Thursday, July 18, 2013

အချောင်သမား ဆိုသည်မှာ... July 18, 2013 at 12:38am

ဒင်းလိုလူစား သတိထားဟေ့

သူဟာ ကိုလိုနီခေတ်က တောနယ်လေးတခုမှာ မွေးဖွားကြီးပြင်းလာခဲ့ပြီးအင်္ဂလိပ်ခေတ် ၇ တန်းအောင်တယ်လို့ ဆိုပါ တယ်။ ဒါပေမဲ့ အိန္ဒိယနိုင်ငံ ကလကတ္တားကိုသွား အင်္ဂလိပ်စာသင်ခဲ့ပြီးနောက်အသက် ၂၇ နှစ်မှာ အောက်တန်း ရှေ့နေစာမေးပွဲ ဝင်ဖြေတာအောင်လို့ ရှေ့နေလုပ်ခဲ့ပါတယ်။ အင်မတန်ရဲတင်းပြီးရည်မှန်းချက်ကြီးလှတဲ့ ဒီလူဟာ တဖက်ကရှေ့နေလုပ်ရင်း နိုင်ငံရေးနယ် မီဒီယာနယ်တွေထဲ ထိုးဖောက်ခြေကုတ်ယူခဲ့ပါတယ်။သူရိယသတင်းစာတိုက် ရှယ်ယာတွေကို ဝယ်ယူခဲ့ပါတယ်။

သူဟာ အဲဒီကာလက အဓိကအတိုက်အခံ အမျိုးသားရေးအဖွဲ့ကြီးဖြစ်တဲ့ဂျီစီဘီအေ ဝံသာနုအဖွဲ့ကြီးထဲ ဝင်ပါခဲ့ပြီး ၁၉၂၂ ခုမှာ ဂျီစီဘီအေကွဲတော့ ၂၁ ဦးအဖွဲ့ဘက်ပါခဲ့ပါတယ်။ ၁၉၂၅ ပထမအကြိမ် ဒိုင်အာခီရွေးကောက်ပွဲမှာ ဝင်ပြိုင်ခဲ့ပေမဲ့ အရွေးမခံရပါ။သူ့အသက် ၂၇ နှစ်အရွယ် ၁၉၂၇ ခုနှစ် ဒုတိယအကြိမ် ဒိုင်အာခီရွေးကောက်ပွဲမှာတော့ သာယာဝတီတောင်ပိုင်းမဲဆန္ဒနယ်ကနေဥပဒေပြုလွှတ်တော်အမတ်အဖြစ် အရွေးခံရပါတယ်။ ၁၉၂၉ ခုမှာလည်း တတိယအကြိမ်ဒိုင်အာခီရွေးကောက်ပွဲမှာထပ်နိုင်ခဲ့ပါတယ်။ သာယာဝတီမြို့မ ဝံသာနုကောင်စီမှာလည်း အတွင်းရေး မှူးအဖြစ်နဲ့ နယ်ချဲဆန့်ကျင်ရေးနိုင်ငံရေးလှုပ်ရှားမှုတွေ လုပ်ခဲ့ပါတယ်။ ၁၉၃၆ ရွေးကောက်ပွဲမှာတော့ ဟင်္သာတ မြောက်ပိုင်းအမတ်အဖြစ်အရွေးခံခဲ့ရပါတယ်။



