သူတို့သိပါတယ်
-------------------
" စာသဘင် " ကို တာဝန်ယူထားသောသားများက စာတပုဒ်-စာတအုပ် အသစ်ရေးပေးပါဟု သာဓုကို အပူကပ်ကြသည်။ (အနယ်နယ်က တောင်းဆိုနေပါပြီ) ဟုလည်း အလွယ်ဆုံးနည်းဖြင့် အကြောင်းပြသည်။
" ကိုယ့်ဟာကိုယ် ထုတ်ချင်လဲ ရေးပေးပါ့မယ် ဟိုကတောင်းဆိုချက် ၊ ဒီက တိုက်တွန်းမှု ဆိုတာတွေနဲ့ ခုတုံးမလုပ်ပါနဲ့ကွာ " သို့ ပြောရင်း ဤစာအုပ် ရေးပေးမည်ဟု ပြောလိုက်သည်နှင့် ပြိုက်ကနဲ ကောက်၍ကြော်ငြာကြသည်။
(ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီးစက ဒေါသဖြစ်စရာ ကမောက်ကမမြင်ကွင်းများကို မကျေမနပ်ဖြစ်ခဲ့ရာမှ စာတပုဒ်ကောက်ရေးရင်း စာရေးဆရာ ဖြစ်မှန်းမသိ ဖြစ်လာခဲ့ရသော) စသဖြင့် ....
ဤတွင် ထိုကောက်ရေးသည် ဆိုသော စာတပုဒ်သည် အဘယ်စာတပုဒ်လေနည်း ဟု သိလိုလာကြသည်။ သိပြီးသူက မသိသေးသူကို " ၀န်ကြီးတမတ် " ဆိုတဲ့ ၀တ္ထုပေါ့ ဟု သူတို့ချင်းပြော၍ (သိ) သွားပြီးသောအခါတွင်မူ (ဖတ်)ချင်လာကြပြန်သည်။
ဤသည်ကိုလည်း သားများက ပြော၍ သိရသည်။ စာရှုပရိသတ်ကိုပင် ခုတုံးလုပ်ပြန်လေသလော မပြောတတ်။ ဟုတ်သည်ဖြစ်စေ ၊ မဟုတ်သည်ဖြစ်စေ ၊ " အဆစ် " ကလေးအဖြစ်ကား ထည့်ပေးသင့်သည်ဟု ယူဆသည့်အတိုင်း ဆက်ဖတ်လိုက ဖတ်ပါ ၊ သာဓု၏ စာရှုသူ ....။
**********************************************************************************
ဝန်ကြီးတမတ်
-----------------
သာဓုရေးသည်။
ဂျစ်ကားကလေးတစင်းသည် ဆူးလေဘုရားဘက်မှ ဒါလဟိုဇီလမ်းအတိုင်း အနောက်ဘက်သို့ မောင်းလာပြီး သိမ်ကြီးဈေးထိပ် ဘုရားလမ်းသို့ ရောက်သည်နှင့် လက်ျာဘက်သို့ ချိုးကွေ့ကာ သိမ်ကြီးဈေး ဆင်ဝင်အောက် အထည်ဆိုင်များအနီးတွင် ရုတ်တရက် ထိုးရပ်လိုက်သည်။
" အိုင်ဆေး....ရင်ရေ-ဆိုင်တွေအားလုံးပိတ်ထားပါကလား ၊ ဘာဖြစ်လို့များပါလိမ့် "
ဂျစ်ကားကို ကိုယ်တိုင်မောင်းလာသူ မိန်းမပျိုသည် ကားပေါ်မှ မဆင်းဘဲ ၊ အထည်တန်းဆီသို့ လှည့်ကြည့်ရင်း-အနီးရှိအဖော်အား ပြောလိုက်ရာ....
" ဟင်-ဟုတ်ပါရဲ့ .... " ဟု အဖော်မိန်းမပျိုကပြန်ပြောပြီး ဆက်လက်၍....
" နေအုံး-နေအုံး-တယောက်ယောက် မေးကြည့်ရအောင် " ဟု ပြောပြောဆိုဆို ကားအနီးမှ ဖြတ်လျှောက်သွားသူ သတင်းစာရောင်းသော သူငယ် တယောက်အား....
" ဟေ့-သူငယ်-ဈေးဘာဖြစ်လို့ ပိတ်တာလဲ "
" ဒီနေ့ ဈေးတိုက်ပွဲရှိတယ်လေ ၊ ခု အစည်းအဝေးပြီးလို့ ဗိုလ်ချုပ်တို့ကို အလေးပြုဘို့ သွားကြပြီ....ဟိုရှေ့မှာ.... "
မိန်းမပျိုနှစ်ယောက်သည် သူငယ်လက်ညှိုးညွှန်ရာသို့ ကြည့်လိုက်မှပင် ၊ ဂျူဘလီဟောဆီသို့ ဦးခိုက်ချီတက်သွားကြသော လူထုကြီးကို တွေ့ရလေ၏။
" ခက်တာဘဲ ရင်ရယ်-ကိုယ့်ကို နက်ဖန် ဆွမ်းကျွေးတခုက ဖိတ်ထားတာနဲ့-အဲဒီကို ၀တ်သွားဘို့ ပိတ်ဆန်းလာဝယ်တာ ၊ ခုတော့-အကြီးအကျယ် ဆောရီးဖြစ်တာဘဲ.... "
" အို....တင်ကလဲ....တင့်မှာ အ၀တ်အစားတွေ ဒီလောက်ပေါရဲ့သားနဲ့ ရှိတာ တခုခု ၀တ်သွားလဲ ပြီးတာဘဲဟာ.... "
" နိုး....နိုး....ကိုယ့်အကြောင်း ရင်သိတယ်မဟုတ်လား ၊ ကိုယ်က-ဒါဆိုဒါမှ- " ဟု ပြောပြောဆိုဆို တင် သည်-မော်တော်ကားလက်ကိုင်ကို လက်ဝဲ တဘက်တည်းဖြင့် ထိန်းကိုင်ကာ ၊ လျင်မြန်သောအဟုန်ဖြင့် မောင်းထွက်သွားလေ၏။ ကားကလေးမှာ ၊ နှေးချီတခါ မြန်ချီတမူ ၊ မြောက်တူရှုသို့ လိမ့်နေ၏။
တင်ဆိုသူမှာ အသက်အားဖြင့် ၊ နှစ်ဆယ်ကျော် အစိတ်ကြားတွင် ၊ ကြွားကြွားရွရွနှင့် လှချင်တိုင်းလှနေသူဖြစ်၏။ သူသည် ရှေ့တွင် ချီတက်နေသော လူထုကို၎င်း ၊ သူ့အား မျက်နှာပေးအမျိုးမျိုးဖြင့် ကြည့်နေကြသော ဘေးလူအပေါင်းကို၎င်း ၊ သူသည် ဂရုစိုက်ဟန်မတူ။
" ဆွမ်းကျွေးမှာဝတ်ဘို့-ပိတ်ဆန်းမရတာ ဂွကျတာဘဲ " ဟု တခါတခါ ရေရွတ်လိုက်သည်။ ထိုအချက်ကိုထောက်သော် ၊ သူသည် ပိတ်ဆန်းကလွဲ၍ ဘာမျှစိတ်မ၀င်စားသည်မှာ ထင်ရှားလှတော့၏။
" ဟေ့ ....တင်-ဘယ်သွားမှာလဲ.... " ဟူသော ရင်၏ အသံကြားမှ ၊ ရုတ်တရက် သတိရသလိုလှုပ်ရှားလာပြီး.....
