Tuesday, April 23, 2013

Proportional Representation – အချိုးကျ ဗဟုကိုယ်စားလှယ် ရွေးကောက်သောစနစ် by U U Mhaw Sayar (Notes) on Tuesday, April 23, 2013 at 10:54am


PR စနစ်လို့ အတိုကောက်ပြောဆိုနေတဲ့ ရွေးကောက်ပွဲစနစ်ကို မြန်မာလိုတော့ အမျိုးမျိုးပြန်ဆိုရေးသားကြပါတယ်။
"အချိုးကျ ဗဟုကိုယ်စားလှယ် ရွေးကောက်တင်မြှောက်သောစနစ်" လို့ မြန်မာမှုပြုထားတာကိုတော့ ကျနော်သဘော
ကျလို့  ဒီဆောင်းပါးမှာ ယူသုံးလိုက်ပါတယ်။


"အချိုးကျ ဗဟုကိုယ်စားလှယ် ရွေးကောက်တင်မြှောက်သောစနစ်"မှာ အဓိကအားဖြင့် လက္ခဏာနှစ်ရပ်ရှိတယ်။ ပထမ
အချက်က ပြီးခဲ့တဲ့ မြန်မာပြည်ရွေးကောက်ပွဲတွေလို တစ်ဒေသ-တစ်ကိုယ်စားလှယ်စနစ်နဲ့ လုံးဝမတူဘဲ၊ မဲဆန္ဒနယ်ကြီး တခုစီကနေ လွှတ်တော်ကိုယ်စားလှယ်တွေကို တဦးထက်ပို၍ရွေးကောက်စေကာ ပါတီတွေကလည်း အဲဒီဒေသကို
ကိုယ်စားပြုမဲ့ ကိုယ်စားလှယ်များစာရင်းအသီးသီးကို ပြည်သူထံတင်ပြပြီး လူထုက ရွေးကောက်ပွဲမှာ မိမိတို့ဆန္ဒရှိတဲ့
ပါတီရဲ့ ကိုယ်စားလှယ်ကို မဲပေးရွေးချယ်တဲ့ စနစ်ပဲဖြစ်ပါတယ်။ ဒုတိယလက္ခဏာရပ်ကတော့ ရွေးကောက်ပွဲမှာ
ပါဝင်ယှဉ်ပြိုင်တဲ့ပါတီတိုင်း လူထုကို အချိုးကျကိုယ်စားပြုနိုင်မဲ့ အခွင့်အရေး ရှိနေတာပါ။ ရှင်းအောင် ဥပမာပေးရရင်တော့
မဲဆန္ဒနယ်တခုတွင် အမတ်ဆယ်ယောက် ရွေးမယ်လို့ သတ်မှတ်ထားတယ်ဆိုပါစို့။ အဲဒီဒေသမှာ ၀င်ပြိုင်မဲ့ပါတီများက
ကိုယ့်ပါတီရဲ့ ကိုယ်စားလှယ်ဆယ်ဦးစီပါတဲ့  စာရင်းတင်ပြီး ထိုဒေသမှာ ရွေးကောက်ပွဲဝင်တဲ့အခါ ၄၀% ထောက်ခံမဲ
ရရှိပါက ၄၀% ရဲ့အချိုးကျအဖြစ် အမတ်ဆယ်နေရာတွင် အဆိုပါ ပါတီက လေးနေရာ လွှတ်တော်မှာ ပါဝင်ခွင့်ရမှာ
ဖြစ်ပါတယ်။ ထောက်ခံမဲ ၂၀% ရတဲ့ပါတီဆိုရင်လည်း လွှတ်တော်မှာ ကိုယ်စားလှယ်နှစ်ဦး ပါဝင်ခွင့်ရမှာပေါ့။ တချို့
နယ်မြေသိပ်မကျယ်ဝန်းတဲ့ နိုင်ငံများမှာတော့ တနိုင်ငံလုံးကို မဲဆန္ဒနယ်ကြီးတခုအဖြစ် သတ်မှတ်ပြီး အဲဒီလိုမျိုး
ရွေးကောက်တင်မြှောက်လေ့ရှိတယ်။ (ဥပမာ- နယ်သာလန်၊ အစ္စရေး)




