Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Saturday, December 15, 2012

သွေးအစက်စက်လမ်းအတိုင်း by Nay Zaw on Saturday, December 15, 2012 at 11:16am ·



မောင်သစ်ဝေ(မြင်းခြံ)

ပုဒ်မ ၁၈ ကို တော်လှန်သော ကိုအောင်မှိုင်းဆန်း၊ ကိုကျော်ကြီး၊ ကိုသန့်ဇင်၊ ကိုရဲရင့်ကျော်(မုံရွာ)၊ ကိုသန့်ဇင်၊ ကိုမိုးစက်၊ ကိုဇော်လင်းအောင်၊ ကိုဥာဏ်ကြီး စတဲ့ ဗကသ များသို့ ဂုဏ်ပြုချင်လို့ စာအုပ်ထွက်တဲ့အထိ မစောင့်နိုင်ပဲ တင်လိုက်ပါတယ်။

======================================
သွေးအစက်စက်လမ်းအတိုင်း
=================
“ မြင်းခွာတစ်ချက်ပေါက်ရင်
မီးဟုန်းဟုန်းတောက်စေရမည် ”
အဲဒီသွေး
ကျောင်းသားများရဲ့ရင်ဘတ်တွေမှာ
ကိုင်းကူးစိုက်ခဲ့ကြရဲ့။


ကျောင်းသားသမဂ္ဂ ဆိုတာ

သွေးနဲ့လုပ်ထားတဲ့ အက္ခရာ
အဲဒီအက္ခရာ
ကျောင်းသားများရဲ့ နှလုံးသားတွေမှာ
ရဲရဲရင့်ရင့်ထိုးခဲ့ကြရဲ့။
သူတို့ခြေထောက်တွေက
နောက်ဆုတ်ပြန်လှည့်ဖို့မဟုတ်ဘူး
သူတို့လက်တွေက
ဖြန့်ပြီးအသနားခံတောင်းယူဖို့မဟုတ်ဘူး
သူတို့အပေါ်
ဘယ်လိုအာဏာတွေနဲ့မှ ပိတ်ပင်တားဆီးလို့မရဘူး
သူတို့အပေါ်
ဘယ်လိုမတရားဥပဒေတွေနဲ့မှ ဟန့်တားလို့မရဘူး
သူတို့အပေါ်
ဘယ်လိုသေနတ်တွေနဲ့မှ ခြိမ်းခြောက်လို့မရဘူး
ကျောင်းသားဆိုတာ
တိုင်းပြည်ရဲ့တန်ဖိုးအနဂ္ဃသယံဇာတ
ကျောင်းသားဆိုတာ
ခေတ်တစ်ခေတ်ရဲ့ပင်မရေစီး
ကျောင်းသားဆိုတာ
အနာဂတ်များရဲ့အနာဂတ်
အဖိုးတန်ရတနာတွေကို
တန်ခိုးထန်အာဏာရူးတွေက
ဓား ဓားချင်း၊ လှံ လှံချင်း
ထိပ်တိုက်ရင်ဆိုင်မယ်ဆိုပြီး
ရက်စက်ယုတ်မာ သတ်ဖြတ်ခဲ့ကြ။
ကျောင်းသားတွေသွေးမြေကျခဲ့ကြ။
သူတို့မှာ
အညံ့ခံပြီး ထောက်ပြဖို့ဒူးတွေမပါဘူး
သူတို့မှာ
အောက်ကျနောက်ကျခံပြီးမြှောက်ဖို့လက်တွေမပါဘူး
သူတို့မှာ
သေးသိမ်စွာညွတ်ပြဖို့ ဦးခေါင်းတွေမပါဘူး
သူတို့ရဲ့ဂါရ၀တရားအတွက်
သူတို့မှာဦးခေါင်းတွေရှိတယ်
သူတို့ရဲ့နိဝါတတရားအတွက်
သူတို့မှာဒူးတွေပါတယ်
သူတို့သမိုင်းအတွက်
သူတို့မှာ လက်တွေပါတယ်
ဒါဟာ
ခွပ်ဒေါင်းများရဲ့သမိုင်း
ဒါဟာ
ခွပ်ဒေါင်းများရဲ့လမ်း
ထောင်သံတိုင်တွေကိုကိုက်ချီ
သူတို့ပျံသန်းခဲ့ကြပြီ။
သူတို့လှုပ်ရှားမှုတိုင်းဟာ
သူတို့ရဲ့ယုံကြည်ချက်ပဲ
သူတို့ရဲ့ယုံကြည်ချက်တိုင်းဟာ
သူတို့ရဲ့သစ္စာတရားပဲ
သူတို့ရဲ့သစ္စာတိုင်းဟာ
သူတို့ရဲ့သွေးစက်တွေပဲ
သူတို့ရဲ့သွေးစက်တိုင်းဟာ
ဗကသများရဲ့သမိုင်းပဲဖြစ်ရဲ့။
သမိုင်းထဲကသွေးစက်တွေက
လမ်းပြ
ခွပ်ဒေါင်းတွေဟာ
သွေးအိုင်ထဲက
ရုန်းထပျံတက်
အတောင်ပံရိုက်ခပ်သံဟာ
ကောင်းကင်ကြီးတောင်လွင့်သွားလောက်ပါရဲ့။
(၉၊ ၁၀၊ ၂၀၁၂)
မောင်သစ်ဝေ (မြင်းခြံ)