၁၉၃၁ သြဂုတ်လမှာ လယ်သမားသူပုန်ခေါင်းဆောင် ဆရာစံကို အင်္ဂလိပ်တွေဖမ်းမိတဲ့အခါသူဟာ ဆရာစံဘက်က ရှေ့နေလိုက်ပေးခဲ့ပါတယ်။ အင်္ဂလိပ်နယ်ချဲ့အစိုးရအရာရှိတွေ၊ စစ်တပ်တွေ၊ပန်ချာပီပုလိပ်တွေဟာ ပုန်ကန်သူတွေ ကို ရက်ရက်စက်စက်နှိပ်ကွပ်ခဲ့တယ်လို့ အင်္ဂလိပ်အစိုးရဆီအိတ်ဖွင့်ပေးစာတစောင် ရေးခဲ့ပါတယ်။ "၁၉၃၀-၃၁ ခုနှစ် မြန်မာပြည်အရေး" ဆိုတဲ့နာမည်နဲ့အင်္ဂလိပ်လိုစာအုပ်တအုပ်ရေးပြီး နိုင်ငံခြားပို့တဲ့အခါ အင်္ဂလိပ်အစိုးရက ပိတ်ပစ်တာ ခံရပါတယ်။ဒါဟာ ပုဒ်မ ၁၂၄(က) နဲ့ငြိစွန်းနေတယ်လို့လည်း သတိပေးခံရပါတယ်။ သူဟာ ဥပဒေပြုလွှတ်တော်ထဲမှာလည်း ဆရာစံသူပုန်ထမှုနဲ့ပတ်သက်ပြီး အင်္ဂလိပ်အစိုးရရဲ့ အရေးယူကိုင်တွယ်မှုတွေကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့လို့ ပြည်ထဲရေးအတွင်းဝန် မစ္စတာ ဘုသ်ဂရေ့ဗလီ က "မောင်မင်း ဂဠုန်ဖြစ်လာပြီ"လို့ ဝေဖန်ခဲ့ပါတယ်။

၁၉၃၅ မေလမှာတော့ သူဟာ မီဒီယာကိုယ်စားလှယ်အဖြစ် ဂျပန်နိုင်ငံကိုသွားပြီးအဆာဟိရှင်ဘွန်းသတင်းစာတိုက်မှာ မီဒီယာလုပ်ငန်း နဲ့ နိုင်ငံရေးလုပ်ငန်းတွေ လေ့လာခဲ့ပါတယ်။အပြန်မှာ ကိုးရီးယား၊ တရုတ်၊ ထိုင်း၊ မလေးရှားနိုင်ငံ တွေဝင်ပြီး နိုင်ငံရေးလေ့လာခဲ့ပါသေးတယ်။ဗမာပြည်ပြန်ရောက်ပြီးတော့ သူရိယသတင်းစာတိုက်ရှယ်ယာတွေ ထပ်ဝယ်ပြီး ၁၉၃၆ ခုမှာ သူရိယတိုက်ဒါရိုက်တာဘုတ်အဖွဲ့ဝင် ဖြစ်လာပါတယ်။ နောက် ၂ နှစ်အကြာမှာ အယ်ဒီတာ ချုပ်ဖြစ်လာပြီး သတင်းစာမူဝါဒကိုကြိုးကိုင်နိုင်ခဲ့ပါတယ်။

သူဟာ ဆရာစံသူပုန်ဘက်ကရပ်တည်လို့ နာမည်ထင်ရှားလာတဲ့နောက် ၁၉၃၆ခုမှာ ဂဠုန်စစ်သူကြီး ဘွဲ့ခံယူပြီး ဝါးရင်း တုတ်ကိုင်ဂဠုန်တပ်ရဲ့ ဗိုလ်ချုပ်ရာထူး ယူခဲ့ပါတယ်။၁၉၃၆ ခုမှာဘဲ ကိုအောင်ဆန်း၊ ကိုနုတို့ ခေါင်းဆောင်တဲ့ ဒုတိယ ကျောင်းသားသပိတ် ဖြစ်တဲ့အခါကျောင်းသားတွေနဲ့ ရင်းနှီးမှုရအောင်လည်း ကြိုးစားခဲ့ပါတယ်။ တက္ကသိုလ်သမဂ္ဂ အဆောက်အဦးမှာအင်္ဂလိပ်စာ ကျွမ်းကျင်လှတဲ့ စိန်ပေါကျောင်းထွက် တက္ကသိုလ်ဘွဲ့ရ ဘိလပ်ပြန်ဒေါက်တာဘမော်နဲ့ကျောင်းသားတွေရှေ့မှောက် အင်္ဂလိပ်လိုစကားရည်လုပွဲ လုပ်ခဲ့ရာမှာ ၇ တန်းဘဲအောင်တဲ့သူ့ကိုကျောင်းသားတွေက ထောက်ခံအားပေးခဲ့ပါတယ်။