" ဟင်....ကိုယ်ဖြင့် ပိတ်ဆန်းမရလို့ ၊ စိတ်အိုက်လာတာနဲ့ ၊ ဘယ်ရောက်လာမှန်းတောင် သတိမထားမိဘူး ၊ ဟိုဟာ-ကျားကူးကျောင်း မဟုတ်လား-ပြန်ကွေ့မှဘဲ- " ဟု ပြောရင်း တင်သည် ကားကွေ့ရန် ဟန်ပြင်လိုက်သော်လည်း ၊ ထိုအချိန်၌ သူတို့ရောက်နေသော နေရာမှာ ၊ မော်တော်ကားကလေးတစင်းပင် ပြန်ကွေ့ရန် ခဲယဉ်းလောက်အောင် ၊ လူရော-ယာဉ်ရထားတွေပါ ၊ ရှုပ်ရှက်ခတ်နေသည့်အဖြစ်ကို တွေ့ရမှ....
" ကဲ....လူရှင်းမှဘဲ ပြန်ကွေ့တော့မယ် ၊ ကားကို ဘေးကပ်ရပ်ထားမှဘဲ " ဟုပြောကာ- တင်သည် ကားကလေးကို ၊ ဂျူဘလီဝင်းအ၀ မရောက်တရောက် ၊ ပလက်ဖောင်းဘေးတွင် ရပ်ထားလိုက်လေ၏။
" ကဲ....မထူးပါဘူး ၊ ကားရပ်ထားရမဲ့ အတူတူ ၊ ဂျူဘလီဟောထဲ ခဏ၀င်ကြည့်ရအောင် "
တင်သည် ပြောပြောဆိုဆို ကားပေါ်မှ ဆင်းလိုက်၏။
ဘုရား....ဘုရား....သူမို့လို့ ဤစကား ပြောထွက်ပုံ ရမ်းကားလှတော့၏။ ရိုင်းလေစွ - ရိုင်းလေစွ....။
ဤမျှသော လူထု-လူအုပ်ကြီးသည် ဗိုလ်ချုပ်ရဲ့အဖြစ်ကို အသဲနင့်အောင်ပူဆွေးပြီး ၊ ရိုသေသမှု-အလေးပြုလာကြချိန်ဝယ် ၊ သူမို့သာ ၊ ဤစကားမျိုးပြောရက်လေတော့သည်။ မတော်တဆ သူ့စကားကိုသာ လူထုကြားရလျှင် ၊ ခဲ တလုံးစီနှင့်သာ ၀ိုင်းပေါက်တော့ ၊ သူ့ဂျစ်ကား ပျောက်ပြားသွားနီုင်စရာရှိ၏။
နိုင်ငံရေးကို သူနားလည်ပုံမပေါ် ၊ စီးပွားရေးလည်း သူသိဟန်မရှိ ၊ စီးပွားရေးသိလျှင် ဈေးတိုက်ပွဲအကြောင်းကို သိရမည်။ ဈေးတိုက်ပွဲသိလျှင်-နိုင်ငံရေးလည်း သိရပေမည်။
သို့သော်-တင် ကား ၊ ဘာကိုမျှမသိဟု ဆိုရန်မသင့်။ တခုတော့သူသိသည် ၊ ထိုအသိမှာ - ၀တ်မှု - စားမှု - ကြွားမှု - သာလျှင် ဖြစ်တန်ရာ၏။
ဤ၍-ဤမျှ-မသိသား ဆိုးဝါး၍ ၊ အလိမ္မာ ခေါင်းပါးလှသော တင်လို အထက်တန်းစား မိန်းမပျိုတယောက် ၊ ဗမာပြည်တွင် ရှိနေသေးသည် ဆိုလျှင် ၊ တိုင်းပြည်လူထုသည် ပူမှုတွေကြားထဲမှ ၊ အံ့အားသော်လည်း သင့်ရာ၏။ ဒေါသသော်လည်း ဖြစ်ရာ၏။
သို့သော်....တင်လို မိန်းမမျိုးထက် ၊ အဆပေါင်းများစွာ မိုက်သော ယောက်ျားများလည်း ရှိသေး၏။ ရှေရှေဝေးဝေး တွေးနေစရာမလို ၊ ထိုယောက်ျားများကား....ဗိုလ်ချုပ်တို့အား လုပ်ကြံကြသူ ၊ လူသတ်ကောင်များပင် ဖြစ်တော့သည်။
*********************************
မကြာမှီ တင်နှင့်ရင်သည် ၊ ဧရာမ လူအုပ်ကြီးအား တိုးကာဝှေ့ကာဖြင့် ၊ ဗိုလ်ချုပ်တို့၏ အလောင်းများထားရာ ဂျူဘလီဟောထဲသို့ ရောက်ခဲ့ကြလေသည်။
" သူနာပြု...သူနာပြု.... " ဟူသော အသံများနှင့်အတူ လူထုကြီးသည် ၊ ရုတ်ရုတ်ရက်ရက် ဖြစ်သွားလေ၏။
" ဘာမှမဖြစ်ပါဘူး - စည်းကမ်းသေ၀ပ်ကြပါ။ အလေးပြုမြဲပြုကြပါ ၊ အဒေါ်ကြီးတစ်ယောက် ၀မ်းနည်းလုံးဆို့ပြီးတက်သွားတာပါ ကိစ္စမရှိပါဘူး.... "
ထိုအသံပေါ်လာမှ လူထုလည်း ငြိမ်သွားသည်။
" လာဟေ့ ....ရင်ရေ....ထွက်ကြစို့ .... " ဟု တင်ဆိုသူကပြောကာ ၊ တင်နှင့်ရင်သည် လူအုပ်ကြီးအားဝှေ့ကာ-တိုးကာဖြင့်ပင် ထွက်လာခဲ့ကြလေ၏။
ပတ်ဝန်းကျင် ဘေးပရိသတ်လူထုသည် ၊ သူတို့နှစ်ယောက်အား အများနည်းတူ ဗိုလ်ချုပ်တို့ကို အလေးပြုရန်လာသည်ဟု ထင်လျှင်ထင်ပေမည်။ သို့သော်-ထိုသို့သောထင်ခြင်းကား တက်တက်စင်လွဲတော့၏။