နေပြည်တော်ခေတ် ကာချင်းသစ် မောင်စွမ်းရည်၊ ဒီဇင်ဘာ ၁၅၊ ၂၀၁၂

Cho Tu Zal and 8 other people shared Zaw Win's photo.
နေပြည်တော်ခေတ် ကာချင်းသစ်

မောင်စွမ်းရည်၊ ဒီဇင်ဘာ ၁၅၊ ၂၀၁၂

တရုတ်လာသည် - ယိုင်ယိုင်လော - ယိုင်ယိုင် ယိုင်ယိုင်။

မြားမိုးရွာသည် - ဖြိုင်ဖြိုင်လော - ဖြိုင်ဖြိုင် ဖြိုင်ဖြိုင်။

ဟုတ်တည်း - သည်ရင်း၊ သည်ရင်း။

ဟုတ်တည်း - ရှင်ချင်း၊ ရှင်ချင်း။
(မြင်စိုင်းခေတ်၊ ကာချင်းမှ)

သီချင်းအစ ကာချင်းက
ကာချင်းအစ မြင်စိုင်းက
မြင်စိုင်းအစ တိုက်ပွဲက
ကျုးကျော်အစ တရုတ်က။

ပန်းချီအစ နံရံက
နံရံအစ ပုဂံက
ကျုးကျော်အစ မွန်ဂိုက
မွန်ဂိုစစ်သည် ကျုးကျော်ပြီ
ပုဂံပန်းချီ သက်သေတည်
နက်ဝါညိုနီ ဆေးပန်းချီ။

မွန်ဂိုလာသည့် တရုတ်ပြည်
ဒိသာပါမောက် ရောက်ဖူးသည်။

လေးမြား မြှောက်ချီ တပ်ကြီညီ
ကျုးကျော်လာသည် ဒို့မြန်ပြည်။

တရုတ်ပြေးမင်း ပုဂံမင်း
တရုတ်လိုက်လို့ ပြေးတဲ့မင်း
ပုဂံပျောက်ဆုံး ရှုံးတဲ့မင်း
မင်းသက်ဖြတ်တာ တရုတ်မင်း။

တရုတ်လာသည် - ယိုင်ယိုင်လော။

ဗမာပြေးသည် - ဝေေ၀းလော။

ရွှေကိုယူသည် - အပြိုင်အဆိုင်။

ငွေကို ယူသည် - အပိုင်အနိုင်။

စိန်ကိုယူသည် - "အကြိုင်" "အပိုင်"
ကျွန်းကို ယူသည် အခိုင်အမြိုင်။

လုံမကို ယူသည် အချိုင် အပြိုင်။

ဧရာမြစ်မင်း - ကွင်းလော့ ရှင်းလော့
လက်ပံတောင်းတောင် - ရှောင်လော့ ရှားလော့
'မောင်ပိုင်' စီးတာ - မစီးစေရ
'မယ်ပိုင်' လှီးတာ - မလှီးစေရ
လည်မျိုနင်းကာ - မနင်းစေရ
ဧရာမြစ်ရေ - မနောက်စေရ၊ ကာကွယ်ကြ။