ရွေးကောက်ပုံကတော့ အကြမ်းဖျင်းကြည့်ရင် ရှင်းလင်းနေပေမဲ့လည်း လက်တွေ့မှာ ကိုယ်စားလှယ် ၁၁ ယောက်ရွေးတဲ့
မဲဆန္ဒနယ်က ပါတီတခုက ၄၂ရာခိုင်နှုန်း ထောက်ခံမဲ ရရှိခဲ့မယ်ဆိုရင် အချိုးကျပြန်တွက်တဲ့အခါ ကိုယ်စားလှယ် (၄.၆၂) ဦး ကိုယ်စားပြုခွင့်ရတယ်လို့ အဖြေထွက်နေပြီး အခက်တွေ့ရနိုင်ပါတယ်။ အဲဒီလို အခြေအနေများကို ဖြေရှင်းပုံမှာ ဒေသ
အသီးသီးမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားတဲ့ လွှတ်တော်ရဲ့ အမတ်အရေအတွက်အပြင် အစွန်းထွက်လာမဲ့ ကိန်းပြည့် မဟုတ်တဲ့ အမတ်အရေအတွက်များကိုပါ ကာမိစေရန် နှင့် ပါတီများအသီးသီးအတွက် အစွန်းထွက် မဲများကို ထပ်မံခွဲဝေရန်
အတွက် အမတ်နေရာအချို့ကို သီးသန့်ချန်ထားခြင်းပဲဖြစ်ပါတယ်။ ဥပမာအားဖြင့် ဆွီဒင်နိုင်ငံတွင် မဲဆန္ဒနယ် ၂၈ နယ်
ရှိရာ တနယ်စီတွင်ရွေးချယ်သော လွှတ်တော်အမတ်များ၏ စုစုပေါင်း အရေအတွက် မှာ ၃၁၀ ဖြစ်ပေမဲ့ တကယ်တမ်း
လွှတ်တော်တွင်းမှာတော့ အမတ်နေရာစုစုပေါင်းကို ၃၄၉ နေရာအဖြစ် သတ်မှတ်ထားပြီး ၃၉ နေရာကို အစွန်းထွက်ဖြစ်လာမဲ့
ရာနှုန်းများကို ပြန်ညှိရန် သီးသန့်သတ်မှတ်ပေးထားတယ်။ အစွန်းထွက်ရာနှုန်းများ ရှုတ်ထွေးမှု အလွန်အကျွံ မဖြစ်စေဖို့
အတွက် ဂျာမဏီ နှင့် ပိုလန် လိုမျိုးနိုင်ငံတွေမှာတော့ အမတ်နေရာရရေးအတွက် မဲအရေအတွက် စုစုပေါင်းရဲ့ အနည်းဆုံး
ငါးရာခိုင်နှုန်း ရ ရမည်လို့ သတ်မှတ်ထားကြပြီး၊ ဆွီဒင် နှင့် အီတလီနိုင်ငံ တို့မှာလည်း အနည်းဆုံး မဲလေးရာခိုင်နှုန်း
ရရမယ်လို့ အသီးသီး သတ်မှတ်ထားကြတယ်။



အချိုးကျ ဗဟုကိုယ်စားလှယ်ရွေးကောက်ခြင်း၏ အကျိုးကျေးဇူးများ

ဒီစနစ်ကြောင့် ရွေးကောက်ခံဥပဒေပြုအမတ်တွေဟာ လူထုရဲ့ ရွေးချယ်မှုရာနှုန်း နှင့် ပါတီအပေါ် လူထုထောက်ခံမှု အတိုင်းအတာကို တိတိကျကျကိုယ်စားပြုနေတယ်လို့ ဆိုနိုင်ပြီး ဒါဟာ ဒီမိုကရေစီရဲ့ အနှစ်သာရကို တိုက်ရိုက်ထင်ဟပ် နိုင်တယ်လို့ယူဆနိုင်ပါတယ်။ အင်အားကြီးတဲ့ ပါတီကြီးတစ်ခုထဲက လက်ဝါးကြီးအုပ်ထားပြီး နိုင်ငံရေးအပေါ် ချယ်လှယ်
တာမျိုး လျော့နည်းနိုင်ချေရှိပါတယ်။ ပါတီငယ်တွေကလည်း မိမိတို့ယုံကြည်တဲ့ မူဝါဒများအသီးသီးကို လွတ်လွတ်
လပ်လပ် ကျင့်သုံးတဲ့အပြင် မိမိတို့ရဲ့မူဝါဒကို ထောက်ခံမှုရှိလျှင်ရှိသလောက် လွှတ်တော်တွင်း အမတ်နေရာရနိုင်ပြီး
တစ်ဒေသ-တစ်ကိုယ်စားလှယ်စနစ်မှာလိုမျိုး အမတ်နေရာရရှိရေး သေချာစေရန်အတွက် အဓိကပါတီကြီးတခုခုနှင့်
ပေါင်းစည်းကာ မိမိတို့ယုံကြည်ရာဝါဒကို ဈေးလျှော့ပေးရန် မလိုတော့ပေ။ ဥပမာပြရရင် အစ္စရေးနိုင်ငံမှာ အချို့ပါတီငယ်
များက အစ္စရေးလူဦးရေရဲ့ နှစ်ရာခိုင်နှုန်းမျှသာ ထောက်ခံမှုရရှိပေမဲ့ ပါလီမန်ထဲမှာ အမတ်နေရာရရှိကာ မိမိတို့ကိုထောက်ခံ
တဲ့ နှစ်ရာခိုင်နှုန်းမျှသော လူဦးရေရဲ့ဆန္ဒကို တတ်စွမ်းသမျှ ဖြည့်ဆည်းခွင့်ရကြတာပါ။