အမှန်စင်စစ် သူတို့နှစ်ယောက်သည် ၊ ဗိုလ်ချုပ်တို့အလောင်းများကို အလေးပြုခဲ့သူများမဟုတ်။ အထူးအဆန်းလို ပြပွဲတမျိုးလို သဘောထား၍လားမသိ ၊ ၀င်ကြည့်ရုံသာကြည့်ပြီး ၊ ပြန်ထွက်ခဲ့ကြသူများသာဖြစ်၏။
ထိုအမိုက်မနှစ်ယောက်သည် ၊ သူတို့ ဂျစ်ကားထားခဲ့သော မူလနေရာရောက်သောအခါ မိမိတို့ဂျစ်ကားကိုမတွေ့ရတော့ဘဲ ၊ မလှမ်းမကမ်းတွင်သာ အခြားဂျစ်ကားတစင်းကိုတွေ့သဖြင့် ဟိုမေးရနိုး-ဒီမေးရနိုးနှင့် အမျိုးမျိုးတွေးနေကြ၏။
" ကိုယ်တို့ဂျစ်ကားတော့ .... လူခိုးသွားပြီထင်တယ်.... "
တင်သည် ဤသို့ပြောရင်း ၊ မျက်လုံးများကလည်း တောင်မြောက်လေးထွေသို့ရှာဖွေသလို ကြည့်နေပြန်၏။ ၁၅-မိနစ်ခန့်ကြာသော်- ကျွီကနဲ ဘရိတ်ဖမ်း၍ ရပ်လိုက်သော ကားသံတခုကို ကြားရသဖြင့် လှည့်ကြည့်လိုက်ကြလေ၏။
ထိုးရပ်လိုက်သောကားမှာ မိမိတို့ဂျစ်ကားဖြစ်နေပြီး မောင်းလာသူမှာ အသက် ၃၅-နှစ်အတွင်းလောက်တွင် ရှိမည်ဟု ခန့်မှန်းရသော ယောက်ျားပျိုတယောက် ဖြစ်နေသည်ကို တွေ့ရလေ၏။
" ဒါ-ခင်ဗျားတို့ကားထင်တယ် ၊ စိတ်မရှိပါနဲ့ဗျာ ၊ ကျုပ်အမေကြီး ခုနဂျူဘလီဟောထဲမှာ ဗိုလ်ချုပ်ကိုအလေးပြုရင်းဆို့ပြီးတက်သွားလို့ ကိစ္စတုံးပြီ အောင့်မေ့တာ ဆေးရုံအရောက်စောလို့သာပေါ့ .... "
ထိုသူသည် တင်နှင့်ရင်ရပ်နေရာသို့ လျှောက်လာပြီး ၊ မျက်နှာချင်းဆိုင်ရပ်ကာ ပြောဆိုတောင်းပန်နေလေ၏။ တင်နှင့်ရင်တို့မှာလည်း တယောက်မျက်နှာ တယောက်ကြည့်ကာကြောင်နေကြ၏။ ဘာမျှ ပြန်မပြောသဖြင့် ထိုလူက ဆက်လက်၍ -
" ခင်ဗျားတို့ကားနောက်ကဂျစ်ဟာ - ကျုပ်ကားပေါ့ ၊ ကျုပ်အမေကို ဆေးရုံသွားပို့လို့ဟာ ရုတ်တရက် စက်နှိုးမရတာနဲ့ တွေ့ရာကားကို ဆွဲယူသွားရတာဘဲ ၊ ဒီနားက ဈေးသယ်တွေတောင် မှာထားခဲ့သေးတယ် ၊ မပြောကြဘူးလား .... "
ထိုလူလည်း ရုတ်တရက် စကားဖြတ်ပြီး ရှပ်အင်္ကျီအိတ်ကိုနှိုက်နေလေ၏။
" ဒီမှာရှင့် .... ကျမကားကို ၊ ကျမ - မသိဘဲ ယူသွားနိုင်သလား " တင်သည်-မျက်နှာထားနှင့်-မေးလိုက်၏။
" အင်း .... ခင်ဗျားမေးတာ လမ်းကျတယ်။ သူတထူးရဲ့ ၊ ပစ္စည်းကို ပိုင်ရှင်ခွင့်မပြုရင် ယူမသွားနိုင်ဘူး .... မှန်တယ် - ဒါပေမယ့် ကျုပ်အမေကြီး ဗိုလ်ချုပ်တို့ကို ၊ အလေးပြုရင်း တက်သွားတာနဲ့ .... "
" ဒါ-ကျမနားမလည်ဘူး ၊ ပိုင်ရှင်မသိဘဲ ယူတာဟာ ခိုးတာဘဲ .... "
တင်သည် ငေါက်ဆတ်ဆတ် ရန်တွေ့နေ၏။
" စိတ်မဆိုးပါနဲ့လေ.... ကျုပ်တောင်းပန်နေတာပါ ၊ ခင်ဗျာ့ကား မကလို့ ... ဘုရင်ခံ့ ကား ဖြစ်ရင်လဲ - အတင်းယူတန်ယူရလိမ့်မယ် ၊ ကျုပ် အမေတော့ အသေမခံနိုင်ဘူး .... "
ထိုသူသည် စကားကိုဖြတ်၍ အိတ်နှိုက်လိုက်ကာ .... " စိတ်မရှိနဲ့ ၊ ရော့ ရော့ ဓါတ်ဆီဘိုး ငွေနှစ်ကျပ် "
တင်သည် ထိုလူလှမ်းပေးနေ သော ငွေကို မယူဘဲ ၊ ထိုလူ၏ မျက်နှာကို မော်ကြည့်လိုက်၏။ ထိုလူ၏ မျက်နှာထားမှာ ပြောင်ချော်ချော်မဟုတ် ၊ ခပ်တည်တည်နှင့်ရှိနေ၏။