ဒီနောက်မှာ သူဟာ ၁၉၃၈ ခု မတ်လမှာ မျိုးချစ်ပါတီကို တည်ထောင်ခဲ့ပါတယ်။၁၉၃၈ သြဂုတ်လ အောက်လွှတ်တော် အစည်းအဝေးမှာ ဒေါက်တာဗမော်အစိုးရကို အယုံအကြည်မရှိအဆိုတင်သွင်းခဲ့တာမအောင်မြင်ခဲ့ပါ။ ရေနံမြေအလုပ် သမားသပိတ်၊ တတိယကျောင်းသားသပိတ်တွေ ဖြစ်ခဲ့တဲ့ ၁၃၀၀ပြည့်အရေးတော်ပုံကာလ ၁၉၃၈ ဒီဇင်ဘာလထဲမှာ မျိုးချစ်ပါတီဝင်တွေ၊ ဂဠုန်တပ်ဖွဲ့ဝင်တွေနဲ့ရွှေတိဂုံဘုရားခြေရင်းမှာ ကျောင်းသား-အလုပ်သမား ထောက်ခံရေး အာဏာဖီဆန်မှုလုပ်လို့ အင်္ဂလိပ်အစိုးရရဲ့ခေတ္တဖမ်းဆီးထိန်းသိမ်းမှုခံရပါတယ်။ ၁၉၃၉ ဖေဖော်ဝါရီ လွှတ်တော် အစည်းအဝေးမှာတော့ ကျောင်းသား၊အလုပ်သမား၊ လယ်သမားတွေကို ဖိနှိပ်တဲ့ ဒေါက်တာဘမော်အစိုးရကို သူ ဦးဆောင်ပြီး အယုံအကြည်မရှိအဆိုသွင်းဖြုတ်ချနိုင်ခဲ့ပါတယ်။

သူဟာ ၁၉၄၀ စက်တင်ဘာလမှာ ဝန်ကြီးချုပ်ဖြစ်လာပြီးနောက်၊ ဗမာပြည်ကိုသတင်းစာဆရာပုံစံနဲ့ လာထောက်လှမ်း တဲ့ ကာနယ်ဆူဇူးကီး (ဗိုလ်မိုးကြိုး) ကိုခေါ်တွေ့ပြီးဗမာ့လွတ်လပ်ရေးတိုက်ပွဲအတွက် ဂျပန်နိုင်ငံဆီက လက်နက် ခဲယမ်း ပစ္စည်း ငွေကြေးအပါအဝင်စစ်ကူရနိုင်မလား မေးခဲ့ပါတယ်။

၁၉၄၁ အောက်တိုဘာလမှာ သူဟာ အင်္ဂလန်နိုင်ငံကိုသွား၊ ဝန်ကြီးချုပ်ချာချီနဲ့တွေ့ဆုံပြီး ဒုတိယကမ္ဘာစစ်ပြီးရင် ဗမာပြည်ကို လွတ်လပ်ရေး (ဒိုမီနီယံ ကိုယ်ပိုင်အုပ်ချုပ်ရေး)ပေးဖို့ အဓိကဆွေးနွေးတောင်းဆိုခဲ့ပေမဲ့ ချာချီက ပယ်ချခဲ့ ပါတယ်။ ဒါကြောင့် အင်္ဂလန်ကအပြန်ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့မှာ ဂျပန်ကောင်စစ်ဝန်နဲ့ လျှို့ဝှက်ဆက်သွယ်ပြီး ဗမာပြည်လွတ်လပ်ရေးရမယ်ဆိုရင် ဂျပန်ရဲ့စစ်ရေးလှုပ်ရှားမှုကို ကူညီမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။ဒီလိုဆက်သွယ် ဆောင်ရွက်ခဲ့တာကို အင်္ဂလိပ်ကသိသွားလို့ ၁၉၄၁ ဒီဇင်ဘာလမှာ ပါလက်စတိုင်းနိုင်ငံ(အခု အဇ္ဇရေးနိုင်ငံ) ဟိုင်ဖာမြို့ မှာ အဖမ်းခံခဲ့ရပြီး ဒုတိယကမ္ဘာစစ်ကာလတလျှောက်လုံးအာဖရိကတိုက် ယူဂန္ဓာနိုင်ငံမှာ အကျယ်ချုပ်နေခဲ့ရပါတယ်။ စစ်ကြီးပြီးလို့ ၁၉၄၆ ဇန်နဝါရီလကျမှအင်္ဂလိပ်အစိုးရ ပြန်လွှတ်ပေးလိုက်ပါတယ်။

