Thursday, April 19, 2012

ငါ့ဖက်မှာ တစ်ယောက်တော့ရှိတယ် (မြင့်သန်း)

ဘာစိတ်ကူးရလို့ရယ်တော့ မသိဘူး။ ကျောင်းမှာ စာသင်သားတွေ၊ စာချတွေ ပါးနေတုန်း ဆွမ်းစားဆောင်ဖက် ရေနံလေးဘာလေး ပြန်သုတ်ထားပြီး၊ ကုဋီအသစ်၊ အိမ်သာအသစ်၊ အပိုတစ်လုံး၊ နှစ်လုံးလောက်ဆောက်ထားရင် ကောင်းမယ်လို့ ဆရာတော်ကြီးက မိန့်တယ်။ ကောင်းပါသဘုရာ့လို့ လက်အုပ်ကလေး အသာချီရင်း တိုက်အုပ်ကတော့ ဖြေရုံပဲ။ ဆရာသမားဆီက၊ လူကြီးဆီက ထွက်လာတဲ့အကြံဆိုတာကို မကောင်းဘူးလို့ပြောလို့ ဘယ်ဖြစ်မှာတုန်း။ အကြံကောင်းဉာဏ်ကောင်း စိတ်ကူးကောင်းကောင်း ဆိုတာမျိုးကလည်း လူကြီးသူမတွေဆီကမှ အထွက်များတာမဟုတ်လား။ အဓိကကတော့ လူကြီးသူမတွေဆီမှာ စဉ်းစားစရာအချိန်တွေ ပိုနေလို့ပဲဖြစ်မယ်။ အချိန်ပိုလို့တင်တော့လည်း မဟုတ်ဘူး။ တခြား ထူးထူးထွေထွေ တွေးနေစရာမှ မရှိဘဲကိုး။ ထူးထူးထွေထွေ တွေးစရာ မရှိမှလည်း တွေးစရာဆိုတာက ကောင်းကောင်းလေးတွေ ပေါ်လာနိုင်တာ။ ထမင်းဆာနေရင်၊ ရှူရှူပေါက်ချင်ရင်၊ ယုတ်စွအဆုံး ယောက္ခမကို ကြောက်နေရင်တောင် အတွေးကောင်းကောင်း စိတ်ကူးကောင်းကောင်း ဘယ်ပေါ်နိုင်မှာလဲ။ ဒါကြောင့်လည်း တိုက်အုပ်နဲ့ ဆရာတော်ကြီးတို့ ကွာကြတာ။ တိုက်အုပ်အနေနဲ့ကတော့ စိတ်ကူးကောင်းကောင်းရဖို့ အချိန်လည်းမရှိဘူး။ ရစရာအကြောင်းလည်း မရှိဘူး။ တင်ပါ့ဘုရားလို့ နှုတ်က အာမခံလိုက်မိတာနဲ့ နောက်တစ်ဆင့်ကတော့ ဒီကိစ္စ ဘယ်သူနဲ့တိုင်ပင်ပြီး ဘယ်အကောင်တွေ ခေါ်ရမယ်ဆိုတာ ဆက်စဉ်းစားရတော့တာပဲ။ ဒီလိုစဉ်းစားတယ်ဆိုတာက တိုက်အုပ် ကျွမ်းကျင်တဲ့ အတတ်ပညာထဲက တစ်မျိုးလို့တောင် ပြောရလိမ့်မယ်။ ခိုင်းတတ်ရင် ပတတ်တောင် ဖွတ်ဖြစ်ခိုင်းလို့ရတယ်လို့ ဆိုကြသမို့လား။ တိုက်အုပ်ကတော့ သူ့တကာတွေကို ငါ့ကိုတော့ဖြင့် ကူကြဦးဆိုတာမျိုးမဟုတ်ရင် ငါ့ကို အကြံလေးဘာလေး ပေးကြစမ်းပါဆိုတာမျိုး ပြောလေ့ရှိတယ်။ တကယ်တော့ ခိုင်းကောင်းအောင် နွားများကို စုတ်သပ်ပေးလိုက်တဲ့ သဘောမျိုးပဲ။