သံလွင်မြစ်ရေ - မတန့်စေရ၊ ကာကွယ်ကြ။

ကျွန်းပျို ကျွန်းငုတ် မနှုတ်စေရ၊ ကာကွယ်ကြ။

တရုတ်ပြေးမင်း နှစ်မင်း မဖြစ်အောင်
နောင်လာ နောက်သား၊ ဗမာသားတွေ
"လား" နှင့် ပြေးခုန်၊ ဒဂုန်ကို ဆုတ်
ရေသမုဒ်မှာ -
တရုတ်ပြေးမင်း၊ နောက်တမင်း ဟု
ပြေးမင်းတမျိုး၊ မော်ကွန်းထိုးလို့
သောက်ကျိုး မနည်းကြစေသတည်း။

မောင်စွမ်းရည်၊ ၁၂၊ ၁၂၊ ၁၂၊ နယူးယောက်

Saturday, December 8, 2012

★အမျိုးသားအောင်ပွဲနေ့★

Ma Nandar shared ကမ္ဘာသစ် မြန်မာ Fan Page's photo.
★အမျိုးသားအောင်ပွဲနေ့★

ဘွေကောင်းကင်ယံ၊ နိတုံစံသို့၊ ဖန်ဝါရောင်ဝင်း၊ မိုက်မှောင်ခွင်းသည့်၊ နေမင်းတရထည်၊ ဆွေအကြည်လျှင်၊ ကျင့်ရည်ပြည့်စုံ၊ သွယ်သွယ်ဂုဏ်နှင့်၊ လောက
်လုံအ၀၊ မင်းသမ္မတ၏၊ ၀ံသနွယ်လာ၊ ဘိရာဇာမှ၊ ရေကာတွက်စီ၊ နှစ်ရာချီ၍၊ သုံးလီဒသ၊ မင်းသတ္တတို့၊ တည်စ ( တကောင်း )၊ မြန့်သောင်း ( ခေတ္တယံ )၊ မြို့ ( ပုဂံ ) တည့်၊ ဌာနံ ( မြင်စိုင်း )၊ ( စစ်ကိုင်း ) ( ပင်းယ )၊ ( အင်းဝ ) သာစည်၊ ( တောင်ငူ ) ( ပြည် ) နှင့်၊ ဇာနည်ဘုန်းတန်း၊ ( ကုန်းဘောင် ) နန်းကို၊ သိမ်းမြန်းဆက်ခံ၊ မတ်ပေါင်းရံလျက်၊ ကဒဏ်ရွှေချူ၊ ထီးပစ္စူဖြင့်၊ ရိပ်ဖြူဆောင်းကာ၊ စိုးအုပ်လာသည်။ မြန်မာတို့သွေး ထောက်ချင့်တွေး။
နေဒေါင်းတောင်ပံ၊ သကုဏံတည့်၊ ၀ဲပျံလူးခတ်၊ ၀ဠာရပ်မှ၊ နံဓာတ်ပျက်ကြွေ၊ ဂြိုဟ်ဆိုးမွှေလျက်၊ ရဝေဦးကင်၊ ကြငှန်းစဉ်နှင့်၊ ပလ္လင်တိမ်ပျောက်၊ ဗြိတန်အောက်သို့၊ ကံလျှောက်ကြမ္မာ၊ ကျခဲ့ရှာ၍၊ ကောဇာသက္ကရာဇ်၊ တွက်ဖွဲ့စစ်သော်၊ ထောင်နှစ်ရှစ်ဆယ်၊ နှစ်နှစ်ကယ်၌၊ ချိန်ဝယ်သရဒ၊ ဆောင်မုန်းလ၏၊ ပက္ခဆုတ်ကျော်၊ ဆယ်ရက်မော်တွင်၊ ကျောင်းတော်သိပ္ပံ၊ နေဗိမာန်မှ၊ နည်းစံထုံးတမ်း၊ ဥပဒေကြမ်းကို၊ နှစ်ဝမ်းမကြည်၊ နောင်အရှည်ဖို့၊ မျှော်ရည်စိတ်ထား၊ ကျောင်းတော်သားတို့၊ စိတ်အားမာန်တက်၊ ဖယ်ကြဉ်ထွက်ခဲ့၊ ဘ၀ဂ်အာကာ၊ သိမ့်သိမ့်ငြာသည်။ ၀ံသာဘို့ရေး ပျောက်လွင့်အေး။
ရွှေမောင်းရောင်လျှံ၊ ဓာတ်မွေဆံတို့၊ ပျော်စံဝပ်ကိန်း၊ မျက်စံလိန်းလျက်၊ တစ်သိန်းလောကဓာတ်၊ သုံးလူနတ်လျှင်၊ တွားညွတ်လက်စုံ၊ ရှိဦးလှုံရာ၊ တိဂုံယင်္ဂဏ၊ စေတီယ၌၊ မောရ၀ံသံ၊ ဇာတိမာန်နှင့်၊ ဟိတ်ခံတန်ခိုး၊ မနွမ်းညှိုးအောင်၊ ငြိမ်းထိုးသဖွယ်၊ နေရှင်နယ်ဟု၊ တိမ်ကွယ်မမေ့၊ ဤချိန်စေ့က၊ ဤနေ့မင်္ဂလာ၊ ဤအခါတွင်၊ ရွှင်သာနှစ်ထောင်း၊ ခြိမ့်ခြိမ့်ညောင်းလျက်၊ ပန်းပေါင်းအမွန်၊ အောင်တံခွန်နှင့်၊ ပန်တင်သီးသီး၊ သင်းချပ်တီးသို့၊ မြန့်ထီးတစ်ခွင်၊ လွတ်လပ်ယာဉ်၌၊ လျင်လျင်ဆောစွာ ဆောင်ပို့ရာသည်။ စံရာတို့ကျေး မြှောက်ပင့်ပေး။