အခုဖော်ပြခဲ့တဲ့ ကိုယ်ရေးမှတ်တမ်းကိုကြည့်လိုက်ရင် ဒီလူဟာမြန်မာပြည်လွတ်လပ်ရေးအတွက် တောက်လျှောက် အားကြိုးမာန်တက် ဇွဲနဘဲနဲ့လုပ်ခဲ့တဲ့ မျိုးချစ်နိုင်ငံရေးသမားတော်လှန်ရေးသမားလို့ ထင်စရာပါဘဲ။ ဒါပေမဲ့ ဒီလူဟာ ဂဠုံဦးစော ဖြစ်ပါတယ်။ အပေါ်ယံရွှေမှုန့်တွေကိုဖယ်ကြည့်လိုက်ရင် သူဟာ အာဏာ၊ စည်းစိမ်ချမ်းသာနဲ့ ကျော်ကြား ထင်ရှားမှုကိုသာ တသက်လုံးအာသာငမ်းငမ်းတက် လိုက်စားခဲ့တာ မြင်နိုင်ပါတယ်။ သူလုပ်သမျှတွေဟာ မျိုးချစ် ပုဂ္ဂိုလ်အဖြစ်ပြည်သူလူထုက အထင်ကြီးအောင်၊ မဲရအောင် နိုင်ငံရေးစတန့်ထွင် လှည့်စားပြနေခဲ့တာ ဖြစ်ပါတယ်။နောက်ဆုံးမှာ အမျိုးသားခေါင်းဆောင် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို နယ်ချဲ့အလိုကျလုပ်ကြံသတ် ဖြတ်ခဲ့လို့ ကြိုးစင်တက် ဘဝဆုံးသွားခဲ့တာ အားလုံးအသိဖြစ်ပါတယ်။ 



ဗိုလ်ချုပ်အောင်ဆန်းကိုလုပ်ကြံမှုနဲ့ တရားရုံးထုတ်တဲ့အခါ သူဟာ၅ တန်းဘဲအောင်တယ်လို့ တရားသူကြီးရှေ့မှာ ဝန်ခံ ခဲ့ပါတယ်။ ဝံသာနုဂျီစီဘီအေထဲ ဝင်လုပ်ခဲ့ပေမဲ့ကွဲကြပြဲကြတဲ့အခါ ၂၁ ဦးဆိုတဲ့ အင်္ဂလိပ်နယ်ချဲ့နဲ့စေ့စပ် အပေးအယူ လုပ်ချင်တဲ့ ရာထူးအာဏာငမ်းငမ်းတက်အုပ်စုဘက်ပါခဲ့ပါတယ်။ အင်္ဂလိပ်ကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး ဘူး အသင်းတွေတည်ထောင် အာဏာဖီဆန်ခဲ့တဲ့ဦးစိုးသိမ်း-ဦးချစ်လှိုင် ဂျီစီဘီအေဘက်ကို မပါခဲ့ပါဘူး။

