Sunday, May 5, 2013

“လူထုအားကို အများကြီးလိုသည်” by Soe Min (Notes) on Monday, April 29, 2013 at 10:26am


          ရုပ်သေးပွဲတွေမှာ တိုင်းတော်ပြည်တော် တည်ကြတဲ့အခါ ကမ္ဘာပျက် ကမ္ဘာတည်၊ဟိမ၀န္တာခန်းပြီးတာနဲ့ သပြေပန်းတွေထိုးထားတဲ့ ၀ါးကျည်တောက်ကလေးကို ဇာတ်စင်အလယ် လာထားလိုက်ရင်ပရိသတ်က သဘောပေါက်တယ်။ ဒါဆို နောက်တစ်ခန်းက ၀န်လေးပါးထွက်လာပြီး စကားပလ္လင်ခံ၊ ဘုရင်မင်းတရားကြီးနဲ့ ညီလာခံခေါ်ပြီး ဇာတ်ပန္နက်ရိုက်တော့မှာ။ တကယ့်လက်တွေ့ဘ၀မှာလည်း သိပ်တော့ မကွာပါဘူး။တိုင်းပြည်တစ်ခုတည်ချင် ဘယ်သူက အုပ်ချုပ်မှာတုန်း၊ ဘယ်ပုံစံနဲ့ အုပ်ချုပ်မှာတုန်း။ဝန်ကြီးတွေက ဘယ်သူပါသတုန်း။ ဘယ်သူက ဘယ်သူ့ကို ဘယ်လိုရွေးကောက်ခွင့်ရှိသတုန်း၊ စတာတွေအတွက်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ အစိုးရအဖွဲ့ ဖွဲ့စည်းရတယ်။ ဒါကြောင့်သူတို့လည်းလွှတ်တော်တွေ ညီလာခံတွေ အကြိမ်ကြိမ်ခေါ်ရတယ်။ ဒါပြီးရင်တော့ တိုင်းပြည်ဆိုတာ ရှင်ဘုရင်၊မူးမတ်၊ စစ်သူကြီးချည့်ပဲ ဇာတ်လမ်းဆင်ကပြီး တိုင်းသူပြည်သားကို ဖြတ်လျှောက်နောက်ထ ဝေလေလေလေးငါးယောက်လောက်နဲ့ ပြီးသွားလို့ မရဘူး။ တကယ့်အပြင်မှာ အဲသည်လူတွေက သန်းခြောက်ဆယ်တောင်ရှိတာ။ နည်းနည်းနောနော မှတ်လို့။ ဒါကြောင့်မို့လို့ သူတို့ပါးစပ်က တဖွဖွအော်နေကြတဲ့ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီး တည်ဆောက်ချင်တယ် ဆိုလို့ရှိရင် အဲသည်တိုင်းသူပြည်သားတွေရဲ့အင်အားအပေါ်မှာ အများကြီး အခြေခံပြီးမှ တည်ဆောက်ယူလို့ရမယ်။ ဒါကို သူတို့ဆီကအခေါ်အဝေါ်ကCapacity Building တဲ့။ တိုက်ရိုက် ဘာသာပြန်ရင် ဗူးလုံးနားမထွင်းနဲ့မို့ ဥပမာလေးနဲ့ရှင်းပြပါ့မယ်။

          မိုးရွာလို့ ရေခံကြတဲ့အခါ စဥ့်အိုးရှိတဲ့သူက စဥ့်အိုးလောက်၊ ဖျဉ်းအိုးရှိတဲ့သူကဖျဉ်းအိုးလောက်၊ အုန်းမှုတ်ခွက်ပဲ ရှိတဲ့သူကတော့ အုန်းမှုတ်ခွက်လောက်ပဲ ရလိမ့်မယ် မဟုတ်လား။ အခွင့်အလမ်းဆိုတာကတော့
ကောင်းကင်ကရွာတဲ့မိုးများလို ဖြိုင်ဖြိုင်ရွာချင်ရွာမယ်။ ဖွဲဖွဲကျချင်ကျမယ်။ ကိုယ့်အတွက် ရေဘယ်လောက် ရလိုက်သလဲဆိုတာကတော့ ကိုယ့်ဆီမှာခံတဲ့ အိုးပေါ် မူတည်လိမ့်မယ်။Capacity ဆိုတာ အဲဒါကို ပြောတာ။ နိုင်ငံတစ်ခုကို တိုးတက်အောင် ကြိုးစားတဲ့နေရာမှာလည်းအဲသည်နိုင်ငံက ပြည်သူတွေရဲ့ ခံယူနိုင်စွမ်းအားကို အတတ်နိုင်ဆုံး မြှင့်ထားပေးမှ တိုင်းယက်တဲ့ပက္ကလာ မိုးရွာတော့အသင့်ဖြစ်လိမ့်မယ်။ အခုပြောတဲ့ခံယူနိုင်စွမ်းအားဆိုတာက ၁၅၀၀တန်ဖုန်းချပေးရင်ဘယ်လောက်များများတန်းစီပြီး ရအောင်ယူနိုင်သလဲဆိုတာမျိုးကို မဆိုလိုဘူး။ တိုင်းပြည်လူထုဆီမှာရှိတဲ့ ငွေအင်အား၊ လူအင်အား၊ ကာယစွမ်းအား၊ ဥာဏစွမ်းအားတွေကို ပြောတာ။ အဲဒါကြောင့် တို့နိုင်ငံထူထောင်ခါစကဗိုလ်ချုပ်အောင်ဆန်းပြောခဲ့ဖူးတယ်လေ။ “လူထုအားကို အများကြီး လိုသည်” တဲ့။

Wednesday, May 1, 2013