" ဒါ - ဘာလဲ လူကိုပြောင်စရာ လှောင်စရာမှတ်နေသလား။ ရှင် ကျမကားကို ဘာလို့ခိုးသွားရသလဲ.... ရှင်-မော်တော်ကားသူခိုး "
တင်သည် လက်ညှိုးငေါက်ငေါက်ထိုး၍ ရန်တွေ့လိုက်သဖြင့် -
" မဟုတ်ပါဘူးဗျာ ၊ ခင်ဗျာ့ ကားကြောင့် လူတစ်ယောက် အသက်ချမ်းသာရာရသွားတယ်ဆိုတော့ ၊ ခင်ဗျားတောင် ကုသိုလ် .... "
" ဒါတွေ...ကျမနားမလည်ဘူး။ ရှင် .... ကားသူခိုး ကားသူခိုး .... "
" ဘာ .... နားမလည်ဘူး ဟုတ်စ ၊ ဒါတွေနားမလည်ရင် လောကကြီး အပြင်ဘက်မှာ သွားနေချည် ၊ လူ့လောကကြီးထဲမှာ နေရင် တယောက်နဲ့တယောက် ယိုင်းပင်းကူညီရတယ် ၊ နားလည်လား "
ထိုလူ ဤသို့ပြောလိုက်သဖြင့် တင်မှာ ကြောင်သွား၏။
" အပျိုချောတိုင်း - အပြောမချိုဘူးဆိုတာ ဒါမျိုးထင်ပါရဲ့ ၊ ကျုပ် ကောင်းကောင်း တောင်းပန်နေတာ .... "
တင်သည် အံကလေးကြိတ်လိုက်၏။
" မတောင်းပန်လို့ - ဘာများလုပ်ချင်သေး သလဲ ၊ ကားသူခိုးက .... "
" တော်တော့ -- ကျုပ်ကို သူခိုး သူခိုးနဲ့ စော်ကားတာ သုံးလေးခါရှိပြီ ၊ နောက်ထပ်မပြောရင်ကောင်းမယ် .... "
ထိုလူ၏မျက်နှာထားသည် တည်သလောက် အသားတွေကလည်း နီလာ၏။
တင်ကလည်း အတော်မာ၏။ လာမယ့်ဘေး- ပြေးတွေ့ရန် ရှေ့တလှမ်းတိုးတဲ့ကာ -
" ပြောတော့ ... ရှင်ကဘာလုပ်မလဲ ... "
" ပါးချလိုက်မှာပေါ့ .... "
ထိုလူ၏အမူအရာမှာ ကလီကမာမဟုတ် ၊ ပြောသလိုလုပ်မည့်အသွင်ဆောင်နေသောကြောင့် ၊ တင်သည် ကြောက်သလိုရွံ့ကာ နောက်ကိုတွန့်သွား၏။ ဘာပြော၍ ဘာလုပ်ရတော့မည် မသိတော့ဘဲ စစ်ကူခေါ်သလိုမျက်နှာထားဖြင့် - ရင်အား လှမ်းကြည့်လိုက်သည့် ခဏတွင် ....
" ဘာလဲ .... ဘာလို့ ၀ိုင်းကြည့်နေကြတာလဲ ၊ ဒါ- လင်မယား ရန်ဖြစ်တာ မဟုတ်ဘူး .... မျောက်ပွဲလဲ မဟုတ်ဘူး .... " ဟူသော-ထိုလူ၏အသံကိုကြားမှ .... တင်ရော-ရင်ပါ-ဘေးတွင်ရပ်၍ ၀ိုင်းအုံကြည့်နေကြသော လူများကို သတိထားမိတော့ကာ....ရှက်သွေးတွေဖြာပြီး ၊ ဘာလုပ်၍ - ဘာကိုင်ရမည်မသိ ရှိနေစဉ် ....
" ကဲ....ကားပေါ်တက်ကြ.... " ဟု ထိုလူကဆိုမှ သတိရတော့ကာ တင်တို့သည် ကားပေါ်တက်၍ စက်နှိုးကွေ့မောင်းထွက်ခွာသွားလေ၏။
မောင်းမည့်သာ မောင်းသွားရသည်။ သတိမှ ရှိလေရဲ့လားမပြောတတ်။ ကားကလေး ရမ်းခါနေသလောက် တင့်စိတ်လည်း ဗရန်းဗတာ ဖြစ်နေလေ၏။
" ဟေ့- သတိထားပြီး ဖြေးဖြေးမောင်းမှပေါ့ "
ထိုအသံကြားမှပင် စောစောက "လူ့ဂွစာ" သည် မိမိတို့ ကားနောက်ပိုင်းတွင် ပါလာကြောင်း သိရသဖြင့် တင်သည် ရုတ်တရက် ကားကို ထိုးရပ်လိုက်လေ၏။
" ရှင်....ရှင် ဘာလို့လိုက်လာရသလဲ.... "
တင်သည် နောက်ပြန်လှည့်ကြည့်ရင်း မေးလိုက်၏။
" ကျုပ်တောင်းပန်တာ ခင်ဗျား မကျေနပ်ဘူး .... ၊ ဒါကြောင့် နောက်ထပ် တောင်းပန်ဘို့ လိုက်လာတာဘဲ.... ဒါမှမဟုတ်လို့ ကားခိုးမှုနဲ့ ဂါတ်ကိုတိုင်ချင်ရင်လဲ ဂါတ်ကိုမောင်း .... ကျုပ်ပါလိုက်မယ်.... "
တင်၏ညိုမဲနေသောမျက်နှာမှာ အလင်းရောင်ဖြာလာ၏။ ပဌမကမူ ပုလိပ်ကိုလည်းသတိမရ ၊ ဂါတ်တိုင်ရန်လည်း သတိမရဘဲ ယခု ထိုလူပြောမှ သတိရကာ ဂါတ်ရောက်မှ အကြောင်းပြလိုက်မည်ဟူသော အငြိုးကလေးဖြင့်.....
" မကျေနပ်ဘူး ၊ ဂါတ်သွားမယ်.... "
တင်က ငေါက်ဆတ်ဆတ် ပြောလိုက်သည်တွင်....
" ဒါဖြင့် ကောင်းပြီ-ဂါတ်ကိုမောင်း.... နေပါဦး ခင်ဗျားမှာ-ကားမောင်းလိုင်စင်ရှိသလား ၊ ဂါတ်ရောက်ရင် ပုလိပ်တွေက မေးလိမ့်မယ်.... "
ထိုလူ ဤသို့မေးလိုက်သည်နှင့် တပြိုင်နက် တင့်မျက်နှာမှ တမျိုးတမည်ပြောင်းလဲသွားကာ ၊ ရင်အား လှမ်းကြည့်လိုက်၏။
" ဟဲ....ဟဲ.... ခင်ဗျားမှာ ကားမောင်းလိုင်စင် မရှိဘူး ကျုပ်သိတယ်.... ပုလိပ်တွေ ၀တ္တရားပေါ့သလောက် ၊ ခင်ဗျားတို့ ( မိန်းမကားမောင်းသူတွေ ) အားကြီးအတင့်ရဲနေကြတာဘဲ။ ကဲလေ-မောင်း-မောင်း-ဂါတ်တဲကို.... "
" ဟင့်အင်း .... ဂါတ်ကို မသွားတော့ဘူး ၊ ရှင့်ကိုလဲ အမှု မလုပ်တော့ဘူး .... "
တင်သည် ပြာပြာသလဲ လက်လျှော့လိုက်၏။
" ဒါဖြင့်-ခင်ဗျားနဲ့ ကျုပ်-ရန်သူလား မိတ်ဆွေလား "
" မိတ်ဆွေ ဆိုပါတော့ .... "
" ဒါနဲ့ နေပါအုံး .... ခင်ဗျားတို့ ဂျူဘလီဟောကို ဘာကိစ္စ လာကြသလဲ "
တင်သည် ရင်အား လှမ်းကြည့်လိုက်သည်။
" သူများနည်းတူ ဗိုလ်ချုပ်တို့ကို အလေးပြုလို့လာတယ်ဆိုရင် ဒီလိုဘဲ ၀တ်စားလာရသလား "
တင်နှင့် ရင်တို့သည် သူတို့ဝတ်လာသော အဘိုးတန် အ၀တ်အစားများကို ငုံ့ကြည့်နေကြ၏။
" ခင်ဗျားတို့ ၀တ်စားလာတာဟာ....တန်ဘိုးမနဲလှဘူး ၊ မျက်နှာကြီး မင်္ဂလာဆောင်ကို လာသလိုဘဲ ၀တ်စားလာတယ်.... "
တင်နှင့်ရင်မှာ ထိုလူအား မော်မကြည့်ရဲဘဲရှိနေကြသည်။
" တချို့ မိန်းမတွေလဲ ရှိသေးတယ် ၊ ဗိုလ်ချုပ်တို့ကို အလေးပြုဘို့လာတာ အ၀တ်အစား အကောင်းဆုံး အဘိုးအတန်ဆုံးကို ၀တ်ပြီး ၊ စိန်တွဲလဲ-ရွှေတွဲလဲနဲ့ .... နှုတ်ခမ်းနီပါးနီ ဆိုးလာတယ်။ ပေါင်ဒါ အဖွေးသား လိမ်းလာတယ် ၊ ဒါဝမ်းနည်းခြင်း အထိမ်းအမှတ်တဲ့လား ၊ အတော်ရိုင်းတဲ့ဟာမတွေ....ထွီ....ခင်ဗျားတို့နှစ်ယောက်လဲ အတူတူဘဲ ၊ ဘယ်လောက်ရှက်စရာကောင်းသလဲ ဟင်...."