တိုက်အုပ်အနေတော့ သူ့တပည့်တွေ၊ တကာတွေဆီက အကြံယူဖို့စဉ်းစားရတယ်ဆိုပေတဲ့လည်း စိတ်ထဲကတော့ သိပ်ဖြောင့်လှတာမဟုတ်ဘူး။ ဘုန်းကြီးပြန်ပွဲလုပ်တုန်းက၊ ဘုရားပွဲလုပ်တုန်းက၊ ချောင်းထိပ်က တံတားတိုင်လဲတုန်းက စတာတွေမှာလည်း သူ့တပည့်တွေ၊ တကာတွေရှိလို့ပဲ။ စိတ်မထင်လို့ သူ့တပည့်တွေ၊ တကာတွေက ကြိမ်းရင်လည်း သူက ခံရသေးတာကိုး။ ဘုန်းကြီးပြန်လုပ်တုန်းကဆို ကိုယ်တော်က ဘာမှမသိဘဲ ဘာလို့ တင်ပါ့လို့ ၀န်ခံခဲ့ရတာတုန်းရယ်လို့ သူ့လက်ငုတ်လက်ရင်းတပည့် သောင်းစိန် အကြိမ်းတောင် ခံလိုက်ရသေးတယ်။ တံတားတိုင် လဲတုန်းကများဆိုရင် ပင်ပန်းသမှ၊ ညနေမတိုင်ခင်ကပဲ တိုက်အုပ်ခမျာ အပူတွေဘာတွေပျံပြီး ယဲ့ယဲ့ကျန်တော့တာ။ အဲဒီတုန်းက အလုပ်ပြီးကြလို့ ကျောင်းအောက်ဘက်က သစ်ပင်ရိပ်မှာ ထိုင်နေကြတုန်း ကျောင်းပေါ်ဘက်ကနေ ဆရာတော်ကြီးက လှမ်းမေးသေးတယ်။ တိုက်အုပ်ကတော့ တံတားတိုင်ကို ဘယ်လိုလုပ် လဲကြတယ်။ ဘယ်သူက ဘာလုပ်တယ် စသည်ဖြင့် သူ့တပည့်တွေရဲ့ အားထုတ်မှုကို ဆရာတော်ကြီးသိအောင် အရှည်အကျယ် ပြန်လျှောက်တယ်။ ပြီးသွားတော့ ဆရာတော်ကြီးက ထပ်မေးပြန်တယ်။ မောင်ဉာဏ် မင်းကကော ဘာလုပ်သတုန်းတဲ့။ ဒီတော့ တိုက်အုပ်က တပည့်တော်ကတော့ဘုရား၊ ဒီအောက်နားဆီကပဲ ဒီကောင်တွေ အလုပ်ဖြစ်အောင်၊ လုပ်နိုင်ကိုင်နိုင်အောင် ဉာဏ်ကူရပါတယ်ဘုရားလို့ လျှောက်လိုက်တယ်။ ဒီတော့ ဆရာတော်ကြီးက သာသာပြုံးတယ်။ ပြီးတော့ အေးအေးသာဓုလို့ခေါ်ပြီး မင်း သိပ်လည်း အပင်ပန်းမခံနေနဲ့ဦး။ တို့ကျောင်းမှာ မင်းမရှိလို့ မဖြစ်ဘူး။ အေးအေးသာသာနေဦးလို့ မိန့်ပြီး ထွက်သွားတော့တယ်။ အဲဒီတုန်းကများဆို ဆရာတော်ကြီးမိန့်လို့သွားတာနဲ့ တိုက်အုပ်ရဲ့ တပည့်တွေ တကာတွေဆီက ခွိကနဲ အသံထွက်လာသေးတယ်။ မျက်နှာတွေက ပြုံးစေ့စေ့ လုပ်နေကြသေးတာ။ တိုက်အုပ်အဖို့တော့ လျစ်လျူရှုနိုင်ခြင်းဟာ ငြိမ်းချမ်းမှုတစ်မျိုးပဲ ဆိုတာကို လေ့ကျင့်ပျိုးထောင်ထားခဲ့တာ ကြာပြီပဲ။ ဘယ်မှာ တုန်လှုပ်ပါတော့မလဲ။ ဥပေက္ခာတရား များများထားနိုင်တာဟာ နိဗ္ဗာန်နဲ့နီးမယ်လို့ ဘယ်သူမှ အာမခံထားတာ မဟုတ်ပေတဲ့လည်း အလုပ်တော့ ဖြစ်တယ်လို့တော့ တိုက်အုပ်က သိပြီးသားပဲ။
ကျောင်းပေါ်ကဆင်းလာတာနဲ့ တိုက်အုပ်ဟာ ဆွမ်းစားဆောင်ဘက်ဆီကို ထွက်လာခဲ့တယ်။ ဆွမ်းစားဆောင်ဘက်ဆီ လျှောက်လာရင်း ခပ်လှမ်းလှမ်းက အရိပ်ထဲဆီမှာ ကျည်းသားရိုက်နေတဲ့ ကျောင်းသားကလေးတစ်သိုက်ကို တွေ့လိုက်ရတာနဲ့ တိုက်အုပ်က လက်လှမ်းပြလိုက်တယ်။ နှုတ်ကတော့ ဘာမျှ မပြောပေတဲ့ ကျောင်းသားလေးတွေက တိုက်အုပ်က သူတို့ကိုခေါ်တာပဲရယ်လို့ သိလိုက်တယ်။ ဘုန်းကြီးကတော့ ရပ်မစောင့်ဘူး။ ဆွမ်းစားဆောင်ဘက်သွားနေတဲ့ ခြေလှမ်းကို မပြင်ဘူး။ ဆွမ်းစားဆောင်ထဲ လှမ်းတက်လိုက်တော့ အတွင်းနားဆီမှာ အကြမ်းသောက်နေကြတဲ့ ကပ္ပိယကြီးဦးကြွိနဲ့ ကိုရင်ကြီးစံမောင်ကို တွေ့လိုက်ရတယ်။ ဦးကြွိကတော့ သူ့ထုံးစံအတိုင်း သမာဓိသတင်းစာကိုဖတ်နေရင်းက မော့ကြည့်ပြီး၊ ကိုယ်တော် ကြွ၊ အကြမ်းက ကျနေပြီ အတော်ပဲလို့ လှမ်းလျှောက်လိုက်တယ်။ ပြီးမှ ကိုရင်ကြီး ကြံသကာသွားချိုးချေ။ သေတ္တာအသစ်တစ်လုံး ရောက်နေတယ်လို့ ကိုရင်ကြီးစံမောင်ကို ညွှန်ကြားချက်ပေးလိုက်တယ်။ ကိုရင်ကြီးကတော့ တိုက်အုပ်ကို အသာလက်အုပ်ချီရင်း နောက်ဘက်ထဲ အသာထသွားတယ်။ ဦးကြွိက တိုက်အုပ်ကိုကျော်ပြီး နောက်နားဆီလှမ်းလိုက်တော့ ကျောင်းသားလေး သုံးလေးယောက် အပြင်နားဆီမှာ လက်ကလေးပိုက်ပြီးရပ်နေကြတာ တွေ့လိုက်ရတာမို့ ဘာကိစ္စရှိပြန်သတုန်းကိုယ်တော်လို့ လှမ်းမေးလိုက်ပြန်တယ်။ ဘုန်းကြီးလေးက ချက်ချင်းမဖြေသေးဘဲ ရေနွေးကြမ်း လင်ပန်းဆီမှာ ထိုင်ချလိုက်တယ်။ ဦးကြွိက အကြမ်းတစ်ခွက်ထည့်ပြီး ဘုန်းကြီးလေးကို ကပ်လိုက်ရင်း အဖြေစောင့်နေပုံရတယ်။ ဘုန်းကြီးလေးကတော့ ဦးကြွိဖတ်လက်စသတင်းစာ ထိပ်နားဆီကရက်စွဲကို လှမ်းကြည့်လိုက်ပြီး ရက်တွက်နေပုံရတယ်။ ပြီးမှ ခင်ဗျားသတင်းစာက နှစ်ဆယ့်တစ်ရက်လောက် ရှိတောင်နေပြီလို့ လှမ်းပြောလိုက်တော့ ဦးကြွိက ဘာမျှမပြောဘဲ ဘုန်းကြီးလေးမျက်နှာကို ကြည့်နေတယ်။ အကြည့်ကတော့ လာပြန်ပလားဒီအပြော ဆိုတဲ့ပုံပဲ။  တိုက်အုပ်ကတော့ ရက်စွဲအရသာ တွက်ပြောတာ။ အဖြေလိုချင်လို့တော့ မဟုတ်ဘူး။ အရင်ကတည်းက ဦးကြွိက ပြောထားဖူးတာကိုး။ ကျုပ်က သတင်းစာဖတ်တယ်ဆိုတာ သတင်းသိချင်လို့၊ ကမ္ဘာကြီးမှာ ဘာဖြစ်တယ်သိချင်လို့။ တစ်ပတ်နောက်ကျကျ တစ်လနောက်ကျကျ ကျုပ်အတွက် အရေးမကြီးဘူး။ ကျုပ်အတွက်က ဆီတော်၏ဆားတော်၏ သိရင်ပြီးတာပဲ။ သတင်းစာဖတ်ပြီးသိချင်တာက အပျင်းပြေအောင်လို့ပဲ။ ကိုယ်တော့်လို အာဂုံဆောင်ထားတာတွေ ပြန်ပြီးရွတ်ပြဖို့မဟုတ်ဘူးလို့ ကြေငြာချက်ထုတ်ထားတယ်။ ဒီကတည်းက တိုက်အုပ်လည်း စကားမရှည်ရဲတော့ဘူး။
အကြမ်းကို နည်းနည်းငုံပြီး ပါးစောင်းအသာကျင်းလိုက်တယ်။ ပြီးမှ ဆရာတော်ကြီးက ကျောင်းမှာ ကိစ္စတွေပါးနေတုန်း ရေနံလေးဘာလေးသုတ်၊ ကုဋီအသစ်၊ အိမ်သာအသစ်တွေဆောက်ထားရင် ကောင်းမယ်ပြောလို့ဗျာ။ ကျုပ် ဟိုကောင်တွေ အခေါ်ခိုင်းလိုက်ဦးမယ်လို့ အပြင်ဘက်ကို ကြည့်နေရင်း ဦးကြွိကို ဦးတည်ပြောလိုက်တယ်။ ပြောရင်း ကောင်လေးတွေ လာစမ်းလို့ ကျောင်းသားလေးတွေကို လှမ်းခေါ်လိုက်တယ်။ ဦးကြွိကတော့ ဘာမှပြန်မပြောတော့ဘဲ ဦးစံသိန်းရဲ့ ကုန်ဈေးနှုန်းသတင်း ဖတ်နေတယ်။ ကိုရင်ကြီးစံမောင်က ကြံသကာထည့်ထားတဲ့ ကြွေရည်သုတ်ပန်းကန်ကို ဘုန်းကြီးလေးကို ကပ်လိုက်တယ်။