ဗမာလူထုရဲ့အသဲနှလုံးကို ဆရာစံက သိမ်းကျုံးယူနိုင်တဲ့အခါကျတော့ဦးစောဟာ ဂဠုံသူပုန်တွေဘက်က အာဘောင် အာရင်းသန်သန်နဲ့ ပါခဲ့ပါတယ်။ ဒါပေမဲ့ လက်နက်ကိုင်တော်လှန်ရေးအားသန်သလိုလိုအယောင်ပြပြီး သူတည်ထောင် ခဲ့တဲ့ ဂဠုန်တပ်ဟာ သိတ်မကြာခင်မှာဘဲ ဒို့ဗမာအစည်းအရုံးဝင်သခင်တွေကိုဝါးရင်းတုတ်နဲ့ ရိုက်တာတွေဘဲ လုပ်ခဲ့ပါ တယ်။ ဒီမိုကရေစီကို ယုံကြည်လှပါတယ် ဆိုတဲ့ ဒီပုဂ္ဂိုလ်ကြီးဟာဒေါက်တာဘမော်၊ ဦးဘဦး၊ ဦးဘဖေ (ဦးစောရဲ့ ဆရာ၊ ၂၁ ဦးဂျီစီဘီအေ ခေါင်းဆောင်) တို့ကိုဖမ်းဆီးထောင်ချခဲ့ပါတယ်။ သခင်တွေ ကျောင်းသားတွေ ထောင်ကျ တာ သူအာဏာရချိန်မှာ အများဆုံးဖြစ်ပါတယ်။မျိုးချစ်စိတ်ထက်သန်လှပါတယ် ဆိုတဲ့ ဦးစောဟာ "လယ်သမား ဖိုးရွှေလုံးညည်းချင်း""သခင်ဋီကာ" စာအုပ်တွေထုတ်ပြီး ဒို့ဗမာအစည်းအရုံးကို သိက္ခာချခဲ့ပါတယ်။ ဒါကြောင့်ဦးစော ဝန်ကြီးချုပ် ဖြစ်ချိန်မှာ ကျောင်းသားတွေက လွှတ်တော်အပြင်ကနေ သံပုံးတီးတောထုတ်ခဲ့ပါတယ်။

၁၉၄၆ စက်တင်ဘာမှာ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့အစိုးရတက်လာချိန်မှာဗိုလ်ချုပ်က သူ့ကိုဝန်ကြီးရာထူး ပေးခဲ့ ပါတယ်။ ဒါပေမဲ့ မျိုးချစ်စိတ်ပြင်းထန်လှပါတယ်၊လွတ်လပ်ရေးအတွက် စိတ်အားထက်သန်လှပါတယ် ဆိုတဲ့ ဂဠုံ ဦးစောဟာ အောင်ဆန်း-အက်တလီစာချုပ်ချုပ်တဲ့အခါ လက်မှတ်မထိုးဘဲ ၁၉၃၅ အက်ဥပဒေ (၉၁ ဌာနအုပ်ချုပ်ရေး) ကိုဘဲလိုလားတယ်လို့နယ်ချဲ့အင်္ဂလိပ်အကြိုက် လိုက်ပြောပြန်ပါတယ်။ ဒီလိုနဲ့ ၁၉၄၇ ဖေဖော်ဝါရီမှာ ဝန်ကြီးရာထူးကထွက်ပြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဏာရဖဆပလအဖွဲ့ချုပ်ကို အတိအလင်းဆန့်ကျင်လာခဲ့ပါတယ်။

လူမှုရေးပိုင်းကိုကြည့်ရင် ဂဠုံဦးစောဟာ မိန်းမကိစ္စဘက်မှာ မယားကြီးရှိနေပေမဲ့သမီးကိုစာသင်ပေးတဲ့ ဆရာမနဲ့ ရှုပ်ခဲ့ တာ၊ ရုပ်ရှင်မင်းသမီးပေါက်စနဲ့ရှုပ်ခဲ့တာ၊ ယူဂန္ဓာနိုင်ငံမှာအကျယ်ချုပ်ကျနေတုံး ဂျာမန်မတယောက်နဲ့ ညားခဲ့တာ၊ ဗမာပြည်ပြန်ရောက်ပြီးတော့ (၁၀ နှစ်သမီးကတည်းကအိမ်မှာခေါ်ထားခဲ့တဲ့) ၁၉ နှစ်အရွယ် တောင်တွင်းကြီးသူ အိမ်ဖော်မလေးနဲ့ ကလေးတယောက်ရတဲ့အထိ သောင်းကျန်းခဲ့တာတွေရှိခဲ့ပါတယ်။ ဒီ ၃ ယောက်ကတော့ မီဒီယာတွေထဲ ဟိုးလေးတကြော်ဖြစ်လာခဲ့ပေမဲ့သူဖျက်ဆီးခဲ့တဲ့ တခြားမိန်းကလေးငယ်တွေ အများကြီးရှိပါသေး တယ်။ (သံသယရှိစရာက ဦးစောရဲ့ကျန်ရစ်သူမိသားစုတွေကို ဗိုလ်နေဝင်းက စောင့်ရှောက် ကြည့်ရှုပေးခဲ့ပြီး ဂဠုံ စောသမီးနဲ့မြေးတွေကို စစ်တိုင်းမှူးတွေ စစ်ဗိုလ်ကြီးတွေက အရေးကြီးပုဂ္ဂိုလ်အဖြစ် အရေးပေးဆက်ဆံခဲ့ရပါတယ်။)