အချိုးကျ ဗဟုကိုယ်စားလှယ်ရွေးကောက်ခြင်းရဲ့ ဆိုးကျိုးများ

ဒီစနစ်မှာ တိုင်းပြည်ရဲ့ ကွဲပြားများပြားလှတဲ့ အမြင်အမျိုးမျိုးများကြောင့် ပါတီငယ်များ အဆမတန် ကွဲပြားမှုတွေ
ဖြစ်လာနိုင်ပြီး နိုင်ငံတနိုင်ရဲ့ နိုင်ငံရေးတည်ငြိမ်မှုကို ထိခိုက်လာစေနိုင်ပါတယ်။ (ဥပမာ – အစ္စရေး) ဆန့်ကျင်ဘက်
အနေနဲ့ တခါတရံမှာတော့ ဒီစနစ်အသုံးပြုတဲ့ နိုင်ငံများအတွင်းမှာပဲ အဓိက နှစ်ပါတီသာကြီးစိုးပြီး ကျန်ပါတီငယ်လေး
များက ဆက်လက်ရုန်းကန်နေရတဲ့ အနေအထားရောက်သွားတဲ့ နိုင်ငံတွေလည်းရှိတယ်။ (ဥပမာ – ဆွီဒင်၊ စပိန်)။
နောက်ပြီး ပါတီထောင်တာတွေ ပေါများသွားနိုင်ပြီး ပါတီငယ်တွေ မှိုလိုပေါက်လာနိုင်ပါတယ်။ ဒီလို အချိုးကျ ဗဟုကိုယ်စားလှယ်ရွေးမှုစနစ်တွင် အင်အားအကြီးဆုံးပါတီတခုဟာ ယေဘုယျအားဖြင့် ထောက်ခံမှု ၅၀%
ပတ်ဝန်းကျင်အထိ ရရှိရန်မစွမ်းဆောင်နိုင်တဲ့အခါမျိုးတွင် အဲဒီပါတီက ပါတီငယ် သေးသေးမွှားမွှားလေးတွေနဲ့
ပေါင်းပြီး ညွန့်ပေါင်းအစိုးရဖွဲ့ရေးကို စည်းရုံးရတဲ့အတွက် အစိုးရအဖြစ်တက်လာသည့်အခါတွင် ညွန့်ပေါင်းအစိုးရ
ဖြစ်နေတာကြောင့် မူဝါဒရေးရာ ဆုံးဖြတ်ချက်များကို ပြတ်ပြတ်သားသားမချနိုင်ပဲ နိုင်ငံရေးဖြစ်စဉ် နှောင့်နှေးမှုများနှင့်
နိုင်ငံရေး မတည်ငြိမ်မှုများကို ကြုံတွေ့လာရနိုင်ပါတယ်။


ဒါကတော့ PR လို့ခေါ်တဲ့ ရွေးကောက်ပုံစနစ်ကို အကြမ်းဖျင်း ဖေါ်ပြခဲ့တာပါ။ အထူးသဖြင့် ကျနော့်မိတ်ဆွေကြီး
ကိုမျိုးမြင့် ဖတ်ချင်တယ်ဆိုလို့ ရေးလိုက်တာပါ။ PR စနစ်မှာ ပုံစံအမျိုးမျိုး ရှိပါသေးတယ်။ လောလောဆယ် အချိန်
မပေးနိုင်သေးလို့ အကုန်းလုံး မရေးနိုင်သေးပါ။ ဒါတွေကို စိတ်ဝင်စားတယ်ဆိုရင် အင်တာနက် ပေါ်မှာလည်း
ရှာဖတ်နိုင်ပါတယ်။


 ဦးဦး မှော်ဆရာ
(၂၄- ၄- ၂၀၁၃)

No comments:

Post a Comment

mr.kyaingtun@gmail.com