Third Heaven: ဘဝတဏှာ

Third Heaven: ဘဝတဏှာ: ပုံရိပ်တွေပါပဲ... ခင်ဗျားလဲ တကယ်မရှိနိုင်ပါဘူး။ အာရုံငါးပါးကို သတိထားမိတယ် ချစ်ခြင်း၊ မုန်းခြင်း၊ ခံစားချက်တွေလဲပါတယ် ဒီအိပ်မက်က တစ်ဘဝစ...

လူဗိုလ်ဟူသည် ...: “ဘက်မလိုက်ခြင်း” ၊“အဓိပ္ပာယ် ဖွင့်ခြင်း” ၊အကန့်အကန်...

လူဗိုလ်ဟူသည် ...: “ဘက်မလိုက်ခြင်း” ၊“အဓိပ္ပာယ် ဖွင့်ခြင်း” ၊အကန့်အကန်...: by   အား မာန်   on Friday, April 13, 2012 at 5:32pm   “ဘက်မလိုက်ခြင်း” မည်သည့် တိုင်းပြည်၌ဖြစ်စေ ပါတီတစ်ခု၊ သို့မဟုတ် အဖွဲ့အစည်...

ကိုဇော်

ရွာပြင်မှ နရီကျသော စည်းနဲ့ဝါး

ဟိုးက . . .
ရွာအပြင်မှာ ငါ နေဖို့ . . .
ခပ်ယိုင်ယိုင် တဲတစ်လုံးထိုးထားတယ်။
ကိစ္စ မရှိပါဘူး . . .
ညနေညခင်း ကြယ်စင်တွေ အလင်းမှာ
မြက်သင်ဖြူးကို ကျောခင်းပြီး
ငါ မော့ကြည့်နေမယ်။
အဲဒီ့အချိန်မှာ . . .
ညလေသင်းသင်းက ငါ့ကို ပွေ့ဖက်နမ်းနေမယ်။
တစ်ယောက်တည်းပေမဲ့ ကောင်းကင်က မိုးထားပြီး
မြေပြင်က ငါ့ကို ရွက်ထားလိမ့်မယ်။
ဟိုးအဝေးက ပုရစ်အော်သံ သဲ့သဲ့ကိုလည်း ကြားရနိုင်လိမ့်မယ်။
ဒါဆိုရင် . . .
ငါ့ရဲ့ ရင်ထဲက
အလွမ်းတွေ တဟုန်ထိုး မြုံနေလိမ့်ဦးမယ်။
တိတ်တိတ်ဆိတ်ဆိတ် လွမ်းရတာကို
တစ်ခါတလေ ပိုခုံမင်တယ်။
ရှု့မြင်လိုက်ရတဲ့ ကောင်းကင် တခွင်လုံးကလည်း
ဖျောက်ဆိတ်တွေနဲ့ အပြည့်. . .
တစ်ယောက်ဆိုတိုင်း အထီးကျန်တာ မဟုတ်ဘူး။
အတွေးများနဲ့ ရှင်သန်နေနိုင်သမျှ
ငါ့မှာ နေ့ရက်တွေ ရှိသေးတယ်။
တိုက်ခန်းတွင်းက အဲယားကွန်းလေငွေ့ အေးအေးစက်စက်ကြားမှာ
ငြီးစီစီ ဖြစ်လာတဲ့ တစ်နေ့ . . . 
မင်းလည်း . . .
ငါ့ရဲ့ ရွာပြင်က ဇရပ်လေးကို
တမ်း . . တ . . . လာ . . . မိနေလိမ့်မယ်။

ကိုဇော် - ( 3-Apr-2012 )

Tuesday, April 10, 2012

သျှမ်းနီလူငယ်: သျှမ်းလူမျိုးအကြောင်း တစေ့တစောင်း

သျှမ်းနီလူငယ်: သျှမ်းလူမျိုးအကြောင်း တစေ့တစောင်း: * တချိန်က ဆယ်လန့်မြို့တော်ဟောင်းနေရာ သျှမ်းလူမျိုးတို့မှာ နန်ကျောက်၊ နန်ချောင်၊ (နန်ကျောင်းဟုလည်း အရေးအသားရှိသည်) မွန်ဂိုရိုက် အနွယ...

သျှမ်းနီလူငယ်: သျှမ်းလူမျိုးအကြောင်း တစေ့တစောင်း

သျှမ်းနီလူငယ်: သျှမ်းလူမျိုးအကြောင်း တစေ့တစောင်း

သျှမ်းနီလူငယ်

သျှမ်းနီလူငယ်

စောဌေးမောင်နဲ့ ဒေါ်အောင်ဆန်းစုကြည်

စစ်မှန်သော ဖရယ်ဒရယ် ဆီသို့.flv

Monday, April 9, 2012

ကုလားအုပ်နှင့် ၀ံပုလွေ နိုင်းနိုင်း(စနေ)။


အပြောကျယ်တဲ့ သဲကန္တာရလွင်ပြင်မှာ ကုလားအုတ်ရဲ့အကြီးမားဆုံးရန်သူဆိုလို့ ဝံပုလွေပဲရှိတယ်။

