ခ) ရည်ရွယ်ချက်(က)ကို ဖြစ်မြောက်စေရန် ပြည်သူလူထု၏ ညီညွှတ်မှု အင်အားကို အခြေခံရန်။
(ဂ) နောင် ခေတ်အဆက်ဆက် မြန်မာနိုင်ငံသည် ပြည်သူ လူထု ဆန္ဒနှင့်အညီ ဒီမိုကရေစီ ပြည်ထောင်စုကြီးအဖြစ် တည်ထွန်းစေရန်။
(ဃ) အာဏာရှင်ဆန် ပြည်သူလူထုကို ဖိစီးနှိပ်စက်မည့် နိုင်ငံရေး စနစ်မျိုး၊ မည်သည့် အခါမျှ ပေါ်ပေါက်ခြင်း မရှိစေရေး အတွက် လုပ်ကိုင် ဆောင်ရွက် သွားရန်။
(င) ကမ္ဘာတွင် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ထွန်းကားရေး အတွက် နိုင်ငံတကာနှင့် ဆက်သွယ် ပူးပေါင်း ဆောင်ရွက်ရန်။

~~~~~~~~~***~~~~~~~~~
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံရေး ၀ါဒ သဘောတရားနှင့် လုပ်ငန်းစဉ်များ အောက်တွင် ပါရှိသည့်
စာမျက်နှာ(၉)ပါ တိုင်းရင်းသား လူမျိုးများ ကဏ္ဍ ကို လေ့လာ သုံးသပ် ကြည့်လျှင်-
~~~~~~~~~***~~~~~~~~~
ပြည်ထောင်စု မြန်မာနိုင်ငံတော်သည် တိုင်းရင်းသား လူမျိုးအားလုံးတို့၏ ညီညွှတ် စည်းလုံးမှု၊ ဆန္ဒ တူညီမှုတို့ အပေါ်တွင် အခြေခံ တည်ထောင် ခဲ့သော နိုင်ငံ တစ်ခု ဖြစ်သည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြည်ထောင်စု မြန်မာနိုင်ငံတော် အတွင်း လုံးဝ ငြိမ်းချမ်းရေး အတွက် တတ်စွမ်းသမျှ ဆောင်ရွက် သွားမည်။ တိုင်းရင်းသား လူမျိုးများ၏ မကျေနပ်မှု များကို လျစ်လျူ ရှုထားမည် မဟုတ်ပါ။

တိုင်းရင်းသား လူမျိုး အားလုံး၏ တန်းတူ ရည်တူ အခွင့်အရေး များကို အသိအမှတ် ပြုခြင်း၊ စိတ်ထား စေတနာ ဖြူစင်ခြင်း၊ ချစ်ကြည် ရင်းနှီးခြင်း၊ တစ်ဦး၏ အယူအဆ တစ်ဦး လေးစားခြင်း၊ အခြေခံ လူအခွင့်အရေး လေးစား ယုံကြည်ခြင်း၊ တိုင်းရင်းသား လူမျိုးများ၏ စာပေ ယဉ်ကျေးမှုနှင့် ဓလေ့ ထုံးတမ်း စဉ်လာ ဖွံ့ဖြိုး တည်ထွန်းစေရေး အတွက် လုပ်ဆောင် ကြိုးပမ်းမည်။ အချက်များကို အထူး အလေးအနက် ထား ပူးပေါင်း ဖြေရှင်းကြလျှင် ပြည်ထောင်စုကြီး ငြိမ်းချမ်းရေးနှင့် ပြည်ထောင်စုသား အချင်းချင်း သဟဇာတ ဖြစ်ရေး တို့သည် မုချ အောင်ပန်း ဆင်နိုင်မည့် ရည်မှန်းချက်များ ဖြစ်သည်ဟု ယုံကြည်သည်။

ဖွံ့ဖြိုး တိုးတက်သော ပြည်ထောင်စုကြီး အဖြစ် စီးပွားရေး အင်အား ခိုင်မာ တောင့်တင်းစွာ ရပ်တည်နိုင်ရေးကို လိုလားသည့် အလျောက် တိုင်းရင်းသား နယ်မြေ အသီးသီးတွင် စီးပွားရေး ဖွံ့ဖြိုးမှု လုပ်ငန်းများကို လွတ်လပ်စွာ ဆောင်ရွက်နိုင်ရေး အတွက် ဦးတည်မည်။ တိုင်းရင်းသား လူမျိုးများ၏ မွေးရာပါ အခွင့်အရေးများ ခံစား ပြည့်ဝရေးနှင့် ပြည်ထောင်စုကြီး တစ်ခုလုံး သာယာ ၀ပြော ရေးတို့ သဟဇာတ ဖြစ်စေမည့်မူကို လက်ကိုင် ကျင့်သုံး တိုင်းရင်းသား လူမျိုးများ၏ ကိုယ်ပိုင် ပြဌာန်းခွင့်ကို ဖော်ထုတ်မည်။ တိုင်းရင်းသား များ၏ ရည်မှန်းချက်များကို အကောင် အထည်ဖော်ရန် နိုင်ငံရေး ဖြေရှင်းမှု လိုအပ်သည်ဟု ယုံကြည်သည်။

~~~~~~~~~***~~~~~~~~~
စာမျက်နှာ(၁၀)ပါ စီးပွားရေးကဏ္ဍတွင်-
~~~~~~~~~***~~~~~~~~~
စီးပွားရေး မူဝါဒ၏ အနှစ်သာရသည် လွတ်လပ်မှု၊ တည်ငြိမ်မှုနှင့် လူမှုရေး တရားမျှတမှုတို့ ဟန်ချက်ညီ ဥပဒေ စိုးမိုးမှုကို အခြေခံသော ဈေးကွက် စီးပွားရေး စနစ်သို့ ပြောင်းလဲရေး ဖြစ်ပြီး တိုးတက်မှုနှင့် သဘာဝ ပတ်ဝန်းကျင်၊ ရေတို အကျိုးအမြတ်နှင့် ရေရှည် အမြော်အမြင်၊ တစ်ဦးချင်း လူနေမှု အဆင့်အတန်း မြင့်မားခြင်းနှင့် လူမှု ဘ၀ သိကာ အစရှိသည်တို့ သဟဇာတ ဖြစ်စေခြင်းမှ တစ်ဆင့် တိုင်းရင်းသား လူမျိုးအားလုံး ခွင့်တူညီမျှ အလုပ်လုပ်နိုင်မှုနှင့် အခွင့်အလမ်းများ ရရှိစေပြီး၊ ဆင်းရဲ နွမ်းပါးမှု ပပျောက် လျော့နည်းစေရေးတို့ ဦးတည်မည်။ ပြည်ထောင်စု အစိုးရ၏ စီးပွားရေး အာဏာများကို ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ ဖြန့်ဝေပေးခြင်း (decentralization)၊ ချုပ်ကိုင်မှု လျှော့ချခြင်း (liberzlization)၊ ပုဂ္ဂလိက ကဏ္ဍကို အားပေးခြင်း၊ လူသားရင်းမြစ် တိုးတက်စေခြင်း တို့သည် မဟာဗျူဟာ ဖြစ်သည်။ ………………………………………………………