ဇော်ဂျီ ( ၁၉၂၄ )

ကမ္ဘာသစ်
www.newworldnanda.ning.com

Thursday, April 19, 2012

ကိုဇော်

ရွာပြင်မှ နရီကျသော စည်းနဲ့ဝါး

ဟိုးက . . .
ရွာအပြင်မှာ ငါ နေဖို့ . . .
ခပ်ယိုင်ယိုင် တဲတစ်လုံးထိုးထားတယ်။
ကိစ္စ မရှိပါဘူး . . .
ညနေညခင်း ကြယ်စင်တွေ အလင်းမှာ
မြက်သင်ဖြူးကို ကျောခင်းပြီး
ငါ မော့ကြည့်နေမယ်။
အဲဒီ့အချိန်မှာ . . .
ညလေသင်းသင်းက ငါ့ကို ပွေ့ဖက်နမ်းနေမယ်။
တစ်ယောက်တည်းပေမဲ့ ကောင်းကင်က မိုးထားပြီး
မြေပြင်က ငါ့ကို ရွက်ထားလိမ့်မယ်။
ဟိုးအဝေးက ပုရစ်အော်သံ သဲ့သဲ့ကိုလည်း ကြားရနိုင်လိမ့်မယ်။
ဒါဆိုရင် . . .
ငါ့ရဲ့ ရင်ထဲက
အလွမ်းတွေ တဟုန်ထိုး မြုံနေလိမ့်ဦးမယ်။
တိတ်တိတ်ဆိတ်ဆိတ် လွမ်းရတာကို
တစ်ခါတလေ ပိုခုံမင်တယ်။
ရှု့မြင်လိုက်ရတဲ့ ကောင်းကင် တခွင်လုံးကလည်း
ဖျောက်ဆိတ်တွေနဲ့ အပြည့်. . .
တစ်ယောက်ဆိုတိုင်း အထီးကျန်တာ မဟုတ်ဘူး။
အတွေးများနဲ့ ရှင်သန်နေနိုင်သမျှ
ငါ့မှာ နေ့ရက်တွေ ရှိသေးတယ်။
တိုက်ခန်းတွင်းက အဲယားကွန်းလေငွေ့ အေးအေးစက်စက်ကြားမှာ
ငြီးစီစီ ဖြစ်လာတဲ့ တစ်နေ့ . . . 
မင်းလည်း . . .
ငါ့ရဲ့ ရွာပြင်က ဇရပ်လေးကို
တမ်း . . တ . . . လာ . . . မိနေလိမ့်မယ်။

ကိုဇော် - ( 3-Apr-2012 )