ကုလားအုတ်က ဝံပုလွေရဲ့ ပြိုင်ဖက်မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ကုလားအုတ်မှာ ပရိယာယ်တစ်မျိုးရှိတယ်။ ကုလားအုတ်ရဲ့ ပရိယာယ်က ရင်ဆိုင်တိုက်ခိုက်တာမဟုတ်ဘဲ ထွက်ပြေးတာဖြစ်တယ်။

ကုလားအုတ်နဲ့ ဝံပုလွေရင်ဆိုင်တိုးတဲ့အခါ ဝံပုလွေက တိုက်ခိုက်ဖို့ပဲအလျင်လိုတယ်။ ကုလားအုတ်ကို ချက်ချင်းတိုက်ခိုက် အပိုင်စားဖို့ ကြိုးစားတယ်။ ကုလားအုတ်က ဝံပုလွေကိုတွေ့တာနဲ့ နှစ်ချက်သုံးချက်လောက် အော်ပြီး သုတ်ခြေတင်ပြေးတော့တယ်။ ပါးစပ်နားရောက်ခါနီးတဲ့ အစာကို ဝံပုလွေက ဘယ်လက်လွတ်ခံမလဲ! ကုလားအုတ်ကပြေးရင် သူနောက်က လိုက်တယ်။ ဒီလို နောက်က အပြေးလိုက်တာဟာ ကုလားအုတ်ရဲ့ပရိယာယ်ကွက်ထဲ ရောက်သွားပြီဆိုတာကို ဝံပုလွေ မသိခဲ့ရှာဘူး။

ပြေးစမှာ ကုလားအုတ်က ဝံပုလွေလောက် အပြေးမသန်ဘူး။ ပြေးရင်းရှောင်ရင်း ဝံပုလွေရဲ့အပြေး တဖြေးဖြေးနှေးလာတယ်။ ဝံပုလွေနှေးရင် ကုလားအုတ်လည်း လိုက်နှေးတယ်။ ဒါဟာ ဝံပုလွေကို မျှော်လင့်ချက်လေးပေးတာဖြစ်တယ်။ ကုလားအုတ်နှေးတာကိုတွေ့တော့ ဝံပုလွေက ဆက်လိုက်တယ်။ ကုလားအုတ် ဆက်ပြေးတယ်။ အားကုန်လုဟန်ဆောင်ပြီး ပြေးတယ်။ တကယ့် အားကုန်နေတာက ဝံပုလွေပါ။ သဲကန္တာရမှာကျင်လည်တဲ့ ကုလားအုတ်က လွယ်လွယ်နဲ့ ဘယ်အားကုန်ခမ်းနိုင်မလဲ!

ဒါဟာ ကုလားအုတ်က ဝံပုလွေကို သဲကန္တာရနက်နက်ထဲရောက်အောင် မျှားခေါ်သွားတာဖြစ်တယ်။ နောက်ဆုံးမှာ ဝံပုလွေခမျာ ခြေကုန်လက်ပန်းကျပြီး ပါးစပ်အမြုပ်ဖြူထလို့ ကန္တာရလွင်တီးခေါင်ခေါင်မှာ အားပြတ်လဲကျရတယ်။ ဒါဟာ ရန်သူကိုအလဲဖြိုတဲ့ ကုလားအုတ်ရဲ့ ပရိယာယ်ဖြစ်တယ်။

တကယ်တော့ ကုလားအုတ်က ရန်သူကိုလက်ရုံးအားနဲ့ တိုက်ခိုက်အနိုင်ယူလိုက်တာ မဟုတ်ဘူး။ ဉာဏ်အား၊ သည်းခံနိုင်အားနဲ့ အလဲဖြိုအနိုင်ယူလိုက်တာဖြစ်တယ်။

မူရင်း--- http://www.gushi365.com/info/6459.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။