တင်နှင့်ရင်သည် မိမိတို့အ၀တ်အစားကို၎င်း ၊ ဘေးတွင်ချထားသော ခေတ်သစ်ဖက်ရှင် ( ပလတ်စတစ် မိုးကာအင်္ကျီ ) ဆင်တူ နှစ်ထည်ကို၎င်း ၊ ကြည့်ကာ ရှက်ကိုးရှက်ကန်းဖြစ်နေကြသည်။
" ခင်ဗျားတို့မိဘတွေသေရင် ဒီလိုဘဲ ၀တ်စားလာမလား ၊ ပေါင်ဒါ အဖွေးသား ရိုက်လာမလား....နှုတ်ခမ်းနီ ပါးနီ ဆိုးလာမလား.... "
ထိုလူ၏အသံမှာ တဖြည်းဖြည်းတုန်လာ၏။
" အခု လူထုရဲ့အလေးပြုခံနေတဲ့ ဗိုလ်ချုပ်ဟာ ကျုပ်တို့ရဲ့ခေါင်းဆောင်....ကျုပ်တို့ရဲ့မိဘဆိုလဲ မမှားဘူး....အဲဒီတော့ ဗိုလ်ချုပ်ကို အလေးပြုဘို့လာရင် ၊ ကိုယ့်မိဘ မသာကို လာသလိုဘဲ ၀တ်စားလာပါ - ခုလိုအပြုအမူတွေကို ရှောင် "
ထိုလူကား ထိုစကားမျှဖြင့် မရပ်သေးဘဲ ဗိုလ်ချုပ်အထ္တုပ္ပတိ ၊ နိုင်ငံရေး ၊ ဈေးတိုက်ပွဲ ၊ ဖ-ဆ-ပ-လ ပါ မကျန် ၊ အဖြေအမေးရောထွေးလုံးပွေကာ နောက်ဆုံး မည်သည့်အခြေရောက်သွားကြသည်မသိ။
" ကောင်းတယ်... ကျုပ် သိပ်ဝမ်းသာတယ် ၊ ခင်ဗျား ကျုပ်ထင်သလောက် နားမဝေးသေးဘူး။ ကဲ.... ပြန်တော့ .... ကျုပ်လဲသွားမယ်... " ဟု ပြောပြောဆိုဆို ကားပေါ်မှ ဆင်းသွားသဖြင့် တင်နှင့် ရင်သည် ထူးဆန်းသော ထိုလူအား တချက်လှည့်ကြည့်ပြီးမှ ကားစက်နှိုး၍ မောင်းထွက်သွားလေ၏။
ထိုလူလည်း မိမိကားဆိုက်ထားရာ ၊ ဂျူဘလီဟောအနီးသို့ ပြန်ရောက်လာပြီး....သူ့ကားကို စက်နှိုးကြည့်၏။ မရ။ ပြုပြင်၏။ စက်ကားမနိုး။ ချွေးအထွက်သာတိုးလာသဖြင့် နီးရာ လဘက်ရေဆိုင်တွင်ဝင်ထိုင်ရင်း လဘက်ရေမှာသောက်နေလေ၏။
ထိုအချိန်၌ လဘက်ရေဆိုင်ထဲတွင် လူလေးငါးယောက်ဝိုင်းဖွဲ့ထိုင်နေကြ၏။ တယောက်က စတင်၍....
" တနင်္ဂနွေနေ့မှာ ကျွန်တော်တို့အဖွဲ့က ဗိုလ်ချုပ်ကို အလေးပြုဘို့ အလှုငွေကောက်ခံတာ ၅၀၀ိ ကျော် ရတယ်။ အထွေထွေစားရိတ် နှုတ်လိုက်တာတောင် ၃၀၀ိ လောက် ပိုမယ်။ အဲဒါ-ဘာလုပ်ရင်ကောင်းမလဲ.... "
ပဌမလူက မေးသည်ကို ဒုတိယလူက....
" ၃၀၀ိ တန် ပန်းခွေလှလှကြီးလုပ်ပြီး အလေးပြုရင် မကောင်းဘူးလား.... " ဟု အကြံပေးသည်တွင် တတိယလူက ....
" အဲဒါဘဲ ကောင်းတယ် " ဟု အားရ၀မ်းသာ ထောက်ခံလိုက်လေ၏။
ထိုစကားကြားလိုက်ရသော "လူ့ဂွစာ" သည် လဘက်ရေသောက်နေရာမှ ထ လာပြီး .....
" ခင်ဗျားတို့ ပြောတာထက်ကောင်းတဲ့နည်းကတော့ အဲဒီပိုနေတဲ့ငွေ ၃၀၀ိ ကို ဗိုလ်ချုပ်တို့ ရန်ပုံငွေထဲထဲ့လိုက်တာ အကောင်းဆုံးဘဲ။ ၃၀၀ိ တန် ပန်းခွေလုပ်လုပ် သုံးထောင်တန်ဘဲလုပ်လုပ် နောက်ဆုံးတော့ အမှိုက်ပုံးထဲရောက်မှာဘဲ.... " ဟု ခပ်တည်တည်ဝင်ပြောလိုက်သဖြင့် ၊ မူလဆွေးနွေးနေသောလူများလည်း ... ထိုလူအား ပြူးကျယ်သော မျက်လုံးများဖြင့် ကြည့်နေကြရာမှ -
" မင်းနဲ့-ဘာဆိုင်သလဲ " ဟု တယောက်က မျက်နှာထားဖြင့် မေးလိုက်သောကြောင့် -
" မဆိုင်လဲ-ပြီးရောပေါ့ .... " ဟု ပြောရင်း .... မိမိနေရာတွင် ပြန်ထိုင်လိုက်သည်တွင် ၊ ထိုလူများလည်း မကြာမီထွက်သွားကြလေ၏။
ထိုအချိန်၌ မိန်းမတသိုက်မှာလည်း ... လဘက်ရေသောက်နေကြသည်။ ထိုအထဲမှ.... ခပ်ကြီးကြီး မိန်းမတယောက်က....
" ဟိုသူငယ် ပြောတာ မှန်တာပေါ့ ၊ ပန်းခွေလုပ်ပြီး အလေးပြုလဲ အမှိုက်ဖြစ်မှာဘဲဥစ္စာ ၊ ရံပုံငွေထဲထဲ့လိုက်တာက ကောင်းအုံးမယ် "
မိန်းမခပ်ငယ်ငယ်တယောက်က ထောက်ခံလိုက်၏။ ခပ်ရွယ်ရွယ် မိန်းမတယောက်ကမူ....
