သမိုင်း
ကို ပြန်ဖတ်ရင် ကိုလိုနီအောက်မှာ ဒူးထောက်ပြီး အမှုထမ်းခဲ့တဲ့ မင်းလက်ဝါး
လို လူမျိုးတွေနဲ့၊ လုံးဝ ဒူးမထောက်ဘဲ သေတဲ့ထိ နေသွားတဲ့သူတွေ၊
အကြိမ်ကြိမ်အလီလီ တော်လှန် မအောင်မြင်တော့ ကျွန်ဘ၀မှာတော့ မနေဘူး ဆိုပြီး
တရုတ်ပြည်မှာ ခိုလှုံလို့ လွတ်လပ်ရေးရမှ ပြန်လာတဲ့ ၀န်းသိုစော်ဘွားကြီး
ဦးအောင်မြတ် လို လူမျိုး . .
အမျိုးမျိုး အလီလီ၊
ကုန်းဘောင်ခေတ်က အင်ဂျင်နီယာ (သို့မဟုတ်) ဖန်ချက်ဝန်ဦးရွှေအိုး
ကုန်းဘောင်ခေတ်နှောင်းပိုင်းမှာ
အမြော်အမြင်ရှိတဲ့ မြန်မာခေါင်းဆောင်တွေဟာ ခေတ်မီနိုင်ငံတစ်ခု တည်ဆောက်နိုင်ဖို့အတွက် အနောက်နိုင်ငံများကို ပညာတော်သင်အများအပြားစေလွှတ်ခဲ့ပါတယ်။
စေလွှတ်ခဲ့တဲ့ပညာတော်သင်တွေအနက် ဖန်ချက်ဝန်ဦးရွှေအိုးဆိုတာ ကျွန်တော်တို့ နှောင်းလူတွေ နားအယဉ်ဆုံးနာမည်ဖြစ်မယ် ထင်ပါရဲ့။
ဦးရွှေအိုးကို ၁၊ မတ်၊ ၁၈၃၆မှာ ရွှေဘိုခရိုင်၊ ကျောက်မြောင်းမြို့အပိုင် နွယ်ငြိမ်းရွာမှာ ဖွားမြင်ခဲ့ပါတယ်။
အရွယ်ရောက်လာတဲ့အခါ နန်းတွင်းမှာ ၀င်ရောက်အမှုထမ်းနေစဉ် အသက်၁၈နှစ်အရွယ်မှာ
ကနောင်မင်းသားကြီးရဲ့ စီမံကိန်းအရ ကာလကတ္တားကို ပညာတော်သင်ငါးဦးစေလွှတ်ရာမှ
ပါဝင်ခဲ့ပါတယ်။
ဦးရွှေအိုးတို့ဟာ ကာလကတ္တားက ဒိုရေတန်ကောလိပ်မှာ
သိပ္ပံပညာရပ်များကို တစ်နှစ်ခွဲကြာ သင်ယူခဲ့ပြီးတဲ့နောက် မြန်မာနိုင်ငံကို
ပြန်လာခဲ့ကြပါတယ်။
ကံအားလျော်စွာနဲ့ပဲ သူတို့ဟာ အပြန်လမ်းမှာ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးရဲ့ လူယုံတော် ကောင့်ဟင်နရီ ဒီဆာဆေနဲ့ ရင်းနှီးခဲ့ပြီး နေပြည်တော်ကို ခေါ်ဆောင်လာခဲ့ပါတယ်။