ဒီအချက်တွေကို သမိုင်းလှန်နေရတာက ဒီကနေ့မှာလည်း ဂဠုံဦးစောလိုလူမြင်ကောင်းအောင် ဟိတ်ဟန်ထုတ် ညာဝါး လှည့်ဖျားပြီး ရာထူးအာဏာ ချမ်းသာစည်းစိမ် ဂုဏ်ရှိန်ကျော်ကြားမှုသုံးမျိုးစလုံးကိုဖြစ်စေ၊ တမျိုး သို့မဟုတ် နှစ်မျိုးကို ဖြစ်စေ သဲကြီးမဲကြီးလိုက်နေသူတွေပြည်တွင်း ပြည်ပ တော်လှန်ရေးအဝန်းအဝိုင်း အတိုက်အခံအဝန်းအဝိုင်းထဲ ရှိနေ တဲ့အတွက် အားလုံးကိုတပ်လှန့်တဲ့အနေနဲ့ဂဠုံဦးစောအကြောင်း ဖော်ပြလိုက်တာဖြစ်ပါတယ်။

ဂဠုံဦးစောခေတ်တုံးက သူဘယ်လိုဘဲ ဟန်ဆောင်လုပ်ပြခဲ့ပေမဲ့ အင်မတန်ရိုးသားဖြောင့်မတ်အနစ်နာခံပြီး တိုင်းပြည် အတွက် တကယ်စွန့်လွှတ်စွန့်စားတဲ့ ဗိုလ်ချုပ်အောင်ဆန်းကရှိနေတော့ဘယ်လိုမှယှဉ်မရ နေရာမရခဲ့ပါဘူး။ ဒါကြောင့်လည်း နောက်ဆုံးမှာ မိုက်မိုက်ရိုင်းရိုင်းနဲ့လုပ်ကြံသတ်ဖြတ် နေရာလုဖို့ ကြံခဲ့တာဖြစ်ပါတယ်။ အခုခေတ် မှာလည်း ပြည်တွင်းမှာ ဒေါ်အောင်ဆန်းစုကြည် ကိုအယောင်ဆောင်တော်လှန်ရေးသမားတွေ အယောင်ဆောင် အတိုက်အခံတွေက ယှဉ်မရနိုင်လို့ စစ်အာဏာရှင်နဲ့ပေါင်းပြီးယုတ်မာပက်စက်တာတွေလုပ်နိုင်သလို ဒေါ်အောင်ဆန်း စုကြည်နဲ့ဝေးတဲ့ ပြည်ပအတိုက်အခံနယ်ပယ်မှာလည်းဂဠုံစောလို အယောင်ဆောင်တော်လှန်ရေးသမားတွေ၊ အရေခြုံ ဒီမိုကရေစီသမားတွေ၊ အာဏာရူးတိုင်းရင်းသားခေါင်းဆောင်တွေလူတွင်ကျယ်လုပ် ဖြီးဖြန်းလုပ်စားပြီး တော်လှန်ရေး ကို ဖျက်ဆီးနေနိုင်ပါတယ်။ ဘယ်လိုဘဲဖြစ်ဖြစ်ပြည်ပမှာရော ပြည်တွင်း အတိုက်အခံနယ်ပယ်မှာပါ ဒင်းလိုလူစား သတိထားပြီး ပြတ်ပြတ်သားသားနှိမ်နင်းကြဖို့အကျိုးမျှော်၍ နှိုးဆော်လိုက်ရပါတယ်။

ဂါမဏိ
(မည်သူ့ကိုမျှမရည်ရွယ်ပါ။ တိုက်ဆိုင်မှုရှိလျှင် ခွင့်လွှတ်ရန်မလို။)


(၂၀၁၀ ဇူလိုင်လက ခေတ်ပြိုင်အွန်လိုင်းစာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။)

No comments:

Post a Comment

mr.kyaingtun@gmail.com