" ဗိုလ်ချုပ်မှ မရှိတော့တာ ဒီရံပုံငွေ ဘယ်မှာသုံးမှာလဲ "
ထိုအသံကြားသည်နှင့် စောစောကလူ ထလာပြန်ကာ အဆိုပါ မိန်းမများထိုင်နေသော စာပွဲတွင်ဝင်ထိုင်လိုက်၏။
" ခုဖွင့်ထားတဲ့ ရံပုံငွေဟာ- ဗိုလ်ချုပ်တို့ မရှိတော့ပေမဲ့ ၊ ဗိုလ်ချုပ်တို့ အပါအ၀င် ကျဆုံးသွားတဲ့ ခေါင်းဆောင်ကြီးတွေရဲ့ .... သားသမီး ဇနီးတွေကို ထောက်ပံ့ဘို့ဖွင့်ထားတဲ့ ရံပုံငွေပေါ့ ၊ ၀န်ကြီးတွေမရှိတော့ဘူး ဆိုပြီး .... သူတို့ရဲ့ သားမယားတွေကို လျစ်လျူရှုထားလို့ ကောင်းပါ့မလား ဒေါ်ဒေါ် .... ခုနေအခါမှာ အဲဒီ ကျဆုံးသွားတဲ့ ခေါင်းဆောင်ကြီးတွေရဲ့ သားသမီး ဇနီးတွေကို အရင်ကထက်ပိုပြီး ဂရုစိုက်ရမယ်။ ဒါကြောင့် ... သူတို့အတွက်ဖွင့်ထားတဲ့ ရံပုံငွေဖြစ်ပါတယ်.... "
မိန်းမအားလုံး ထိုလူ့စကားကို နားစွင့်နေကြသည်။
" ဒါနဲ့- စကားမစပ် (၀န်ကြီးတမတ်-၀န်ကတော်တကျပ်) ဆိုတာ ၊ ကြားဘူးကြပါသလားခင်ဗျား .... "
ထိုလူသည် မိန်းမတသိုက်လုံးကို သိမ်းကြုံးမေးလိုက်သဖြင့် ၊ အားလုံးခေါင်းခါပြကြ၏။
" မကြားဘူး-ဘူး ၊ ဘယ်လိုပါလိမ့် ... "
" ရှေးဗမာဘုရင် လက်ထက်တော်က ၊ ၀န်ကြီးဆိုရင် သြဇာ တန်ခိုး အင်မတန်လွှမ်းမိုး ကြီးကျယ်တယ်ခင်ဗျ ၊ ခုရှိတဲ့ဝန်ကြီးတွေလိုပေါ့ခင်ဗျာ "
မိန်းမတသိုက်ကား ထိုလူ၏စကားတွင် နားစွင့်နေကြ၏။
" အဲဒီ ရှေးတုံးက ၀န်ကြီးတဦးဦးရဲ့ သားသမီးဖြစ်စေ ၊ ၀န်ကြီးကတော်ဖြစ်စေ သေဆုံးတဲ့အခါမှာ ၊ ယိုင်းပင်းတဲ့ အနေနဲ့ ကူငွေထည့်ကြတယ်။ ၅၀၀ိ - ၁၀၀၀ိ စသဖြင့်ပေါ့ခင်ဗျ- ၊ ပြီးတော့ အဲဒီအသုဘဟာလဲ ၀န်ကြီးမျက်နှာနဲ့ အင်မတန်စည်ကားတယ်။ ဒါပေမဲ့ ၀န်ကြီးသာ အရင်သေရင်တော့ ၀န်ကတော် သေသလောက်လဲ ကူငွေမရဘူး စည်လည်းသိပ်မစည်တော့ဘူး .... ၀န်ကတော်သေလို့ ကူငွေ ၁၀၀၀ိ ထည့်မယ်ဆိုရင် .... ၀န်ကြီးသေတဲ့အခါ ၅၀၀ိ - ၃၀၀ိ စသဖြင့် ရော့သွားတယ်။ ဒါ ဘာဖြစ်လို့လဲဆိုတော့ ၀န်ကြီးသေတဲ့အခါမှာ ၀န်ကတော်ဟာ ၀န်ကြီးရာထူးမှမရှိတော့ဘဲကိုး .... "
" အဲ.....အဲ ပြောစမ်းပါဦးကွဲ့ .... "
" ခုခေတ်မှာလဲ ဒီအတိုင်းပေါ့ ၊ ရာရှင်ကိုယ်စားလှည်ရဘို့ကိစ္စ ရာထူးရဘို့ကိစ္စ - နယ်မပြောင်းဘို့ကိစ္စနဲ့ အခြားကိုယ်ကျိုးကိစ္စတွေအတွက် ၀န်ကြီးတွေကို ဖော်လံဖားနေသလောက် ၀န်ကြီးကတော်တွေကိုလဲ မြှောက်စားကြတယ်။ အရေးပေးကြတယ် "
" ဟေ့ .... ၀န်ကြီးတမတ် ၀န်ကတော်တကျပ် ဆိုတာက ဘာကိုပြောတာလဲ မောင်ရင်ရဲ့ "
မိန်းမကြီးတစ်ယောက်က မေးလိုက်သည်။
" ဒီလိုလေ ဒေါ်ဒေါ်ရဲ့ ၊ ခုနက ကျွန်တော်ပြောသလို ရှေးဗမာဘုရင်လက်ထက်က ၀န်ကတော်သေရင် ၀န်ကြီးမျက်နှာနဲ့ ကူငွေ ၁၀၀၀ိ ထဲ့တဲ့လူဟာ ၀န်ကြီးသေတော့ တရာ-နှစ်ရာလောက်ဘဲ ထည့်ကြတော့တယ် ၊ ၀န်ကြီးဆိုတဲ့- မျက်နှာ မရှိကြတော့ဘဲကိုး ၊ ဒါကြောင့် ရှေးပညာရှိတွေက (၀န်ကြီးသေရင်တမတ် ၊ ၀န်ကတော်သေရင်တကျပ်) ရယ်လို့ ဆိုစမှတ် ပြုခဲ့ကြတယ်။ "
" အော်....အော်... "
" ခုခေတ်လဲဒီလိုပေါ့ ၊ ၀န်ကတော်သေသွားတဲ့ ၀န်ကြီးဆိုရင် သိပ်မျက်နှာရှိတယ် ၊ သမက်တော်ချင်တဲ့ လူတွေကရော ကိုယ်ကျိုးရှာသမားတွေကရော ၊ ဟိုက ဘာကူပရစေ ၊ ဒီက ဘာတာဝန်ယူပရစေနဲ့ ၊ ၀န်ကြီးမျက်နှာက ရှိသေးသကိုး ၊ အဲဒီတော့ - ဗိုလ်ချုပ် အစရှိတဲ့ ၀န်ကြီးတွေ ကျဆုံးသွားတဲ့အတွက် ခုနပြောသလို (၀န်ကြီးသေရင်တမတ်) မဖြစ်ရအောင် ၊ ၀န်ကတော်တွေ မျက်နှာမငယ်ရအောင် ကူငွေလဲရော့မသွားအောင် ကိုကြီးနု တို့က သိပ်ဂရုစိုက်ပြီး ရံပုံငွေတွဖွင့် ၊ အစီအစဉ်တွေလုပ်နဲ့ အတော်ခေါင်းရှုပ်နေကြရတယ် ၊ "