ထို ထိုသော အချက် အလက် များကို လေ့လာ သုံးသပ် စဉ်းစား ဆင်ခြင်ခြင်း အားဖြင့် ဒေါ်အောင်ဆန်းစုကြည် ဥကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်လျှက် ရှိသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီသည် လူတစ်ဦး တစ်ယောက် ကောင်းစားရေး အတွက် ရှေ့ရှုခြင်း အလျဉ်းမရှိကြောင်း၊ တိုင်းရင်းသား များ၏ ရပိုင်ခွင့် အခွင့်အရေး များ အတွက် ခွင့်တူညီမျှ ရရှိရေး အတွက် ရှေ့ရှုကြောင်း၊ အာဏာရှင် ဆန်စွာဖြင့် တိုင်းရင်းသား မျိုးနွယ် တစ်ခုတည်း (သို့မဟုတ်) လူပုဂ္ဂိုလ် အဖွဲ့အစည်း တစ်ခုတည်းက အာဏာ ချုပ်ကိုင် ထားခြင်း အစား တိုင်းရင်းသား အားလုံး ခွင့်တူညီမျှ အာဏာ ရရှိရေးကို ရှေ့ရှုကြောင်း သုံးသပ် မိပါသည်။

ထို့အတွက်ကြောင့် ယခု အခါ ပြည်ထောင်စု၏ အာဏာနှင့် တိုင်းရင်းသား လူမျိုးစု အားလုံး သာတူညီမျှ အခွင့် အရေး တန်းတူ ရရှိမည်ကို မလိုလားသူ၊ တစ်ဦး တစ်ယောက် အဖွဲ့ အစည်း တစ်ခု တည်းကသာ အာဏာကို ချုပ်ကိုင် လိုသူ လူတစ်စုက ဒေါ်အောင်ဆန်းစုကြည် အပေါ် တိုင်းရင်းသား ပြည်သူ လူထု များက အထင်အမြင် လွဲမှားစေရေးကို စနစ်တကျ အုပ်စုဖွဲ့ပြီး လိမ်လည် လှည့်ဖျားကာ သွေးခွဲလျှက် စစ်အာဏာရှင် ပုံပြောင်းများ ဆက်လက် အာဏာ ရရှိနေစေရေး အတွက် ကျွန်ုပ်တို့ ပစ္စုပ္ပန် ပြည်သူများအား နောင် အနာဂတ် ပြည်သူ များက တရားခံ အဖြစ် ထင်ကျန်ရစ်စေရန် ဆောင်ရွက်နေမှုများ၊ ကျွန်ုပ်တို့ ပြည်သူလူထု တစ်ရပ်လုံး၏ စည်းလုံး ညီညွတ်မှုကို ဖြိုခွဲနေခြင်းများ အပေါ် ကျွန်ုပ်တို့ ပြည်သူ လူထု တစ်ရပ်လုံးက အသိနှင့် သတိ မြဲမြံစွာ ထားရှိလျှက် စဉ်းစား ဆင်ခြင် သုံးသပ် နိုင်ရေး အတွက် တင်ပြ လိုက်ရပါသည်။

(အခမဲ့ ပေးဝေသော စာအုပ် ဖြစ်ပါသော်လည်း နီးစပ်ရာ NLD ရုံးတွင် ငွေ(၁၀၀)ကျပ် လှူဒါန်းပြီး စာအုပ် ရယူကာ ပြန်လည် မျှဝေ ပေးလိုက် ပါသည်။)

~~~~~~~~~~~~~~~***~~~~~~~~~~~~~~~
လေးစားစွာဖြင့်


အောင်စည်တော်ကြီး
(၂၁.၇.၂၀၁၃)၊ တနင်္ဂနွေနေ့
၁၅း၄၀ နာရီ

No comments:

Post a Comment

mr.kyaingtun@gmail.com