" ဒီမှာ.... ဒီမှာ.... "
ထိုလူစကားပြောနေခိုက် အထက်ပါအတိုင်း ခေါ်သံကြားသဖြင့် လှည့်ကြည့်လိုက်ရာ အနက်ရောင်လုံချည်ဆင်တူဝတ်၍ လက်ဝဲလက်တွင်လည်း လက်ပတ်အနက်စည်းထားသော တင်နှင့် ရင်ကိုတွေ့ရသောကြောင့် ထိုလူမှာ အံ့အားသင့်စွာ ထသွားရင်း ၊
" ဟင်....ခင်ဗျားတို့ ပန်းခွေတွေနဲ့ ပါလား " ဟု မေးပြီးငေးကြည့်နေလေ၏။
" ဟုတ်တယ်.... ကျမတို့ လွန်သမျှ ၀န်ချရင်း အလေးပြုဘို့ ချက်ချင်းပြန်လာကြတယ်။ ရှင်နဲ့တွေ့မယ်တောင် မထင်ဘူး ၊ ကျမတို့ကို လိုက်ပို့မလား "
" အေး....ကောင်းတယ်-ကောင်းတယ်-ဒီလိုမှပေါ့ " ဟု ပြောပြီး ထိုလူသည် တင်နှင့် ရင်ကိုခေါ်၍ ဂျူဘလီဟောသို့ လျှောက်သြွးကြလေ၏။
ကျားကူးကျောင်းနှင့် ကပ်လျက် ဂျူဘလီတံခါးဝသို့ရောက်သော် တယောသံလိုလိုကြားရသဖြင့် ထိုလူသည် တယောသံကြားရာဆီသို့ လှမ်းကြည့်လိုက်၏။
တံခါးပေါက်နှင့် မလှမ်းမကမ်းတွင် လူတယောက်သည် တယောကို ချွဲချွဲပြစ်ပြစ် ထိုးနေလျက် အခြား နှစ်ယောက် သုံးယောက်က သီချင်းဆိုနေကြသည်ကိုတွေ့ရသည်နှင့် ထိုလူသည်တယောသမားထံရှောက်သွားလေ၏။
" ဒါ - ဘာသီချင်းလဲ "
ထိုလူက မေးလိုက်၏။
" ဒါ - ဗိုလ်ချုပ်နှင့်တကွ ကျဆုံးသူခေါင်းဆောင်ကြီးများရဲ့ အထ္တုပ္ပတိသီချင်းစာလေ - ၀ယ်ပါလားဗျာ။ တရွက်မှ တမတ်ပါ "
လူတယောက်က အာဝဇ္ဇန်းရွှင်ရွှင်နှင့် ပြန်ပြော၏။ ထိုလူ၏မျက်နှာသည် ချက်ချင်းနီလာ၏။
" ခင်ဗျားတို့ စီးပွားရှာစရာ ဒီလောက်ဘဲရှားသလား ၊ ဒိပြင်နည်းမရှိတော့ဘူးလား။ ခေါင်းဆောင်ကြီးတွေရဲ့ ဓါတ်ပုံတို့-စာအုပ်တို့ရောင်းတာက ဖြေနိုင်စရာရှိသေးတယ် တော်သေးတယ်။ ခုတော့ တတိုင်းပြည်လုံး ပူဆွေးနေရတဲ့ ဈာပနကို ခေါင်းတပ်ပြီး သီချင်းစပ်ရောင်းတာများ အံ့ပါရဲ့ဗျာ.... ခု ကျဆုံးတဲ့ ခေါင်းဆောင်တွေဟာ ကျုပ်တို့ရဲ့ ခေါင်းဆောင်-မိဘဆိုလဲ ဟုတ်တယ်။ တကယ်လို့ ခင်ဗျားမိဘတွေသေရင် ဒီလိုဘဲ တယောကလေးနဲ့ ........... "
ထိုလူ့စကား မဆုံမှီ " ခွပ် " ခနဲ အသံတခုထွ့်ပေါ်လာပြီး ထိုလူမှာ ပုံရက်သားလဲကျသွားလေ၏။ လူတွေလည်း ရုတ်ရုတ်ရက်ရက် ဖြစ်သွားတော့၏။ ထိုလူစကား စပြောစဉ်ကတဲက လူအုပ်မှာ တဖြည်းဖြည်းများလာပြီး ထိုလူအုပ်ထဲမှ မည်သူဝင်ရိုက်သွားသည် မသိလိုက်ရဘဲ ထိုလူသာလျှင် ခေါင်းကွဲ လဲကျသွားတော့ကာ နောက်ဆုံး၌ အမြင်မတော်သည်ကိုတွေ့တိုင်း ဘွင်းဘွင်းရှင်းရှင်း ပြောတတ်သော [ထိုလူ]အား တင်နှင့် ရင်တို့ ဂျစ်ကားနှင့်ပင် ဆေးရုံသို့ ပို့လိုက်ရလေတော့သတည်း။
ပြီး၏။
သာဓု
သွေးသောက်မဂ္ဂဇင်း ၊ အမှတ် ၂၂ ၊ ( ၁၉၄၇ ခုနှစ် )

သားများကား - ဤမျှနှင့် မကျေနပ်သေး --
" ဖေဖေ့ .... အမှာစာဖြစ်ဖြစ် နိဂုံးဖြစ်ဖြစ်-တခုခုလုပ်ပါအုံး "
သို့ပြောလာချေသေးသည်နှင့် အောက်ပါအတိုင်း တိုတိုတုတ်၍ နိဂုံးချုပ်ပေးလိုက်ရသောဟူသတည်း။
" သူတို့သိပါတယ်ကွာ -- "
သာဓု ( ၂၂ - ၇ - ၇၆ )

No comments:
Post a Comment
mr.kyaingtun@gmail.com